အင်းတော်တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဖေဖော်ဝါရီ ၃ – ၂၀၂၅
SS (VOM)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ အင်းတော်မြို့ရှိ နစကတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း နှစ်ခုကို KIA ပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက KIA တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ခေတ္တခဏ ရပ်နားသွားပြီးနောက် အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ တကျော့ပြန် ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
“နစက က ဂျပန်လိုဏ်ဂူကုန်းမှာ ခံစစ်အခိုင်အမာ ပြင်ထားပြီး ခုခံနေတာ။ KIA ဘက်ကလည်း ထိုးစစ်ဆင်နေတော့ တိုက်ပွဲက တပတ်လောက်ရှိပြီ၊ မရပ်မနားဖြစ်နေတာ။ လက်ရှိမှာ ပူးပေါင်းတပ်က အင်းတော်မြို့ပေါ်ရပ်ကွက်တွေကို ထိန်းချုပ်ထားတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ စခန်းနှစ်ခုဟာ တောင်ကြောတခုတည်းပေါ်မှာ တည်ရှိနေပြီး နစကတပ်က လက်နက်ကြီးတွေနဲ့ အခိုင်အမာ တပ်စွဲထားတာကြောင့် KIA တပ်တွေ ထိုးဖောက် တိုက်ခိုက်နိုင်ဖို့ ခက်ခဲနေခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။
“နစကဘက်က မြေပြင်ကလည်း ခုခံနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း မရပ်မနားကို ရှိနေတာ။ KIA ဘက်ကတော့ လောလောဆယ် ဂျပန်လိုဏ်ဂူကုန်းရဲ့ အရှေ့ဘက်က ကာကင်းစခန်းငယ်တချို့ကို သိမ်းထားနိုင်ပြီလို့ သိရတယ်။ ဂျပန်လိုဏ်ဂူကုန်းရဲ့ အခြေနားမှာ နှစ်ထပ်ကုန်းတို့၊ မြို့ဦးစေတီတို့၊ နောက် ကုန်းအခြေနားမှာရှိတဲ့ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းတို့၊ အဲဒီ ကင်းစခန်းလေးတွေရှိတယ်။ လောလောဆယ် အဲဒီစခန်းတွေကိုတော့ သိမ်းထားနိုင်ပြီလို့ သိရတယ်။ အဓိကဖြစ်တဲ့ ဂျပန်လှိုဏ်ဂူကုန်းကို ရဖို့ကတော့ ကြာဦးမယ်ထင်တယ်” လို့ သူက ပြောပါတယ်။
ဂျပန်လိုဏ်ဂူကုန်းဟာ အင်းတော်မြို့ရဲ့ အရှေ့ဘက်မှာ မြို့နဲ့ တဆက်တည်းရှိပြီး အရှေ့အနောက် သွယ်တန်းနေတဲ့ တောင်ကုန်းတခုဖြစ်ကာ အင်းတော်မြို့အရှေ့ဘက်ရှိ ကသာနဲ့ မြောက်ဘက်ရှိ မော်လူးမြို့တို့ကို သွားရောက်နိုင်တဲ့ ရွှေဘို – မြစ်ကြီးနားလမ်းမကြီးကို ထိန်းချုပ်ထားတဲ့ ဗျူဟာမြောက်ကုန်းတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်တိုက်ပွဲကာလ ငါးလကျော်အတွင်း KIA ပူးပေါင်းတပ်တွေက အဲဒီမြို့ကို အကြိမ်ကြိမ် ထိုးစစ်ဆင်လျက်ရှိတာမှာ အခုထိုးစစ်ဟာ လေးကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လကတည်းက စစ်ဘေးရှောင်နေရတာဖြစ်ပြီး တိုက်ပွဲကာလ ကြာမြင့်လာချိန်မှာတော့ နေထိုင်စားသောက်ရေးအတွက် အခက်အခဲများစွာကို ရင်ဆိုင်လာရတယ်လို့ သိရပါတယ်။
“အခုက ငါးလကျော်လာပြီလေ စစ်ရှောင်နေရတာ။ စစချင်းတုန်းကတော့ မသိသာပေမယ့် အချိန်ကြာလာတာနဲ့အမျှ နေထိုင်၊ စားသောက်ရေး အခက်အခဲတွေ အများကြီး ဖြစ်လာတယ်။ ရှောင်နေရတဲ့ရွာတွေမှာ ခိုကပ်စားနေရတာ ကြာလာတော့ သူတို့လည်း မကျွေးနိုင်ကြတော့ဘူးလေ။ ထမင်းလျှော့စားနေရာကနေ ဆန်ပြုတ် ပြုတ်သောက်ရတဲ့ဘဝ ရောက်လာပြီ။ ကူညီနိုင်ရင်တော့ ဆန်လေး ထောက်ပံ့ပေးကြဖို့ အလှူခံချင်ပါတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်တွေဟာ အင်းတော်အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ နားနောင်၊ ကျော်ရွာ၊ နားသဲ၊ နဘား၊ နန့်ကင် စတဲ့ ရွာပေါင်း ၂၀ ကျော်ဝန်းကျင်အပြင် မော်တိတ်ဒေသ အောင်းကုန်း၊ နန့်သာ၊ အင်ပင် စတဲ့ ကျေးရွာတွေဘက်ကိုပါ တိမ်းရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်လူဦးရေ သောင်းဂဏန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကိုင်းအတွင်းက တခြားသော မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတာမှာ အိန္ဒိယ – မြန်မာနယ်စပ်အနီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အလားတူ ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ကျေးရွာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ရာနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာလည်း စစ်ရေးတင်းမာမှုတွေရှိနေပြီး ဇန်နဝါရီလ ၃၁ ရက်က လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာမှာ ကိုးယောက်သေဆုံးကာ အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW