၁၄ နှစ်သမီး နှင့် ပဋာစာရီ

 

 

 

ဆူးငှက်

 

ကျွန်တော့် နှင့် ကျွန်တော့်အထက်က အစ်မဖြစ်သူ မခင်ဝင်း က အသက် ၉ နှစ်ကွာသည်။ သူက ငယ်ငယ်လေး ကတည်းက အက ဝါသနာပါသည်။ ထို့ကြောင့် အမေနှင့်အဖေက သူ့ကို အမေ့ဆီဖောက်သည် ဆရာမကြီး ဒေါ်သြဘာသောင်း က တဆင့် နန်းရှေ့ပန်တျာကျောင်းသို့ အပ်နှံလိုက်သည်။ ကျွန်တော့်အစ်မက ပန်တျာကျောင်း စတက်ကတည်းက ထူးချွန်ကျောင်းသူ ဖြစ်လို့ ဒေါ်သြဘာသောင်း၏ တပည့်ချစ် တစ်ဦး ဖြစ်ခဲ့၏။ သင်တန်းထဲက တပည့်တွေကြားမှာ ခင်ဝင်း မှ ခင်ဝင်းဖြစ်နေသည်။ ဧည့်သည်လာတိုင်း သူ့တပည့်မကို ထုတ်ကြွားရတာ အမော။ ထိုအကြောင်းကိုလည်း ဆရာမကြီး လူထုဒေါ်အမာက ၁၉၇၃ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “အငြိမ့်” ပထမတွဲက အက မင်းသမီး သြဘာသောင်း ဟူသော အခန်းတွင် ဤသို့ရေးသားခဲ့သည်။

 

 

“ သူ့နောက်ဆုံးတပည့်တယောက်ဖြစ်တဲ့ မခင်ဝင်းကို သူချစ်လိုက် တာလဲမပြောနဲ့တော့၊ ပညာအနေနဲ့ တော်တော်ကို စိတ်တိုင်းကျ တဲ့အထဲကတယောက်ပဲ။ ဒါကြောင့်သူက သူ့ရှိသမျှ သူတတ်သမျှ ကို အိတ်သွန်ဖာမှောက် ပေးခဲ့ချင်တယ်။ ဆယ့်လေးငါးနှစ်အရွယ် ခင်ဝင်းကို ကလေးအရွယ် မတက်စေချင်ဘူး။ သူ ပညာပေး လောဘကြီးပေမယ့် ဓမ္မတာကို သူ လွန်ဆန်နိုင်မတဲ့လား။ ခင်ဝင်းကို စိတ်တိုင်းမကျရင် ကျမဆီပြေးလာတယ်။ ခင်ဝင်း ကလေးလိုနေပါ ဆိုတာ မနေဘူးလို့ တိုင်လာတယ်။ သူက ပညာ တွေ စုံစုံလင်လင်ကြီး မရသေးခင် မတော်တဲ့လူနဲ့ တွေ့မှာသိပ်စိုး ရှာတာကိုး။

 

 

“ အမေသောင်းက သူ့ကို ကလေးလေးလို နေစေချင်တာ၊ သူက ပဋာစာရီမှ ဝတ်ချင်သတဲ့၊ အဲဒါကြောင့် စိတ်ညစ်တယ်” တဲ့ လေ။

 

“ ပဋာစာရီဆိုတာ ဘာတုံး အမေသောင်းရဲ့”

 

“ ဟို– နို့ပုံကလေး လုပ်ထားတာလေ”

 

“ အော်-ဘရာစီယာလား”

 

“ အဲဒါ– အဲဒါ”

 

 

ကျမမယ် အသက် ၇၀ကျော်နဲ့ ၁၄နှစ်သမီးတို့ရဲ့ ပဋိပက္ခကို မပြုံးဘဲ မနေနိုင်ဘူး။ ဒေါ်ဩဘာသောင်းမှာ သားသမီး အရင်းမရှိဘူး၊ သူ့တပည့်မတွေ အားလုံးဟာ သူ့ဝမ်းမနာ သမီးချည်းဘဲ။” ဟူ၍ ဖြစ်သည်။

 

 

ကျွန်တော့်အစ်မကို ပန်တျာ မှာ တတိယနှစ်လောက်ရောက်တော့ ဆရာမကြီး ဒေါ်သြဘာသောင်း က သူ့အိမ်မှာပဲ ခေါ်ထားတော့သည်။ သူ့အိမ်က ၃၁လမ်း ၈၂လမ်းနှင့် ၈၃လမ်းကြားမှာ ရှိပြီး မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ၏ အရှေ့ဖက်မှာ ရှိသည်။ ဆရာမကြီး က သူ့သားဖြစ်သူ ဦးလစ်ပတန် ၏ မိသားစုကိုပါ အတူနေစေ၏။ ဦးလစ်ပတန်က ခေတ်ဆန်း အမည်ဖြင့် ဓာတ်ပုံတိုက် ဖွင့်ထားသည်။ ဆရာမကြီးအိမ်က နှစ်ထပ်တိုက် ဖြစ်သည်။

 

 

ဆရာမကြီးအိမ်မှာ အစ်မ နေစဉ်က ညတိုင်လျှင် ကျွန်တော်တို့ သားအမိသားအဖ သုံးယောက်က လမ်းလျှောက်ရင်း သွားတွေ့ကြသည်။ ထိုအခါ ဆရာမကြီးက သူ့တိုက်ရှေ့မှာ ခုံလေးတွေခင်းပြီး အငြိမ့်အကြောင်း ဇာတ်အကြောင်း၊ စိန်ဗေဒါကြီးအကြောင်း အဘနှင့် ပြောမဆုံးတော့ပေ။ တစ်ခါတရံ ပြောရင်းနှင့် ခြေချိုးလက်ချိုး ကပြသေးသည်။

 

 

ကျွန်တော်က ဘေးက ငေးကာ မပျင်းမရိ နားထောင်သည်။ ဘုန်းကြီးပျံဧယဉ်ကြူးတွင် အခြားမင်းသမီးများနှင့် မတူဘဲ တောက လိုက်လာသည့် ဘုန်းကြီး တူမလေးလို ထန်းခေါက်ဖာလေးပွေ့ပြီး ပါးကွက်ကြားလေး ဆံရစ်ဝိုင်းလေးနှင့် အစ်ကိုလုပ်သူ လူရွှင်တော်ကလည်း တောသား မအူမလည်လို ငှက်ပျောခိုင်ထမ်းပြီး မောင်နှမ နှစ်ယောက် မြို့က ဘကြီးဘုန်းကြီးဆီ အလာ သရုပ်ကို ဇာတ်လမ်းဆင်ကာ ပရိသတ်ကြားကနေ စင်ပေါ်တက်၍ ဧယဉ်ကျူးသည့် အကြောင်းကို ပြောပြတော့ အဆို အငိုတွေရော ပါလာသည်။ ထို့နောက် ရွာစားကြီးစိန်ဗေဒါ နှင့် မင်းသမီးပေါင်းစုံ အငြိမ့်ညွန့်ပေါင်းအကြောင်းလည်း ပြေပြသည်။ ထို့ကြောင့် ညနေတိုင် ဆရာမကြီးအိမ်သို့ သွားရမည်ဆိုလျှင် ကျွန်တော်က သဘောကျသည်။

 

 

အစ်မ ပန်တျာမှာ ကျောင်းတက်နေစဉ် နန်းရှေ့က ကျောင်းသို့ နှစ်ခေါက်လောက်တော့ ရောက်ဖူးသည်။ တစ်ထပ် သင်တန်းဆောင်လေးတွေက ရေမြောင်းလေးတွေ ပန်းခြုံလေးတွေ ကန်သင်းရိုးလမ်းလေးတွေနှင့် ခပ်လှမ်းစီ ရှိနေကြသည်။ ဆံရစ်ဝိုင်းနှင့် ကျောင်းသူလေးတွေ၊ ယောင်ပေစူးနှင့် ကျောင်းသားလေးတွေက သင်တန်းဆင်းလျှင် ပြေးလျွှား ဆော့ကစားကြသည်မဟုတ်ဘဲ တောမစမှာဖြင့် ဒေါနရယ်တဲ့ ဇီဇဝါ ဇီဇဝါ စသည့် မြိုင်ထသီချင်းဟစ်ကာ မင်းသားမင်းသမီး နှစ်ပါးသွားစခန်းချပမာ ကခုန်လာကြသည်။

 

 

အတီး သင်တန်းသားလေးတွေကလည်း ပါးစပ်ဆိုင်း မြိုင်မြိုင်နှင့် ဝိုင်းဖွဲ့လာကြ၏။ ဒီမြင်ကွင်းလေးတွေက အခြားကျောင်းများနှင့် မတူဘဲ အမြင်ဆန်းတာမို့ မှတ်မိနေသည်။ တစ်ခေါက်ကတော့ တစ်ထပ်တိုက် ရုံးခန်းလေး ဘက်ကနေ အစ်မအတွက် ခွဲတမ်းရသော ဆန်ကို ထုတ်ယူပြီး သားအမိနှစ်ယောက် ကျားခေါင်းကားနီစီးကာ အိမ်ပြန်ရခြင်း ဖြစ်သည်။

 

ပန်တျာကျောင်းနှင့် ပတ်သက်ပြီး စွဲစွဲမြဲမြဲ မှတ်မိနေတာ တစ်ခုရှိပါသေး၏။ ထိုနှစ်က မန္တလေးသင်္ကြန်ကို ကျုံး ပတ်ပတ်လည်တွင် မဏ္ဍပ်များထိုးကာ ကျင်းပသောနှစ် ဖြစ်သည်။ ထို့ကြောင့် ပန်တျာကျောင်းကလည်း ကျောင်းမျက်နှာစာက အရှေ့ကျုံးလမ်းပေါ်တွင် ကျုံးဖက်လှည့်ကာ မဏ္ဍပ်ထိုးသည်။ ဗဟိုမဏ္ဍပ်ကတော့ တောင်ဘက် ကျုံးလမ်း မြူနီစီပယ် ခန်းမရှေ့မှာပေါ့။ ပန်တျာမဏ္ဍပ်မှာ အစ်မတို့ ကမှာမို့ သားအမိ သားအဖ သုံယောက်သား သွားကြည့်ကြသည်။ အိမ်ကနေ ပန်တျာကျောင်းအထိ ခြေကျင်သွားရပေမယ့် လမ်းတလျှောက် မဏ္ဍပ်တွေ အလှပြယာဉ်တွေ သင်္ကြန်လည်ကားတွေ လူတွေကို ကြည့်ရင်းမို့ ရောက်မှန်းမသိ ရောက်သွားသည်။

 

 

ပန်တျာမဏ္ဍပ်ရှေ့မှာ တိုးဝှေ့ပြီး ကြည့်ရသည်။ ကျွန်တော်က မမြင်ရလို့ အဖေက ပုခုံးပေါ် ထမ်းပြသည်။ ထိုနေ့ညက ပန်တျာမဏ္ဍပ်က ယိမ်းတွေမှာ အစ်မကတာ မမြင်။ တစ်ဖွဲ့ပါနိုး တစ်ဖွဲ့ပါနိုးနှင့် စောင့်ကြည့်တာ အစ်မ မပါသောအခါ အဖေက လူကြားတိုးပြီး သွားမေးသည်။ အစ်မက ဗဟိုမဏ္ဍပ်မှာ ပြိုင်ပွဲဝင်ဖို့ ဒေါ်သြဘာသောင်းကားနှင့် ဆရာတပည့် နှစ်ယောက် မြူနီစီပါယ်ရုံးကို သွားကြပြီဟု သိခဲ့ရသောကြောင့် သားအမိသားအဖ ၃ယောက်သား မြူနီစီပါယ်ရုံးရှေ့က ဗဟို မဏ္ဍပ်သို့ သွားကြရပြန်၏။ ဗဟို မဏ္ဍပ်ရောက်တော့ မမှီတော့။ ပြိုင်ပွဲတွေက ပြီးသွားလို့ ကျောင်းမဏ္ဍပ်သို့ ပြန်သွားကြပြီတဲ့။ မတတ်နိုင်တော့ ပြန်ကြရုံပေါ့ ဆိုကာ သားအမိသားအဖ ၃ယောက်သား အိမ်ပြန်ကြတော့သည်။ ကျွန်တော်ကတော့ ခြေလှမ်းပင် မမှန်ချင်တော့ လမ်းလျှောက်ရလွန်းလို့ ခြေကုန် လက်ပန်းကျပြီ။

 

 

သည်လိုနှင့် အိမ်ရောက်တော့ ခဏနားကာ အမေက အိပ်ရာပြင်နေစဉ် အိမ်ဝင်းပေါက်က ကားတစ်စင်း ဟွန်းသံပေးကာ မီးရောင် အဝင်းသားနှင့် ရပ်တာမြင်ရ၏။ ဘယ်ကကားပါလိမ့် ဝင်းပိုင်ရှင်၏ ကားလည်းမဟုတ်၊ သူတို့ဧည့်သည် ထင်ပါရဲ့ဟု အဖေက ဝင်းပေါက် ဖက်သွားကြည့်သည်။ ကားမီးရောင်ရှေ့မှာ လူရိပ်မြင်ရပြီး အသံကြားမှ သူ့သမီး မမခင်ဝင်းမှန်းသိကာ တံခါးဖွင့်ပေးသည်။ ကားမီးပိတ်ပြီး ကားတံခါးဖွင့်၍ ဆရာမကြီးဒေါ်သြဘာသောင်းက “ကိုင်း.. ကိုပေါလူ၊ အိမ်တော့ မဝင်တော့ဘူး၊ ခင်ဝင်းက သူဆုရတာ ပြချင်လို့ ဒီည အဖေ့အိမ်မှာ အိပ်မယ်ဆိုလို့ လိုက်ပို့တာ၊ ရှင့်သမီး ရတဲ့ ဆုကြီး ကြည့်လိုက်ပါဦး” ဟု ပြောသည်။

 

 

အစ်မက ကားပေါ်က သူရသည့် ဆုဖလားကြီး ပွေ့ယူလာသည်။ ဆုဖလား အတော်ကြီးသည်။ အောက်က ကျွန်းသား ကလပ်လည်းပါသည်။ ဖလားထဲမှာ ဆုရသည့် ဂုဏ်ပြုလွှာက ရွှေရောင်စာလုံးတွေကို လက်ခနဲ မြင်လိုက်ရသည်။ မမခင်ဝင်းက မေမေဟုခေါ်သော သူ့ဆရာဒေါ်သြဘာသောင်းကို နက်ဖြန် နေ့လယ်မှ ပြန်ခဲ့မယ်ဟု ပြောကာ နှုတ်ဆက်နေသည်။ ဆရာမကြီးက ကားတံခါးပိတ်ပြီး အဘကို နှုတ်ဆက်သည်။ ဆရာမကြီး၏ သား ဦးလစ်ပတန် မောင်းသော ဘောက်ဝက်ဂွန်း ပေါင်မုန့် ကားက ဝင်းပေါက်က နောက်ဆုတ်ကာ ထွက်သွားသည်။

 

 

အိမ်ရောက်တော့ မမခင်ဝင်းရခဲ့သည့် ဆုဖလားကြီးကို အိမ်နီးချင်း အမျိုးတွေက မအိပ်ကြသေးလို့ လာကြည့်ကြရင်း အံ့သြဝမ်းသာ နေကြသည်။ ဂုဏ်ပြုလွှာမှာက မန္တလေးမြို့ မဟာသင်္ကြန် ရေသဘင်ပွဲတော်၊ ဂုဏ်ထူးဆောင် လက်မှတ် ဟူသော ခေါင်းစည်း နှင့် အတူ “မန္တလေးမြို့ ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီမှ ဦးစီး ကျင်းပသည့် သင်္ကြန်ရေသဘင်ပွဲတော် အက ပြိုင်ပွဲတွင် အထူးဆုရရှိသော ပန်တျာကျောင်းမှ မခင်ဝင်းအား ငွေဖလားဆုနှင့် အတူ ဤဂုဏ်ထူးဆောင် လက်မှတ်ကို ချီးမြှင့်ပါကြောင်း” ဟု ပါရှိကာ ဒု – ဗိုလ်မှူးကြီးတင်ဦး၊ ဥက္ကဋ္ဌ ၊ မြို့မခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီ ဟု လက်မှတ်ထိုးထား၏။ ဂုဏ်ပြုလွှာထိပ်က နိုင်ငံတော် တံဆိပ် တဖက်တချက်မှာ ၁၃၂၆ ခုနှစ်၊ ၁၉၆၅ ခုနှစ်တဲ့။

 

 

အခုအချိန် ပြန်လှန်တွေးလိုက်တော့ နှစ်၆၀ကျော်ပြီ။ ဒေါ်သြဘာသောင်းလည်းမရှိတော့။ ဆုးပေးသည့် ဒု-ဗိုလ်မှူးကြီးတင်ဦး (ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး) လည်း မရှိတော့။ အဖေနှင့် အမေလည်းမရှိတော့။ အစ်မက အသက်၇၀ကျော်ပြီ။ ကျွန်တော်က ၇၀နား ကပ်ပြီ။

 

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW