ကျွန်တော်နှင့် ဆေးမခြောက်တော့သော ပန်းချီကား

 

 

ဆူးငှက်

 

ကျွန်တော်က ပန်းချီဝါသနာပါသည်။ ထိုအကြောင်းကို တဖွဖွ ပြောခဲ့ပြီးပါပြီ။ တကယ်တမ်း တက္ကသိုလ် ရောက်တော့ ပန်းချီနှင့်ပဲ စတင် ထိတွေ့ဖြစ်ပါသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၇၆ခုနှစ်မှာပဲ ကျောင်းမှာ ပန်းချီပြပွဲ ပြုလုပ်သည်။ ထိုစဉ်ကာလ ကျွန်တော်က ဝါးတန်း ကောင်းမြင့် ပုံနှိပ်တိုက် အမှိုက်ပုံထဲက စွန့်ပစ် ပုံနှိပ်မင် ဘူးထွေထဲက ဆေးတွေနှင့် တောက်တိုမယ်ရ ဟိုရေးသည်ရေး လက်ဆော့နေသည့် အချိန် ဖြစ်သည်။ ထိုစဉ် ၂၆ဘီလမ်း ငှက်နီတိုက်က ဆီဆေးအတောင့်တွေ ရှားရှားပါးပါး ရောင်းတာ တွေ့လိုက်သည်။

 

 

ငှက်နီတိုက်က ပန်းချီဆရာကြီး ဦးလှပေါ်၏ တိုက်ဖြစ်သည်။ ဆီဆေးတောင့်ကို အခုမှ မြင်ဖူးသည်။ ထို့ကြောင့် စုထားသည့် မုန့်ဖိုးလေးနှင့် ဝယ်လိုက်သည်။ ဘာရောင်တွေ ညာရောင်တွေ မသိ။ မျက်စေ့ထဲ တည့်သည့် အရောင်ဝယ်လိုက်သည်။ မှတ်မှတ်ရရ အဖြူနှင့် အနက်က မရှိ။ ဆီဆေးဆွဲမယ်ဆိုတော့ ကင်းဗတ်စလိုသည်။ ဒီတော့ အိမ်မှာ မှောင်ခိုခေတ်က လက်ဖက်ခြောက် ကုန်ကူးတော့ စုတ်ပြဲသွားသော အိပ်ရာလိပ်ဟောင်းကြီး ရှိသည်။ ထို အိပ်ရာလိပ်ဟောင်းကြီးကို ဆုတ်ဖြဲပြီး လိုချင်သည့် အရွယ် ဖြတ်တောက်ကာ ဘောင်ကျက်သည်။

 

 

ထို အိပ်ရာလိပ်ဟောင်း ကင်းဗတ်စများမှာ ပန်းချီရေးသည်။ တကယ်တော့ ဆီဆေးကို ဘာနှင့် ရောစပ် ရေးရမှန်းမသိ။ ဆီဆေးဆိုတော့ ဆီနှင့် စပ်ရမှာပဲဟု တွက်ကာ အမေ့ဆီပုံးထဲက နှမ်းဆီတွေနှင့် စပ်ရေးသည်။ ရေးတော့ အကောင်းသား။ သို့သော် နှမ်းဆီက မခြောက်တော့ပေ။ သည်တော့ ဂျီစီအာ မှာပြသည့် ပန်းချီပြပွဲတွင် ကျွန်တော့် ဆီဆေးကားက မခြောက်သေးသောကြောင့် ကြည့်သူများနှင့် လက်လှမ်းမမီရာ ဟိုခေါင်မိုးမှာ တက်ချိတ်ထားရသည်။ ထိုပြပွဲမှာ ကျွန်တော်တင်သော ပန်းချီကားများက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွမ်းအစ်နှင့် ထိုင်နေပုံ ကို မဟာဟု အမည်ပေးသည်။ ထို့နောက် ထန်းရွက်ငါးတွဲပုံက ရျွှေစာရံက အပြန်တဲ့။ နောက်တစ်ကားက ပွင့်ဖတ် အချို့ကြွေနေသော လတ်လတ်ဆတ်ဆတ် နှင်းဆီပွင့်ပုံ၊ သည်ပုံကိုတော့ ပြန်ကြစို့ကွယ် ဟု အမည်ပေးခဲ့သည်။

 

 

ထို့နောက် ကျွန်တော်တို့ ဒုတိယနှစ်တွင် ပြုလုပ်သော ပန်းချီပြပွဲမှာလည်း ကျွန်တော်က ပန်းချီကား တင်ပြန်သည်။ ပါဠိကျောင်းသူတဲ့၊ အရိပ်တဲ့၊ ဇာတိတဲ့။ ဒါကလည်း ဆီဆေး၃ကားဖြစ်သည်။ သည်တော့ ပြပွဲများမှာလည်း ပန်းချီကား တင်ဖူး၊ အခမ်းအနားတွေ မှာလည်း စာလုံးတွေ ဘာတွေ နှင့် ဆင်ဖူး၊ ဟိုဒီဇိုင်း သည်ဒီဇ်ုင်းလည်း ရေးဖူးတော့ ပန်းချီဆရာ လိုလိုပေါ့။ ဒီတော့ သူငယ်ချင်းတွေက ကျွန်တော့်ကို ပီဘိ အနုပညာသမား တစ်ယောက်လို စိတ်ချလက်ချယုံကြည်နေ ကြပြီလေ။ ထိုအချိန်က ကျွန်တော့်အနေနှင့် စာတစ်တို၊ ပေတစ်စမျှ  မဂ္ဂဇင်းစာမျက်နှာပေါ် မပါဖူးသေးပေမယ့်၊ မဂ္ဂဇင်းထဲ ပါသော စာအတော်များများကို ဆရာကြီး၊ ဆရာမကြီးများ လက်ရာတွေက လွဲလို့ တယ်ပြီး အကောင်း မမြင်လှပေ။ အယ်ဒီတာနှင့်ပဲ ပုလင်းတူ ဗူးဆို့မို့ နေရာပေးသလိုလို အမနာပပြော ဖြစ်သေး။ ဒီတော့ သူငယ်ချင်းတွေ ကလည်း ကျွန်တော့်ကို “ဒီကောင်က စာပေမှာလည်း ခပ်ပေါ့ပေါ့တော့ မဟုတ်လောက်ဘူး။ လူရာဝင်ပေ သကိုး ” လို့ အထင်ကြီး နေချိန်ဖြစ်သည်။

 

 

ကျွန်တော်တို့ တက္ကသိုလ် စရောက်တဲ့နှစ်တွေက တက္ကသိုလ်မှာ စာပေ အနုပညာ ရေခံမြေခံ သိပ်ပြီး မလန်းဆန်း လှသေး။ ခပ်ခြောက်သွေ့သွေ့ပါ။ ကျွန်တော်တို့ ရောက်ပြီး ဒုတိယနှစ် မတက်ခင်လောက်မှပဲ အနုပညာအသင်းတွေ ပြန်ဖွဲ့စည်းကြဖို့ ပြင်ဆင်ပြီး မန္တေလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် နာမည်ကြီးခဲ့သော  ဂီတဆည်းဆာပွဲများအထိ ပြန်ပြီး စိမ်းစို လန်းဆန်းသွားသည်။ ထိုစဉ်က ဂီတဆည်းဆာများက အတော်နာမည်ကြီးသည်။ ဖေဖော်ဝါရီလ ပြည်ထောင်စုပွဲနှင့် ချိန်ကိုက်ကျင်းပသော ဂီတဆည်းဆာပွဲများက ပြင်ပပညာရှင်များပင် ဂရုတစိုက် ကြည့်ရှုကြသည်။

 

 

ထိုစဉ်ကာလက ဒဿနိက ဘာသာရပ်အတန်းမှာ စိုင်းထီးဆိုင် ကလည်း ကျောင်းတက်နေသည်။ သူ့ကို ကျွန်တော်တို့ ပထမနှစ်တွင် သူ့ကို တတိယနှစ် ဒဿနိကကျောင်းသားအဖြစ် ရူပဗေဒဌာနရှေ့ တမာပင်ရိပ်ရှိ အဒေါ်ကြီး ငှက်ပျောပေါင်းဆိုင်မှာ တွေ့ဖူးနေသည်။ ဂီတဆည်းဆာမှာ သီချင်းဆိုဖို့ အကြို အသံစစ်ရာတွင် စိုင်းထီးဆိုင်က အသံမအောင်ခဲ့ဟူသော သတင်းမျိုးတွေလည်း ကြားဖူးသည်။ ထိုစဉ်ကာလ ကျွန်တော်တို့က ဂီတဆည်းဆာကို စိတ်မဝင်စားကြပေ။ ကျောင်းသားများ၏ အာရုံကို လှည့်စားသည့် အရာဟုပဲ သဘောပေါက်ထားလို့ ဖြစ်သည်။ သို့သော် ထိုစဉ်ကာလ ဂီတဆည်းဆာမှာ စင်ပေါ်တက် ဖျော်ဖြေခွင့် ရသည့် ကျောင်းသူ ကျောင်းသားက တကယ့် တက္ကသိုလ်စတားများ ဖြစ်လာကြသည်။

 

ထို့ပြင် ဂီတဆည်းဆာ၏ စတိတ်ဒီဇိုင်းများကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် ထူးခြားလှပစွာ ပြင်ဆင်ခဲ့သည်။ ရူပဗေဒက ကျောင်းသား ကိုကျော်မင်းတို့ ကိုကျော်ကျော်ဝင်း (ကဗျာဆရာ ကိုငယ် – ကျောက်ဆည်) တို့ လက်ရာဟု မှတ်သားဖူးသည်။ တစ်နှစ်တင် ဂီတဆည်းဆာတွင် နောက်ခံ ကားက မြန်မာရွှေချည်ထို့ စည်းပုံ ပုံစံကို ထုများနှင့် ပုံဖော် ထားရာ သစ်ဆန်း ခမ်းနားလှသည်။ ထိုဂီတဆည်းဆာ ပွဲရက်မှာပင် အင်းဝ ၉ ခန်းမ၌ လူထုဦးလှ၊ ပန်းချီ ဦးအေးမြင့် နှင့် ပန်းချီ ပေါ်ဦးသက်တို့၏ စာပေဟောပြောပွဲလည်း ကျင်းပရာ ဆရာဦးအေးမြင့်က ဂီတဆည်းဆာ စတိတ်ခုံက စည်းပုံ ပုံစံ ဘက်ဂရောင်းကို အကြောင်းပြုပြီး မင်းခမ်း မင်းနားနှင့် အဝတ်တန်ဆာ အဆောင်အယောင်များ၏ မြန်မာမှုဒီဇိုင်းများ၏ စည်းနှင့် စံများအကြောင်း အကျယ်တဝံ့ ဟောပြောသွားတာ မှတ်မိသည်။

 

×××××        ×××××

 

ကျွန်တော်က ၉တန်းနှစ်လောက်က စ၍ မဂ္ဂဇင်းများနှင့် လုံးချင်း ဝတ္ထုရှည်စာအုပ်များ ကျိုးကြားဖတ်ဖြစ်သည်။ အခု ကျောင်းပိတ်ထားချိန်တွင်မှ စာအုပ်များကို တစိုက်မတ်မတ် ဖတ်ဖြစ်တော့သည်။ ထိုစဉ်က အိုးဝေ ရှုဒေါင့်၊ ရွှေကူ၊ ပြည်သူ့ကြယ် စသည့် ဂျာနယ်ကြီးများကလည်း ဖတ်စရာတွေ တနင့်တပိုးနှင့် စာရေးဆရာကြီးများ ကိုယ်တိုင် ရေးသားသော ဆောင်းပါး များမို့ အဖိုးတန်လှသည်။

 

 

တက္ကသိုလ်ရောက်သည်နှင့် မိုးဝေတို့၊ ရှုမဝတို့ဆိုတဲ့ မဂ္ဂဇင်းများကို လစဉ်မဖြစ်မနေ ဖတ်သည့်အပြင် ဝတ္ထုများ ဆိုလျှင်လည်း  ဒဂုန်တာရာ၊ သခင်မြသန်း၊ ရန်ကုန်ဘဆွေ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ မောင်သာရ၊ နိုင်ဝင်းဆွေ တို့ကို ရွေးချယ် ဖတ်ဖြစ်လာပါ၏။ အထူးသဖြင့် ကျွန်တော်နှင့် စနေညတိုင်း ဆုံဖြစ်သော အစ်ကိုဝမ်းကွဲ ထံမှ မြသန်းတင့် ၏ တောင်များ၏ တောင်ဘက်မှ ပင်လယ်များ၏ မြောက်ဘက်သို့ ၊ ဒီရေမြင့်သစ် နှင့် မီးလောင်မြေ စာအုပ်တို့ကို ရက်ရှည် ယူကာ တစိမ့်စိမ့် ဖတ်ရသည်။ နောက်တော့ ဒီရေမြင့်သစ်ကို အပိုင်ဝယ်ဖြစ်တော့သည်။ ထိုသို့ စာအုပ်တွေကြား ပျော်မွေ့လိုသူ ကျွန်တော် အပါအဝင် တက္ကသိုလ်ကျောင်းသားများအတွက် အထက်မြန်မာပြည်တွင် အကြီးဆုံးသော စာကြည့်တိုက်ကြီးရှိရာ မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားရသည် ဆိုတော့ အလွန်အင်မတန် ကံကောင်းသည်ဟု ဆိုကြပေမည်။

 

တကယ်တော့ ထိုသို့ မဟုတ်ပေ။ မန္တလေးတက္ကသိုလ် ပင်မဆောင်၏ တောင်ဘက်ရှိ ရာဇတ်ခန်းမကြီး အပေါ်ထပ်က မန္တလေးတက္ကသိုလ် စာကြည့်တိုက်ကြီးပါပဲ၊ သို့သော် ထိုစဉ်က အမြဲလိုလို ပိတ်ထားသည်။ ထို့ပြင် ထိုစဉ်က စာပေအစဉ်အလာကြီးသော မန္တလေးတက္ကသိုလ်တွင် စာပေလှုပ်ရှားမှု ဆိုတာလည်း မရှိသလောက်ဖြစ်သည်။ ဘူမိဗေဒ ဌာနက ကျောက်ရိုင်းအမည်ဖြင့် နံရံကပ်စာစောင်ကိုတော့ ဘူမိဗေဒကျောင်းသားများက ခက်ခဲစွာ စွန့်စား အကောင်အထည် ဖော်ခဲ့သည်။ ထု့ိအတူ သမိုင်း တို့၊  မြန်မာစာ တို့၊  ရူပဗေဒ တို့မှာတော့ နံရံကပ်စာစောင် ကြိုးကြား ရှိခဲ့သည်။ ထိုမျှသာမက နှစ်ပတ်လည် မဂ္ဂဇင်းကြေးဆိုသည်ကို နှစ်စဉ် ပေးသွင်းခဲ့ရသော်လည်း ကျောင်းတက်ခဲ့ရသည့် လေးနှစ်စလုံး နှစ်ပတ်လည်မဂ္ဂဇင်းဆိုတာ မမြင်ဖူးခဲ့။

 

ကျောင်းမှာ နံရံကပ်စာစောင် မရှိ၊ စကားရည်လုပွဲ မရှိ၊ ကျပန်းစကား ပြောပွဲမရှိ။ နှစ်ပတ်လည်းမဂ္ဂဇင်း မရှိဆိုတော့ ဘယ့်နှယ် စာပေအခင်းအကျင်း ရှိပါ့မလဲ။ ရှေးက မန္တလေးတက္ကသိုလ်ထွက် campus writer များက မြန်မာစာပေသမိုင်းတွင် မော်ကွန်းထိုးနိုင်သော မြန်မာစာပေလောက ကို ကိုင်လှုပ်ခဲ့သူများ ဖြစ်သည်။ တကယ်တော့ campus writer ဆိုတာ ကျောင်းတွင်းမှာ လွတ်လွတ်လပ်လပ်၊ ရေးကြသားကြပြီးမှ ဖြစ်ကြတာချည်းပင်။  မြေသြဇာကောင်း ရှိတော့ မျိုးစေ့တွေ အပင်ပေါက် အရိပ်ရရုံမက ငှက်တစ်သောင်း ခိုနားနိုင်တဲ့ သဘောပေါ့။

 

ဆူးငှက်

 

#Voiceofmyanmar #VOM #ဆူးငှက် #ကျွန်တော်နှင့်ဆေးမခြောက်တော့သော ပန်းချီကား

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW