ဖေဖော်ဝါရီ ၁၄ – ၂၀၂၅
SN (VOM)
ပြည်ပအလုပ်အကိုင်အတွက် ဇန်နဝါရီ ၃၀ ရက် မတိုင်ခင်အထိ စာချုပ် ချုပ်ဆိုထားခြင်း မရှိတဲ့ အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) မထုတ်ပေးတော့ဘူးလို့ လိုင်စင်ရ အေဂျင်စီတွေဆီက သိရပါတယ်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနမှာ ဇန်နဝါရီ ၃၀ ရက်အထိ စာချုပ်ချုပ်ထားသူတွေကိုသာ လက်ရှိမှာ စေလွှတ်ခွင့် ပေးနေတာဖြစ်ပြီး အဲဒီနောက်ပိုင်း စာချုပ် ချုပ်ဆိုထားသူတွေကိုတော့ OWIC ကတ် ထုတ်ပေးခွင့် ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
“အခုကတော့ ဇန်နဝါရီ ၃၀ ရက်အထိ စာချုပ်ချုပ်ထားတဲ့ အသက် ၁၈ ကနေ ၃၅ နှစ်ရှိတဲ့ အမျိုးသား လုပ်သားတွေကို စေလွှတ်ခွင့် ပေးနေတာပေါ့။ အဲဒီနောက်ပိုင်းက စာချုပ်သမားတွေကိုတော့ ယာယီ ရပ်ထားတယ်။ ယာယီလို့သာပြောတာ ဘယ်လောက်ကြာမယ်တော့ အတိအကျ မသိရသေးဘူးပေါ့။ အလုပ်သမား ဝန်ကြီးဌာနဘက်ကလည်း ဘာမှ အတိအလင်း မပြောသေးဘူး။ ဒီသတ်မှတ်ချက်ထဲမှာ စစ်မှုထမ်း အကျုံးမဝင်ဘဲ အသက်ကျော်တဲ့ အလုပ်သမားတွေနဲ့ အမျိုးသမီးတွေကတော့ မပါသေးဘူး။ သူတို့ကိုတော့ ပုံမှန်အတိုင်း ခွင့်ပြုပေးနေတယ်” လို့ လိုင်စင်ရ အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ကို အရင်က အသက် ၂၃ နှစ်မှ ၃၁ နှစ်အထိ အမျိုးသားတွေကိုသာ ကန့်သတ်ထားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ ထပ်တိုး ကန့်သတ်လိုက်ပြီး စေလွှတ်ခွင့် လုပ်ငန်းစဉ်တွေကိုပါ ယာယီ ရပ်ဆိုင်းလိုက်တဲ့အတွက် လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ စာချုပ်ချုပ်ထားသူတွေကို စေလွှတ်ခွင့်ပြုပေးဖို့ အလုပ်သမားဝန်ကြီးဌာနကို တောင်းဆိုခဲ့တာကြောင့် အခုလို ပြန်လည် ခွင့်ပြုပေးနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“လက်ရှိ ပြန်ခွင့်ပြုပေးနေပေမယ့် စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့သူတွေ ဖြစ်ရင်တော့ လေဆိပ်ကနေ ထွက်ခွာခွင့်မပြုဘူးလို့လည်း အသိပေးထားတယ်။ အဲဒါကြောင့် စိတ်မအေးရသေးဘူး။ စစ်မှုထမ်းစာရင်းထဲ ပါနေလို့ လေဆိပ်က ထွက်မရရင် အလုပ်သမားရော၊ အေဂျင်စီရော နစ်နာမှုတွေ ရှိနိုင်တယ်။ စစ်မှုထမ်းစာရင်းမှာ ပါနေတဲ့သူတွေက စစ်မှုထမ်းကင်းလွတ်ခွင့် လျှောက်ထားရမှာပေါ့။ ဒါပေမယ့် ဒီနေရာမှာလည်း ကြန့်ကြာမှုတွေ ရှိလာနိုင်တယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အတည်ပြုလိုက်ပြီးတဲ့ နောက်ပိုင်း နစကအနေနဲ့ ပြည်ပအလုပ် လုပ်ကိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ဆက်တိုက်ဆိုသလို ကန့်သတ်မှုတွေ လုပ်ဆောင်လာတာဖြစ်ပြီး အခုလို အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ခံရတဲ့အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံဆီ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့ ပြင်ဆင်နေသူတယောက်က “ကျွန်တော်ဆိုအခု သွားဖို့လာဖို့ အားလုံး ပြင်ဆင်ပြီးနေပြီ။ အေဂျင်စီနဲ့လည်း စာချုပ် ချုပ်ပြီးသွားပြီ။ ငွေတွေလည်း သွင်းထားပြီးပြီ။ ဒီလိုအချိန်မှာမှ သွားခွင့်မရဘူးဆိုရင် ဆုံးရှုံးမှုက အင်မတန်ကြီးသွားနိုင်တယ်။ အချိန်ရော၊ ငွေရော အားလုံး ရင်းထားရတာ။ ပြည်တွင်းမှာလည်း ဘာမှ လုပ်ကိုင်စားလို့ရတာ မဟုတ်ဘူးလေ။ ပြည်ပက အလုပ်ခေါ်တယ်ဆိုတာလည်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းပဲ ခေါ်တာ” လို့ ပြောပါတယ်။
အလုပ်အကိုင်ပတ်စ်ပို့ (PJ) ကိုင်ဆောင်ထားသူတွေ အနေနဲ့ ပြည်ပနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့ OWIC ကတ် ရှိမှသာ ထွက်ခွာခွင့်ရရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတရပ်ကို နစက က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဲဒီနည်းဥပဒေရဲ့ ပုဒ်မ – ၅၁ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ အမိန့်စာ ရရှိသူတွေဟာ စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။
အလားတူ ပုဒ်မ – ၅၀ မှာလည်း ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင်အထိ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားပါတယ်။
Photo – Myanmar Embassy Seoul