တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

မတ် ၁၇ – ၂၀၂၅
SS (VOM)
ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာဈေးကတော့ ဆက်လက် ကျဆင်းနေပြီး ၄၄၀၀ အောက်ကို ရောက်ရှိလာပါတယ်။
အဲဒီလိုပဲ စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီအမျိုးအစားအားလုံး ဈေးဆက်ကျနေတာကို တွေ့ရပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးပြန်ကျနေပြီး တချို့ ကုန်စည်တွေကတော့ ဈေးထပ်တက်နေပါတယ်။
ဒီတပတ် ပြည်တွင်းက ပြင်ပ ရွှေဈေးကွက်ထဲမှာလည်း ဈေးနှုန်းတွေက အတက်ဘက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ မတ် ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ တပတ်တာအတွင်း အမြင့်ဆုံးဈေးအဖြစ် ကျပ် ခြောက်ဆယ့်ခုနစ်သိန်းခွဲ ဝန်းကျင်ကို ရောက်ရှိခဲ့တာပါ။
“ကမ္ဘာ့ရွှေဈေးက ဒီတပတ်မှာ သမိုင်းဝင် စံချိန်တင်ဈေးတန်းကို ရောက်ခဲ့တာ။ တအောင်စ ဒေါ်လာ ၃၀၀၀ ကျော်အထိကို တက်ခဲ့တာ။ ကုန်သွယ်စစ်ပွဲ အလားအလာတွေ၊ နောက် အမေရိကန်အစိုးရရဲ့ သွင်းကုန်တွေအပေါ် အခွန်နှုန်းထား တိုးမြှင့် ကောက်ခံတာတွေ၊ ပထဝီနိုင်ငံရေး မတည်ငြိမ်တာတွေ စတဲ့ အခြေအနေ အကြောင်းတရား အရပ်ရပ်တွေကြောင့် ကမ္ဘာ့ဈေး အတက်ကြမ်းလာတာ။ ဒါကြောင့် ကျွဲကူးရေပါဆိုသလို ပြည်တွင်းရွှေဈေးလည်း လိုက်တက်နေတာပေါ့။ ဒါပေမယ့် ဒေါ်လာဈေးက အကျဘက်ကို သွားနေတဲ့အတွက် ပြည်တွင်းရွှေဈေးက ထင်သလောက် မလှုပ်သေးဘူး။ အခုတောင် နည်းနည်း ပြန်ကျနေတယ်။ ဆိုတော့ မနက်ဖြန် ဈေးကွက်အဖွင့်ကိုပဲ စောင့်ကြည့်ရမှာပေါ့” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ မတ် ၃ ရက် (တနင်္လာနေ့) က တအောင်စ ၂၈၆၂ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် မတ် ၁၀ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၂၉၁၀ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်တာအတွင်း တအောင်စ ၄၈ ဒေါ်လာ မြင့်တက်လာတာကို တွေ့ရပါတယ်။
မတ် ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးဟာ ထိပ်စီးပြောင်းပြီး သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးဈေး တအောင်စ ၃၀၀၄ ဒေါ်လာအထိ မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ မတ် ၁၅ ရက် (စနေနေ့) မှာတော့ ဈေးအနည်းငယ် ပြန်ကျခဲ့ပြီး တအောင်စ ၂၉၈၅ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။
ဒီတပတ် နိုင်ငံခြားငွေကြေး ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေလဲနှုန်းတချို့ ဈေးပြန်ကျလာတာကို တွေ့ရပါတယ်။ ငွေလဲဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာဈေးဟာ ဒီတပတ် မတ် ၁၅ ရက်နေ့၊ ညနေပိုင်းကစပြီး ၄၃၈၀ ဝန်းကျင်ကို ကျဆင်း ရောက်ရှိလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်သုံးဆီ လုပ်ငန်းရှင်တွေနဲ့ သွင်းကုန် လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေတွေ ဆက်တိုက်ဆိုသလို ထုတ်ရောင်းပေးလျက် ရှိပါတယ်။ အခုလို ထုတ်ရောင်းပေးနေခြင်းက ပြည်တွင်း ငွေလဲဈေးကွက်ကို တည်ငြိမ်စေတယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဒီတပတ်မှာလည်း ဗဟိုဘဏ်ရဲ့ အွန်လိုင်း ငွေကြေးဈေးကွက် (FX Mkt Online Trading Platform) ကနေ နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းပေးခဲ့တာမှာ မတ် ၁၀ ရက်နေ့မှာ အမေရိကန်ဒေါ်လာ နှစ်သိန်းနီးပါး ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီး မတ် ၁၁ ရက်နေ့မှာလည်း စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် ကန်ဒေါ်လာ ၃၃ ဒသမ ၅ သန်းနဲ့ ထိုင်းဘတ် ၁၅၆ ဒသမ ၄ သန်းကျော် ရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။
လက်ရှိ ငွေကြေးဈေးကွက်အတွင်း တခြားသော ငွေလဲဈေးနှုန်းတွေလည်း ကျဆင်းလျက်ရှိတာမှာ စင်္ကာပူဒေါ်လာဈေးက ၃၂၉၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၁၃၀ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၆၀၉ ကျပ်ဝန်းကျင်မှာ ရှိနေပါတယ်။ အိန္ဒိယရူပီးကတော့ ပြီးခဲ့တဲ့ တပတ်ကအတိုင်း ကျပ် ၅၀ ဝန်းကျင်မှာ ရှိနေဆဲဖြစ်ပါတယ်။
ဒီတပတ် စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီဈေးနှုန်းတွေအားလုံး ဆက်လက် ကျဆင်းနေပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၃၀၈၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၃၅ ကျပ်၊ ဒီဇယ် တလီတာ ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၈၅ ကျပ်ဆိုပြီး မတ် ၁၄ ရက်နေ့က ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၅၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၀၅ ကျပ်၊ ဒီဇယ် တလီတာ ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၃၀ ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၇၅ ကျပ်၊ ၉၅ တလီတာ ၇၀ ကျပ်၊ ဒီဇယ် တလီတာ ၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၄၅ ကျပ်နဲ့ အသီးသီး ဈေးကျဆင်းနေပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးတွေ ကျဆင်းလျက်ရှိပါတယ်။
ဒီတပတ် အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စည်တချို့ ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။ စားသုံးဆီဈေးတွေကတော့ အနည်းငယ် ပြန်ကျနေပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ မတ် ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာ ၆၈၉၀ ကျပ် ဖြစ်ပြီး အရင်တပတ်ကထက် ၁၅ ကျပ် ကျဆင်းလာတာကို တွေ့ရပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းနှစ်ထောင် ဝန်းကျင်ဈေးအတိုင်း ရှိနေဆဲပါ။ အလားတူ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကလည်း အရင်တပတ် ဈေးနှုန်းအတိုင်း ၇၃၀၀ ကျပ်ဝန်းကျင်မှာပဲ ရှိနေဆဲဖြစ်ပါတယ်။
အဲဒီလိုပဲ ဆန်ဈေးနှုန်း‌တွေလည်း အမြင့်ဈေးအတိုင်း ဆက်ရှိနေပြီး ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ဇီယာ တအိတ် ကိုးသောင်းကျပ်၊ မနောသုခ တအိတ် ကျပ် ရှစ်သောင်းခွဲဝန်းကျင်မှာ ရှိနေပါတယ်။ ဆန်ချောကတော့ ကျားပျံပေါ်ဆန်း ထူးထူးရှယ်သစ် တအိတ် တသိန်းသုံးသောင်း ခုနစ်ထောင်ကျပ်၊ ပေါ်ဆန်း ရိုးရိုးအသစ် တအိတ် တသိန်းတသောင်းကျပ် ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ကြက်ဥ၊ ဘဲဥဈေးကတော့ ပုံမှန်အမြင့်ဈေးအတိုင်း ဆက်ရှိနေပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ကျပ် ၄၀၀ ကနေ ၅၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥဈေးဟာလည်း အရွယ်အစားအလိုက် ၄၀၀ ကျပ်ကနေ ၆၅၀ ကျပ်အထိ ရှိနေပါတယ်။
ကုန်ခြောက်ဈေးကွက်မှာ အာလူး၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ဈေးတွေ ကျနေပါတယ်။ အာလူး တပိဿာ ကျပ် ၃၀၀၀ – ၄၀၀၀ ဝန်းကျင်ဈေး ဖြစ်လာပါတယ်။ ကြက်သွန်နီကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် ၁၅၀၀ ကနေ ၂၅၀၀ ဝန်းကျင်ဈေးမှာ ရှိနေပါတယ်။ ကြက်သွန်ဖြူကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် ငါးထောင့်ငါးရာကနေ တသောင်းသုံးထောင် ဝန်းကျင်ဈေးမှာ ရှိနေပါတယ်။
ကုန်စိမ်းဈေးကွက်မှာ နံနံပင်ဈေးတွေ ပြန်တက်နေပြီး တပိဿာ ကျပ် ၈၀၀၀ ဈေး ဖြစ်လာပါတယ်။ ဂေါ်ဖီထုပ်‌ကတော့ ပုံမှန်ဈေးအတိုင်း ၂၅၀၀ ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ပန်းဂေါ်ဖီက အရွယ်အစားအလိုက် ကျပ် ၁၀၀၀ ကနေ ၂၀၀၀ ဝန်းကျင်နဲ့ ဈေးကျလာပါတယ်။ ပန်းဂေါ်ဖီ အစိမ်းကတော့ ၁၀၀၀ – ၁၈၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးပြန်တက်နေပါတယ်။
တရုတ်ကန်စွန်းရွက် တစည်း ၅၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၂၀၀ ကျပ်နဲ့ အကျဈေးမှာ ရှိနေဆဲပါ။ ခရမ်းချဉ်သီးကလည်း တပိဿာ ၁၅၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးကျလာပါတယ်။ ကိုင်းခရမ်းချဉ်သီးကတော့ တပိဿာ ၂၀၀၀ ကျပ်ဝန်းကျင်နဲ့ အရင်တပတ်က ဈေးနှုန်းအတိုင်း ရှိနေပါတယ်။
အသားငါးဈေးကွက်မှာ ငါး၊ ပုစွန်ဈေးတွေ ပြန်ကျနေပါတယ်။ ငါးမြစ်ချင်း တပိဿာ တသောင်းနှစ်ထောင်ကျပ်၊ ငါးကြင်း တပိဿာ တသောင်းရှစ်ထောင်ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ပုစွန်ဈေးတွေကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် သုံးသောင်းကနေ ခြောက်သောင်းဝန်းကျင်အထိ ရှိနေပါတယ်။
ကြက်သား၊ ဝက်သားဈေးကတော့ ပြီးခဲ့တဲ့ တပတ်ကအတိုင်း ဈေးနှုန်း မပြောင်းသေးပါဘူး။ ကြက်သား တပိဿာ ကျပ် တသောင်းရှစ်ထောင် ဈေးပါ။ ဝက်သားကတော့ တပိဿာ ကျပ် သုံးသောင်းခြောက်ထောင် ဝန်းကျင်ဈေးမှာ ရှိနေပါတယ်။
အဲဒီလိုပဲ အမဲသားဈေးကလည်း ပြီးခဲ့တဲ့ တပတ်ကအတိုင်း တပိဿာ နှစ်သောင်းရှစ်ထောင်ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် လေးသောင်းလေးထောင်နဲ့ ဈေးတက်လာပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW