တောင်ကြီးခရိုင်အတွင်း လိုင်စင်မဲ့ကားတွေကို မြို့နယ်အလိုက် အဖွဲ့၁၀ ဖွဲ့ ဖွဲ့စည်းပြီး စတင်ဖမ်းဆီးနေ

မတ် ၂၁၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်အချို့မှာ အခုမတ်လ၊ တတိယပါတ်မှစတင်ပြီး လိုင်စင်မဲ့ကားတွေကို မြို့နယ်အလိုက် အဖွဲ့၁၀ဖွဲ့ ဖွဲ့စည်းကာ စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။
လက်နက်ကိုင်အဖွဲ့၊ ဒုစရိုက်သမားတွေ အပါအဝင် ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ငန်း လုပ်ကိုင်သူတွေဟာ လိုင်စင်မဲ့ ကားတွေကို အသုံးပြုပြီး ခရီးသွားလာတာ၊ ကူးသန်းရောင်းဝယ်တာ အပါအဝင် လက်နက်ခဲယမ်း သယ်ဆောင်ရာမှာ အသုံးပြုနေကြသောကြောင့် နေအိမ်အထိဝင်ဖမ်းဖို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှို့ဝှက်ညွှန်ကြားစာတစ်စောင် မတ်လ ၂၀ရက်က ထွက်ပေါ်လာပါတယ်။
အဲဒီစာမထွက်ခင် မတ်လ ၁၈ရက်ကတည်းကနေ ဒီကနေ့အထိ တောင်ကြီးမြို့တွင်းရှိ အဓိကလမ်းမကြီးတွေနဲ့ လမ်းဆုံလမ်းခွတွေ၊ မြို့ဝင်ထွက်စစ်ဆေးရေးဂိတ်တွေ၊ တောင်လေးလုံး၊ သရက်ပုစတဲ့ နေရာတွေမှာ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် လိုင်စင်မဲ့ကား အစီး ၄၀ကျော်ကို ဖမ်းဆီးထားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
“မြို့တွင်းမှာဆို အသွားအလာမရှိသလောက်ဖြစ်နေပြီ။ မြို့ပြင်ဂိတ်တွေကို ကျော်ပြီး ဘယ်သူမှ မထွက်ရဲဘူး။ ဆိုင်ကယ်ကို အဲဒီလောက်မစစ်တော့ပဲနဲ့ ကားတွေကိုပဲ အဓိကထား စစ်နေတာ။ ရပ်စောက်မှာတော့ ဖမ်းတယ်လို့ မကြားမိသေးဘူး။ တောင်ကြီးနဲ့ အောင်ပန်း-ဟဲဟိုးကြားမှာတော့ နေ့တိုင်းလိုလိုစစ်နေတယ်။ အချိန်ပြည့်ဖမ်းနေတာတော့ မဟုတ်ဘူး၊ ရှောင်တခင်ဖမ်းတာမျိုးပဲ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
လိုင်စင်မဲ့ မော်တော်ယာဉ်တွေ ဖမ်းဆီးရမိရေးအတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်ပြီး ဖမ်းဆီးရေးအဖွဲ့ (၁၀) ဖွဲ့ ဖွဲ့စည်းကာ ရပ်ကွက်/ ကျေးရွာတွေရှိ လိုင်စင်မဲ့ ယာဉ်သယ်ဆောင်သူ၊ ရောင်းဝယ်သူတွေရဲ့ နေအိမ်၊ ယာဉ်ပြုပြင်ရုံတွေ၊ ရေဆေး ဆီလိုက်ဆိုင်တွေကို ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခွင့်ရှိကြောင်း ထွက်ပေါ်လာတဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။
တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်အတွင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် ဒေသခံတွေက လိုင်စင်မဲ့ကားတွေကို အဓိကထားမောင်းနှင်အသုံးပြုနေကြတာဖြစ်ပြီး တစ်ခါတစ်ရံ ဖမ်းဆီးမှုတွေ ရှိပေမယ့် ငွေကြေးနဲ့ ပြန်ထုတ်ယူလို့ ရပေမယ့် ဒီတစ်ကြိမ်ဖမ်းဆီးမှုကတော့ ကားကို အပြီးတိုင်သိမ်းဆည်းတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-ဒေသခံ(ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW