ဘိလပ်မြေဈေးကစားသူတွေကို အရေးယူနေပေမယ့် ဈေးကွက်ထဲ တက်ဈေးနဲ့ပဲရောင်းချမှု များနေ

ဧပြီ၂၅၊၂၀၂၅
Ms (VOM)
မြန်မာနိုင်ငံမှာ အင်အားပြင်းထန်ဆုံးငလျှင်လှုပ်မှုအပြီး၁လအတွင်းမှာ ဘိလပ်မြေ ဈေးကစားသူတွေကိုအရေးယူနေပေမယ့် ဈေးကွက်အတွင်း တက်ဈေးနဲ့ပဲရောင်းဝယ်မှုများပြားနေကြောင်း အိမ်ဆောက်ပစ္စည်းဈေးကွက်ကနေ သိရပါတယ်။
“ငလျင်လှုပ်ပြီး ရက်ပိုင်းအတွင်း ဘိလပ်မြေက အရင်ဈေး၁ ၁၄၀၀၀ ကျပ်ကနေငွေကျပ် ၃၀၀၀၀ ကျော်အထက်ရောက်ရှိသွားတယ်။နောက်ပိုင်း သင်္ကြန်ကာလမရောက်ခင်လောက်မှာ ဈေးနည်းနည်းပြန်ကျပြီးငွေကျပ်၂ ၀၀၀၀ ကျော်လောက်ပြန်ဖြစ်သွားတယ်အခုသင်္ကြန်ပြီးလို့ လကုန်ခါနီးမှာမှ ဘိလပ်မြေဈေးက အမြင့်ဆုံး ၄၀၀၀၀ ကျပ် အထက်အထိဈေးတက်သွားတာ။ဒါကိုကြည့်ရင် ဘိလပ်မြေဈေးကို အရောင်းအဝယ်လုပ်သူတွေ ဈေးကစားနေပြီလို့ပြောလို့ရပါတယ်”လို့ ရန်ကုန်မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။
ရန်ကုန်နဲ မန္တလေး အပါအဝင် ငလျင်ဒဏ်ခံခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အိမ်ဆောက်ပစ္စည်းဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်း မြှင့်တင်ရောင်းတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင် (၆၂) ဆိုင်အား တည်ဆဲဥပဒေများနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေကြောင်း နစက ရဲ့ တာ ဝန်ရှိ စစ်ဆေးရေးအဖွဲ့တွေက ထုတ်ပြန်ထားတာလည်းရှိနေပါတယ်။
” မတ်လ၂၈ ရက်က လှုပ်ခဲ့တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုနဲ့ဆက်စပ်ပြီး ဈေးကွက်မှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်ခဲ့ပါတယ်။ အဲ့ဒီ့မှာအဆမတန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမလုပ်ဖို့နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့ကမြို့ကြီးအချို့မှာ ရှိတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃၂၀)ဆိုင်ကို စစ်ဆေးရာမှာဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းအထိ အမြတ်ယူရောင်းချလျက်ရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃၀) ဆိုင်၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနဲ့အထက် အမြတ်ယူရောင်းချလျက်ရှိတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃၂)ဆိုင်နဲ့ဘိလပ်မြေအိတ်များအား မသမာတဲ့ နည်းလမ်းနဲ့ ပြုလုပ်ရောင်းချတဲ့တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်တွင် ဖွင့်လှစ် ထားသော ပြည့်စုံအောင်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အပါအဝင် ရှစ် ဦးတို့ကို တည်ဆဲဥပဒေများနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်အိမ်ဆောက် ပစ္စည်းများကို ဈေးနှုန်းမြင့်မားစွာ မြှင့်တင်ရောင်းချရင်ဖော်ထုတ်အရေးယူသွားပါမယ်လို့” နစက ရဲ့ စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတယောက်ကပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဘိလပ်မြေကို ပြည်တွင်းကနေထုတ်လုပ်သလို ပြည်ပကနေလည်းမှာယူတင်သွင်းမှုရှိရာမှာ ပြည်တွင်းမှာရှိတဲ့ဘိလပ်မြေ စက်ရုံ၉ရုံမှာမန္တလေးတိုင်းထဲမှာ ၄ ရုံနဲ့ နေပြည်တော်မှာ ၁ ရုံ ကငလျင်ကြီးဖြစ်ပွားတဲ့ဒေသတွေအတွင်းရှိလို့ဘိလပ်မြေ စက်ရုံ၅ရုံထိခိုက်ခဲ့ ရတယ်လို့သိရပါတယ်။
လက်ရှိမှာ ဆောက်လုပ်ရေးကဏ္ဍ အတွက် လိုအပ်ချက်ရှိနေတဲ့ ဘိလပ်မြေ တွေကို ပြည်ပကနေတင်သွင်းနေရာမှာ ဧပြီ(၂)ရက်ကနေ ဧပြီ(၂၀)ရက် အတွင်း ဘိလပ်မြေတန်ချိန်ပေါင်း (၁၀၀၀၀)ကျော် ရန်ကုန်ရှိဆိပ်ကမ်းများကိုရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။
ရန်ကုန်မြို့ရဲ့ ဘိလပ်မြေဈေးကွက်မှာတော့ အမြင့်ဆုံးလက်က္ကာဈေး တစ်အိတ်နှုန်းကို ငွေကျပ်၃၅၀၀၀ ကနေ အနိမ့်ဆုံးလက်က္ကာဈေး တစ်အိတ်နှုန်းကို ငွေကျပ်၁၉၀၀၀ကျပ်အထိ ပေါက်ဈေးဖြစ်ပေါ်နေရာ ငလျင်ဒဏ်ကို အကြီးမားဆုံးထိတွေ့ခံစားခဲ့ရတဲ့ မန္တလေးမြို့ရဲ့ ဘိလပ်မြေဈေးကွက်မှာတော့ အမြင့်ဆုံးလက်က္ကာဈေး တစ်အိတ်နှုန်းကို ငွေကျပ်၂၇၀၀၀ကျပ်ကနေအနိမ့်ဆုံးလက်က္ကာဈေး တအိတ်နှုန်းကို ငွေကျပ် ၁၆၀၀၀ ကျပ်အထိနဲ့ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။
” ဘိလပ်မြေ ဈေးက ဒီနေ့ဆိုရင် လက်လီတအိတ်ချင်းဈေးမှာ အနည်းဆုံး ၄၄၀၀၀ကျပ်အထိဈေးရှိတယ်။ အခုက ရန်ကုန်ရဲ့ ဘိလပ်မြေဈေးက မန္တလေးရဲ့ ဘိလပ်မြေဈေးထက် ငွေကျပ် ၁၀၀၀၀ လောက် ဈေးပိုကြီးနေတာပါ”လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းလုပ်ပိုင်နေသူ တယောက်ကပြောပါတယ်။
ဘိလပ်မြေဈေးတက်တာနဲ့ပတ်သက်ပြီး အချို့သော ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အနေနဲ့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ဒေသတွေအတွက် ဈေးလျော့ရောင်းချပေးတာတွေလည်း လတ်တလောမှာ ပြုလုပ်ပေးလျက်ရှိနေပါတယ်။
Photo- Cj

Related posts

Leave a Comment

VOM News

FREE
VIEW