ဧပြီ ၂၇ – ၂၀၂၅
SN (VOM)
ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒီကနေ့ ဧပြီ ၂၇ ရက်၊ မနက်ပိုင်းက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
နေပြည်တော် – ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၄၁/၄) နဲ့ (၄၁/၃) ကြားမှာ Toyota Townace Light Truck (အဖြူရောင်) ကားတစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာလိုက်ပါလာသူ အမျိုးသား လေးယောက်၊ အမျိုးသမီး ရှစ်ယောက်၊ ကလေး (မိန်းကလေး) နှစ်ယောက်၊ စုစုပေါင်း ၁၄ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းက အပင်ကို ဝင်တိုက်ပြီး မှောက်တာ။ အပင်က ထက်ပိုင်းပြတ်တယ်၊ ကားက ပက်လက် အနေအထား ဖြစ်သွားတာ။ ယာဉ်မောင်းကလွဲပြီး ကျန်တဲ့သူတွေ အားလုံး ဒဏ်ရာရတယ်။ သူတို့တွေက စစ်ကိုင်းဘက်ကနေ ရန်ကုန်ပြန်တာ” လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နေရာကို ဘောနပ်ကြီးအမြန်လမ်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေအားလုံးကို ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ကလည်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂၂/၆) အနီးမှာ ယာဉ်တိမ်းမှောက်မှုကြောင့် တယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မတ်လ ၂၀ ရက်နေ့ကလည်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄၆/၀) ဖာလုံအနီးမှာ ယာဉ်မောင်း အိပ်ငိုက်မှုကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာမှာ ကိုးယောက် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၆ ရက်နေ့ကလည်း ရန်ကုန် – မန္တလေး အမြန်လမ်း၊ မြို့ချောင်းတိုက်နယ်၊ ၉၇ မိုင် ၆ ဖာလုံအနီးမှာ ကယ်ဆယ်ရေးအသင်းတခုရဲ့ လူနာတင်ယာဥ်တစီး တိမ်းမှောက်ခဲ့လို့ သုံးယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပါတယ်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခု ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နှစ်လအတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးမှာ အမြန်လမ်း တခုတည်းဆို ယာဉ်တိုက်မှု ၂၆ ကြိမ်၊ သေဆုံး ၁၁ ၊ ဒဏ်ရာရ ၆၆ ဦးရှိခဲ့ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် ၂လအတွင်း ယာဉ်တိုက်မှု စုစုပေါင်း ၅၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၆၆ ယောက် သေဆုံးခဲ့ကာ ၇၇၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – MFSD