မြန်မာ့သရက်သီးအစိုနဲ့အခြောက် ရုရှားကဝယ်မယ်

ဧပြီ ၂၈၊ ၂၀၂၅
Ms(VOM)
မြန်မာနိုင်ငံက ထွက်ရှိတဲ့သရက်သီးခြောက်နဲ့ လတ်ဆက်သရက်သီး(အစို)တွေကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များက ဝယ်ယူလိုကြောင်းစီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကိုဆက်သွယ်ကမ်းလှမ်းထား‌ ကြောင်းသိရပါတယ်။
ရုရှားနိုင်ငံအနေနဲ့ မြန်မာက သရက်သီးတွေကိုပထမဆုံး အနေနဲ့ ကနဦးဝယ်ယူတော့မှာ ဖြစ်ပြီး သရက်သီးရောင်းချသူတွေနဲ့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ဌာနကတဆင့် ဆက်သွယ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာ ပြည်တွင်းမှ သရက်သီးတင်ပို့‌ရောင်းချလိုတဲ့ လုပ်ငန်း/ကုမ္ပဏီတွေအနေနဲ့ ဆက်သွယ်ရမယ့် လိပ်စာအပြည့်အစုံကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနထံ ပေးပိုရမှာ ဖြစ်ပြီး၊ ဆက်သွယ်နိုင်မယ့် ပုဂ္ဂိုလ်၊ အီးမေးလ်၊ ဖုန်းနံပါတ်တို့ကို ဧပြီ ၂၅ ရက်နေ့အရောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံ ပေးပို့ဖို့ အသိပေးထားတာလည်းဖြစ်ပါတယ်။
” ရုရှားကဝယ်မယ်ဆိုတာ မြန်မာ့သရက်သီးဈေးကွက်နဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းကိုလည်းစာပို့ထားတယ်။ သရက်ခြံလုပ်ငန်းရှင်တွေအနေနဲ့ကတော့ အဲ့ဒီ့ကဝယ်တာတော့ဟုတ်ပေမယ့် ဘယ်လိုတင်ပို့ရမယ်ဆိုတာနဲ့ ပို့တဲ့အခါတွက်ခြေကိုက်မှုရှိမရှိ ဆိုတာတွေကိုတော့သေချာသိခြင်ကြတယ်။ သီးနှံတွေကိုပြည်ပပို့တဲ့နေရာမှာ ရာသီဥတု အခြေအနေနဲ့ လမ်းခရီးအခြေအနေ‌ ကြောင့်ကုန်တွေ ပျက်စီးလို့တဖက်ကမယူတော့တာတွေကို အိမ်နီးချင်းဖြစ်တဲ့ တရုတ်နဲ့တောင် စကားပြောဆိုရတာတွေရှိနေတော့ရုရှားလိုဥရောပဘက်ကနိုင်ငံခြင်းဝေးတဲ့နေရာကနေ မှာယူရင် သရက်သီးအခြောက်ကိုတော့ မပြောတတ်ပေမယ့်။သရက်သီးအသီးအတိုင်းအမှည့်ဆိုရင် ပို့ရတာတွက်ခြေကိုက်မကိုက်အဆင်ပြေမပြေတော့ သေချာလေးသိလိုပါတယ်။ ဟိုကဝယ်မယ်ဆိုတိုင်းသေချာဝယ်မဝယ်ဆိုတာ မသိပဲ ဈေးကွက်ရမရမသိနိုင်ဘူးလို့” ပြည်တွင်းကသရက်သီး စိုက်ပျိုးသူတယောက်ကပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိတဲ့ စိန်တစ်လုံးသရက်သီးအမျိုးအစားကို ဝယ်ယူဖို့ စိတ်ဝင် စားတယ်လို့လည်း သရက်သီးစိုက်ပျိုးထုတ်လုပ်သူတွေထံက သိရပါတယ်။
လက်ရှိမှာ မြန်မာက သရက်သီးတွေကို ပြည်ပတင်ပို့ရာမှာ တရုတ်နိုင်ငံ ကိုသာအများဆုံးတင်ပို့နေတာဖြစ်ပြီး လမ်းခရီး အခက်ခဲတွေကြောင့် တဖက်ကုန်သည်တွေထံရောက်ရှိချိန် ဈေးကောင်းမရတဲ့အခြေအနေတွေလည်းဖြစ်ပေါ်နေပါတယ်။
ယခုနှစ်မှာ ရာသီဥတုအခြေအနေတွေကြောင့်သရက်သီးထွက်ရှိမှု လျော့နည်းနေပြီး‌ပြည်တွင်းဈေးကွက်ထဲ သရက်သီးမှည့်အမျိုးအစားအလိုက် အလုံးကြီး၁လုံးကို ငွေကျပ်၂၀၀၀ကျော် မှ ငွေကျပ်၅၀၀ကျပ်အထိဈေးတန်းအမျိုးမျိုးရှိနေကြောင်းသိရပါတယ်။
Photo:Cj
Voiceofmyanmar#VOM#သရက်သီး#ပြည်ပပို့#ရုရှားကစဝယ်#ဈေးကွက်ခိုင်မာဖို့#မျှော်လင့်

Related posts

Leave a Comment

VOM News

FREE
VIEW