လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး ယနေ့အထိပြန်မစနိုင်သေး

ဧပြီ ၂၇ – ၂ဝ၂၅
KKO(VOM)

လက်နက်ကိုင်အဖွဲ့အသီးသီးက လမ်းတွေကို ပိတ်ထားလို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ယနေ့အထိပြန်မစနိုင်သေးဘူးလို့ ကလေး – တမူး – မိုးရေးဒေသဘက်တွေမှာနေထိုင်လုပ်ကိုင်ကြတဲ့ နယ်စပ်ကုန်သည်တွေက VOM ကို ပြောပါတယ်။
ဒါအပြင် လက်ရှိအချိန်အထိလည်း အိန္ဒိယ – မြန်မာနိုင်ငံဘက်ကို ဆက်သွယ်ပေးထားတဲ့နယ်စပ်ဂိတ်ကိုလည်း ဒီကနေ့အထိ ပြန်မဖွင့်ပေးသေးတဲ့အတွက် နှစ်နိုင်ငံလုံးမှာရှိတဲ့ ကုန်သည်တွေအတွက် စီးပွား‌ရေးဆိုင်ရာအခက်အခဲများစွာကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“အဓိကက လမ်းပန်းဆက်သွယ်ရေးကြောင့်ပါပဲ။လမ်းတွေက ဒီနေ့အထိပိတ်နေတယ်။က‌လေး-တမူးဘက်တွေက သွားလို့လာလို့ မလွယ်ဘူးပေါ့။လက်နက်ကိုင်အဖွဲ့အသီးသီးက လမ်းတွေကိုဆင့်ကာ ဆင့်ကာ ပိတ်ထားတော့ သွားဖို့က ဘယ်လိုမှမလွယ်ဘူးလေ။ ရတဲ့လမ်းကသွားလည်းပိတ်တာပဲဆိုတော့ဒီဘက်ကနယ်စပ်ဂိတ်တွေပြန်ဖွင့်ရင်တောင် အောက်ပြည်အောက်ပိုင်းတွေကို ကုန်တွေပို့ဖို့ဆိုတာကမလွယ်ဘူးလို့ထင်တယ်။ နယ်စပ်ကုန်သွယ်ရေးတွေမကောင်းတာတော့ အတော်ကြာပြီ၊နိုင်ငံရေးတွေစဖြစ်ထဲကပါပဲ။အခုဆို ၂ဝ၂၁ ထဲကဆို လေးနှစ်ကျော်လောက်ဖြစ်နေပြီ။ ကုန်သည်တွေအကုန်လုံးက ငုတ်တုပ်ပဲ။ အိန္ဒိယဘက်ကလည်း သူတို့ဘက်တွေမှာ အခုကာလအခြေအနေသိပ်မကောင်းတော့ နယ်စပ်ဘက်တွေကအဝင်၊အထွက်တွေတင်းကြပ်ထားတာတွေလည်းရှိပါတယ်။ပြောရရင်အလုပ်တွေမရှိ၊မကောင်းတော့ကြာရင်လည်း ငတ်ဖို့ပဲရှိပါတယ်”လို့ အိန္ဒိယ – မြန်မာ နယ်စပ်မှာနေထိုင်တဲ့ နယ်စပ်ကုန်သည်တယောက်က VOM ကို ပြောပါတယ်။
အိန္ဒိယ – မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်တွေကို ဖွင့်လှစ်နိုင်ဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစလို့ သံတမန်ရေးအရ ညှိနှိုင်းနေသော်လည်း လုံခြုံရေးအခြေအနေတွေအရ တချို့သော နယ်စပ်ဂိတ်တွေကိုပြန်ဖွင့်ဖို့ဆိုတာကမဖြစ်နိုင်သေးဘူးလို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။
ကလေး-တမူးဘက်ကအိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွေမကောင်းတာတွေကြောင့် တချို့သောနယ်စပ်ကုန်သည်တွေကတော့ ချင်းပြည်နယ်ကနေ အိန္ဒိယဘက်ကိုဆက်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ဒေသဘက်တွေကိုပြောင်းရွှေ့ပြီး အလုပ်လုပ်ကိုင်နေကြတယ်လို့လည်း သိရပါတယ်။
“တချို့တွေလည်း ဒီတမူးဘက်တွေကနေပြောင်းသွားကြပြီ။ ချင်းပြည်နယ်ဘက်က နယ်စပ်ဂိတ်အချို့ကတော့ဖွင့်နေသေးတယ်။ အဲ့ဒီတော့ အဲဘက်ကိုရွှေ့သွားတဲ့သူတွေများတယ် ၊ပြောင်းသွားကြတာပေါ့။ အဲကနေမှ တဆင့်ကုန်သွယ်ရေးလုပ်ငန်းတွေလုပ်ကြရတာပေါ့။ကလေး-တမူးဘက်ကတော့ နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ဆိုတာမလွယ်လောက်သေးဘူးလို့ထင်ပါတယ်”လို့ နယ်စပ်ကုန်သည်တယောက်က ထပ်လောင်းပြောပြပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်ရှိ အဓိကကုန်သွယ်ရေးစခန်းတွေကတော့ တမူးကုန်သွယ်ရေးစခန်း ၊ရိဒ်ကုန်သွယ်ရေးစခန်း ၊ထန်တလန်၊ကုန်သွယ်ရေးစခန်းတို့ပဲ ဖြစ်ပါတယ်။
ဒေသတွင်းသတင်းတွေအရ အခု ၂၀၂၅ ခုနှစ် ဇန်န၀ါရီလကစပြီး အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime (FMR) ဖျက်သိမ်းလိုက်ပြီး အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်တွေကို အရမ်းတင်းကြပ်လာတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို ထိခိုက်လာမှုတွေ အပါအဝင် ချင်းစစ်ဘေးရှောင်တွေအနေနဲ့ အိန္ဒိယဘက်ခြမ်းမှာ နေထိုင်ခိုလှုံခွင့်တွေကအစ စိုးရိမ်ပူပန်နေရတဲ့ အခြေအနေဖြစ်တယ်လို့ ‌သိရပါတယ်။
“စစ်ကိုင်းဘက်က ကုန်စည်စီးဆင်းမှုနဲ့ ပတ်သက်လို့ ဘာမှလုပ်လို့မရဘူးလေ၊လက်နက်ကိုင်အဖွဲ့တွေက မှိုလိုပေါက်နေတာစစ်ကိုင်းတိုင်းတခုလုံးက အခုထိအခြေအနေမကောင်းဘူး။သို့ပေမယ့် ဒီကာလမှာ ကလေး-တမူးဘက်တွေမှာတော့ နည်းနည်းပြန်ငြိမ်နေတယ်ပြောတယ်။ကုန်သွယ်မှုနဲ့ ပတ်သက်လို့က စစ်ကိုင်းတိုင်းဘက်ကစဉ်းစားလို့ကို မရသေးတာပါ။ဘာမှလုပ်မရဘူးပေါ့။နောက်တခုစစ်ရေးအခြေအနေက အခုရှမ်းမြောက်ပိုင်းတွေငြိမ်နေတေ့ာ စစ်ကိုင်းဘက်ကို ဘယ်လိုလာအုံးမလဲ၊ဒါလည်းစောင့်ကြည့်ရမယ့်အခြေအနေရှိပါတယ်”လို့စစ်ကိုင်းတိုင်းအတွင်းမှာ နေထိုင်တဲ့ ကုန်သည်တယောက်က ထပ်လောင်းပြောပြပါတယ်။
ကိုဗစ်ကပ်ရောဂါကာလနဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေ မတိုင်မီ မြန်မာနဲ့အိန္ဒိယနိုင်ငံအကြားငါးနှစ်တာကာလအတွင်းကုန်သွယ်မှုမှာကိုပြန်ကြည့်ပါက ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၆၃၆ ဒသမ ၉၃၁ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃၄၀ ဒသမ ၅၈၁ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၇၁၁ ဒသမ ၅၁၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၉၄၃ ဒသမ ၁၆၄ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ၁၄၆၈ ဒသမ ၁၉၅ သန်း၊ ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၈၀ဝ ဒသမ ၄၃၇ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၁၄၄၄ ဒသမ၀၀၄ သန်းတို့အထိ အသီးသီးကုန်သွယ်ခဲ့တယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ သိရပါတယ်။
Photo – CJ
ပုံစာ – အိန္ဒိယ – မြန်မာနယ်စပ်ဂိတ်တခုကို တွေ့ရစဉ်။

Related posts

Leave a Comment

VOM News

FREE
VIEW