ဘန်ကောက်၊ ဧပြီ-၂၉-၂၀၂၅
မျိုးဆက်(VOM)
ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်နှိမ်နင်းရာမှ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်နဲ့ ထိုင်းတာန်ရှိသူတွေက သဘောတူလိုက်ပါတယ်။
ဂျပန် ရာဇဝတ်မှုဌာနအကြီးအကဲ အီဂူချီအာရီချီကာနဲ့ ထိုင်းရဲချုပ် သက်ချိုင်ပိုင်တာနီလာဘက်တို့ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျားဖြန့်လုပ်ငန်းတွေကို နှိမ်းနင်းရေး သဘောတူခဲ့တာပါ။ ဒီလုပ်ငန်းတွေကို ပူးပေါင်းနှိမ်နင်းရမယ့်အချိန်ရောက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး မူဝါဒတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး ရာဇဝတ်ဂိုဏ်းတွေကို ဖမ်းဆီးရာမှာ အထောက်အကူဖြစ်မယ့် သတင်းအချက်အလက် ဖလှယ်ရေးအပါအဝင် နှစ်နိုင်ငံရဲတပ်ဖွဲ့ချင်း ပိုမိုပူးပေါင်းဖို့ကိုလည်း သဘောတူခဲ့ပါတယ်။
နိုင်ငံဖြတ်ကျော် လိမ်လည်မှုတွေကို ဘယ်လိုတိုက်ဖျက်မလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ မေ ၁ ရက်မှာ ကျင်းပမယ့် နိုင်ငံတကာဆွေးနွေးပွဲကို ဘန်ကောက်မှာကျင်းပမှာဖြစ်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ သံရုံးတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးဖို့ရှိနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး၊ အင်တာနက်တွေ ရယူလုပ်ဆောင်နေတာကြောင့် မြန်မာနယ်စပ်ဒေသကို ပေးနေတဲ့ အင်တာနက်နဲ့ လျှပ်စစ်ဓါတ်အား ပေးဝေမှုအချို့ကို ထိုင်းအာဏာပိုင်တွေက မကြာသေးမီလတွေအတွင်းက ဖြတ်တောက်ခဲ့ပါတယ်။
မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းတွေမှာ ဂျပန်နဲ့ ထိုင်းနိုင်ငံသားတွေအပါအဝင် နိုင်ငံအများအပြားမှ လူထောင်နဲ့ချီပြီး အတင်းအကြပ် ခိုင်းစေခံနေရပါတယ်။
အွန်လိုင်း အဓိကငွေလိမ်ဂိုဏ်းတခုကို အာဏာပိုင်တွေရဲ့ ဝင်ရောက်စီးနင်းမှုအတွင်း အထက်တန်းကျောင်းသူနှစ်ယောက်အပါအဝင် ဂျပန်နိုင်ငံသား ၁၀ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ဂျပန်နိုင်ငံ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါတယ်။
Ref:NHK
Photo:Reuters