ဆူးငှက်
တောင်မြို့ ဒေါက်တာစိုးဝင်း (ဆရာဂျိုဇော်) ဝင်းထဲမှာ လူတွေ အပြည့်ဖြစ်နေတာက အနီးအနားက ငလျင်ဘေးထိလို့ လာခိုကြသူတွေတဲ့။ ဆရာကိုယ်တိုင်လည်း နေအိမ်ရဲ့ နံရံတဖက်ကပြိုတယ်။ ဝင်းပေါက်အဝင်က ဆေးခန်းက တခန်းလုံးပြိုကျသွားလို့ ဆေးပစ္စည်းတွေ အကုန်လုံး ပြိုတဲ့ အဆောက်အအုံအောက် ရောက်သွားပြီ။ တယ်လီဖုန်းလည်း ပါသွားပြီ။ ဆရာကိုယ်တိုင်လည်း အထိအခိုက် အနည်းငယ်ရှိသတဲ့။ ဒါကြောင့် ခိုင်ခိုင်တို့ရောက်သွားပေမယ့် ဆရာက ဆေးကုမပေးနိုင်တော့ဘူး။ ဆရာက သားကြီးကိုခေါ်ပြီး သူ့အိမ်အပျက်အစီးတွေပြတယ်။ “သားအဖေ ကိုဆူးကို ပြန်ပြောပြလိုက်ပါ။ မြင်တဲ့အတိုင်းပဲ ဆေးခန်းကပြိုသွားတော့ ဘယ်လိုမှ ကုလို့မရတော့လို့ပါ။ တောင်ဘက် ကပ်ရက်မှာ ကျန်းမာရေးဆေးခန်း ရှိပါတယ်။ အဲ့ဒီမှာဝင်ပြလိုက်ပါ”လို့ ပြောရင်း တောင်းပန်သတဲ့။ ဆရာက ထပ်ပြောလိုက်သေးတယ်။ အနားက ဘုံးအိုးရွာမှာ ဝတ်ပြုနေရင်း ဗလီတွေပြိုလို့ လူတွေအများကြီး အထိအခိုက်ရှိတယ်။ အပြင်ကို ဆွဲမထုတ် နိုင်သေးဘူး၊ စစ်ကိုင်းတံတားကလည်း အကုန်ပြိုကျတယ်တဲ့။
ဆရာ့ခြံရှေ့ စစ်ကိုင်းလမ်းမပေါ်မှာလည်း လူတွေ ကားတွေ ဆိုင်ကယ်တွေ ပြည့်နေတယ်။ လူတွေ အော်ကြဟစ်ကြ အကူအညီတောင်းကြသံတွေ ညံလို့။ လူနာတင် အင်ဗြူးလင့်ကားတွေ လူကြားတိုးထွက်ပြီး ဘုံးအိုးရွာဘက် သွားကြပြီ။ ခိုင်ခိုင်တို့လည်း ဆရာ့ခြံတောင်ဘက်က ကျန်းမာရေးဆေးခန်းသွားကြတယ်။ အဲ့ဒီမှာလည်း လူနာတွေ ပြည့်လို့၊ အထူးသဖြင့် ထိမိခိုက်မိတာတွေပါ။ လာသမျှလူနာတွေကို ဆရာမလေးက ဆေးပေးကုသပေးနေတယ်။ ခိုင်ခိုင်ကိုတော့ မလှမ်းမကမ်းက မြန်မာအနှိပ်ဆရာဆီ ညွှန်လိုက်တယ်။ အနှိပ်ဆရာက ဆေးလိမ်း ပတ်တီးစည်းပေးပြီး ဆေးခန်းက ဆေးပေး ဆေးထိုးပေးလိုက်တယ်။ ဒါနဲ့ ဆရာဒေါက်တာစိုးဝင်းကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတာပေါ့။ အိမ်ကို အတော်မိုးချုပ်မှဗရာက်တယ်။ တလမ်းလုံး အဆောက်အအုံပျက်တွေက လမ်းပေါ်ထိ ပြိုကျကုန်လို့ လမ်းကြောင်းရှာပြီး အတော် တိုးဝှေ့ ပြန်ခဲ့ရသတဲ့။ တမြို့လုံးလည်း မီးတွေပျက်လို့၊ ဖုန်လိုင်းအချို့က ရတယ်။ ဖုန်းဒေတာနဲ့ အင်တာနက်လည်း မရတချက် ရတချက်ပါ။
အင်တာနက်ရချိန် ဝင်ကြည့်လိုက်တော့ ဟုတ်တာပဲ၊ စစ်ကိုင်းတံတားကြီးရဲ့ သံမဏိကုန်းကြီးတွေက ရေလယ်တိုင်တွေမှာ တခြမ်းမေးတင်ပြီး တခြမ်းကမြစ်ထဲ ထိုးကျနေကြတယ်။ ပုံထဲမြင်ရတာ ၆ကုန်းတောင် ထိုးကျနေတာပဲ။ ကျွန်တော်က ပုံတွေကိုကြည့်ပြီး တုန်လှုပ်နှမြောနေတယ်။ တကယ်ကို ပြုကျသွားတာကိုး။ ကျွန်တော်က မြစ်ကူးတံတားကြီးတွေ အတော်များများကို မဖြတ်ဖူးပါဘူး။ ဒါပေမယ့် အဖြတ်အများဆုံးဖြစ်တဲ့ စစ်ကိုင်းတံတားကို အလွန်သဘောကျတယ်။ မီးရထားနဲ့များ ဖြတ်ရလို့ ခံ့ထည်တဲ့ သံမဏိဘောင်ကြီးတွေနဲ့ ဆက်ထားတဲ့ ကြေးမူလီကြီးတွေနဲ့ သူ့ကုန်းကြီးကို စမြင်လိုက်ရတယ်ဆိုရင် အားတွေရှိလာတယ်။ ယုံကြည်မှုတွေ ရလာတယ်။
၁၈၈၅ ခု၊ နို၀င်ဘာလ ၂၉ ရက်နေ့မှာ မန္တလေးလည်း အင်္ဂလိပ် လက်အောက် လုံးလုံးလျားလျား ကျရောက်ပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး အင်္ဂလိပ်အုပ်စိုးမှု ယန္တရားကြီးဖြင့် အပြီး အပိုင် လွှမ်းမိုး ချုပ်ကိုင် နိုင်ခဲ့တဲ့နောက် စစ်ဗျူဟာအရ အရေးပါတဲ့ စစ်ကိုင်းမြို့အနီး ဧရာ၀တီမြစ် တစ်ဆစ်ချိုး နေရာမှာ အမြဲတမ်း တံတား ကြီး တည်ဆောက်ဖို့် ၁၉၂၇ ခုနှစ်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံ ဆာဟာကုတ်ဘတ်တလာက အုတ်မြစ်ချခဲ့တယ်။ တံတားပုံစံဒီဇိုင်းကို ရန်ဒဲလ်ပါးမားနှင့် ထရစ်တန်ကုမ္ပဏီ (Redel Palmer&Trittion Com:)၏ (အင်ဂျင်နီယာချုပ်) မစ္စတာဂျေအီစမ်ရိုလ် က ၁၉၂၄ခုနှစ်မှ ပုံစံရေးဆွဲခဲ့ပြီး ကုန်ကျစရိတ် ၁၅,၅၇၇,၃၁၈ ကျပ်ရှိမယ်လို့ ခန့်မှန်းတွက်ချက် ခဲ့တယ်။ တံတားအရှည် ၃၉၄၈ ပေ ၊ ကင်းလွတ်အမြင့် ပေ ၄၀၊ ရေလယ်တိုင် ၁၅ လုံး၊ ရေအောက်ကြမ်းပြင်မှသံလမ်းထိ အမြင့််ဆုံးတိုင်(FL-RL) ၁၀၂ ပေ၊ ခန်းပွင့် ၃၅၀ ပေကျယ် ၉ ခန်း၊ ခန်းပွင့် ၂၅၀ ပေကျယ် ၁ခန်း ၊ ခန်းပွင့် ပေ ၆၀ ကျယ် ၆ခန်းပါရှိပြီး သံတန်ချိန်ပေါင်း ၁၁၁၄၅ တန် အသုံးပြုခသတဲ့။ သံပေါင်ခုံးတွေ ထုက်လုပ်တဲ့ ကုမ္ပဏီက ဘရိတ်ဝိတ်(Braithwaite Com:) ဖြစ်တယ်။ တည်ဆောက်ပြီး အမှန်တကယ်ကုန်ကျစရိတ်က ၁၄,၃၀၀,၀၀၀ ကျပ်(စတာလင်ပေါင်တစ်သန်းခန့်)ဖြစ်ပါတယ်။
၁၈၉၀ ခုနှစ်ကတည်းက ဖောက်လုပ်ပြီးစီးခဲ့တဲ့ စစ်ကိုင်း-ရွှေဘို မီးရထားလမ်းလည်း တံတားကြီးကြောင့် မန္တလေးမြို့နှင့် တစ်ဆက်တည်း ဖြစ်သွားပါတယ်။ ဒါတင်မက ၁၈၉၉ ခုနှစ်ကတည်းက ဖောက်လုပ်ဆက်သွယ်ခဲ့တဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့်လည်း ဆက်သွယ်မိသွားပါပြီ။ စစ်ကိုင်းတံတား(ဝါ) အင်း၀ တံတားကြီးကို ၁၉၂၇ ခုနှစ်က စတင်ဆောက်လုပ်ခတာ ၁၉၃၄ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
၁၉၃၄ ခုနှစ်မှာ တည်ဆောက်ပြီးစီးသွားတဲ့ အင်း၀တံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်-မြစ်ကြီးနား မီး ရထားလမ်းလည်း မန္တလေးက တဆင့် အကြားအလတ်မရှိ တောက်လျှောက် ဆက်သွယ်နိုင်ခတယ်။ တံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ (၂)ရက်နေ့တွင် ဘုရင်ခံ ဆာဟျူးစတီဗင်ဆင် (Sir Hugh Lansdown Steven Son) က အထူးမီးရထားဘုရင်ခံစီး တွဲဖြူကြီးတွင် စီး နင်းကာ ဂတ်ဗိုလ်တွဲတွင် ခရိုင်မီးရထား သယ်ယူပို့ဆောင်ရေး အရာရှိချုပ် ဦးတင်က ခေါင်းပေါင်း၊ ပုဆိုးတောင်ရှည်၊ ရှူးဖိနပ်အနက်နှင့် လက်မှာ အလံစိမ်းကြီးကို တလူတူလွှင့်ပြီး အင်း၀တံတားကြီးပေါ် မီးရထားဖြင့် ဖြတ်သန်းပြီးနောက် တံတားတစ်ဖက်မဏ္ဍပ်၌ မန္တလေး ကွန်ဗင့် ကျောင်းသူလေးတစ်ဦးက ဘုရင်ခံကိုပန်းစည်းဆက် ကြိုဆိုခဲ့သတဲ့။
ဒီ့နောက် တံတားဖွင့်ပွဲကို စည်တော်ရွှမ်းပြီး ခမ်းခမ်းနားနား ကျင်းပခဲ့တယ်။ ဘုရင်ခံကို ပန်းစည်ဆက်ကြိုဆိုခဲ့သူ ကွန်ဗင့် ကျောင်းသူလေးက နောင်မှာ မိုးဒေဝါမလှရွှေလို့ ထင်ရှားကျော်ကြားမယ့်သူလေးဖြစ်ပါတယ်။ တံတားကြီးဖွင့်တော့ နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က “တံတားကြီး ဆက်ပြီးပြီ၊ သွားမည့်ခရီးသည်၊ ငှက်သမ္ဗာန် ကူးတို့ဆိပ်က အိပ် ရရှာသည်၊ အခုများတလည်၊ မြန်မာလူမျိုးတွေ အလုပ်မရှိလို့ တံတားကြီးကို ကြည့်ကာ ငိုမိသည်၊ ငိုမိပါသည်”လို့ သီချင်း ရေးစပ်ပြီး အလုပ်လက်မဲ့ ဖြစ်သွားကြတဲ့ ကျေးလက်ငှက်သမ္ဗာန်သမားလေးများဘက်မှ စာနာပေးခဲ့တာလည်း အမှတ်တရပါပဲ။
၁၉၄၂ ခုနှစ် ဧပြီ ၃ရက်နေ့မှာ မန္တလေးကို ဂျပန်လေတပ်က အကြီးအကျယ် ဗုံးကြဲပြီးနောက် အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုပ်ဂျင်နရယ်ဝီလျံစတင်းက ၁၉၄၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ည(၁၂)နာရီထိုးဖို့် (၁)မိနစ်အလိုမှာ အင်ဝတံတား ကြီးကို မိုင်းခွဲဖျက်ဆီးပြီး မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲ့တယ်။ ဒါကြောင့် တံတားကုန်းအမှတ်(၇)နှင့် (၈)က မြစ်အတွင်း ကျိုးကျပျက်စီးခဲ့တယ်။ လွတ်လပ်ရေးရပေမယ့် ပျက်စီးပြတ်တောက်နေတဲ့ အင်း၀တံတားကို မပြင်ဆင်နိုင်ခဲ့ပါဘူး။ စစ်ကိုင်းဆိပ်ကမ်းနှင့် မန္တလေး ဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ဇက်ကလပ်ကူးတို့နဲ့ပဲ ကူးကြရတယ်။ မီးရထား တွဲတွေလည်း ဇက်ကလပ်ကူးတို့နဲ့ပဲ ကူးကြရတယ်။
၁၉၅၃ ခုနှစ်၊ မေလမှာ ၀န်ကြီးချုပ် ဦးနုကိုယ်တိုင် အင်း၀တံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင် ကိုယ်ကျ ကြပ်မတ်ပြီး မီးရထားဌာနက အရာရှိ သီရိပျံချီ ဦးကြည်ဝင်းခေါင်းဆောင်တဲ့ မြန်မာအင်ဂျင်နီယာများ လုံ့လဝီရိယနဲ့ အားကြိုးမာန်တက် ပြင်ဆင်မှုကြောင့် ပျက်စီးသွားတဲ့ အင်း၀ တံတားကြီးကို ၁၉၅၄ခုနှစ်တွင် ပြုပြင်ပြီးစီးခဲ့တယ်။ ဒါကြောင့် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက် နံနက်(၁၀)နာရီ ၃၀မိနစ်မှာ နိုင်ငံတော် သမ္မတကြီး သီရိသုဓမ္မ ဒေါက်တာဘဦး ကိုယ်တိုင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တံတားကြီး ပြင်ဆင်တာ ကုန်ကျငွေ ၅၇၈၉၇၂၇ကျပ် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို မြန်မာပြည်အထက်အောက် ဆက်သွယ်ရေးအတွက် အရေးပါလှတဲ့ စစ်ကိုင်းတံတား(ဝါ) အင်းဝတံတားကြီး ဟာ၂၀၂၅ခုနှစ် မတ်လ ၂၈ရက်နေ့ နေ့လယ် ၁၂နာရီ၅၁မိနစ်တွင် ပြင်ထန်စွာ လှုပ်ခတ်တဲ့ ငလျင်ဒဏ်ကြောင့် တံတားကုန်း ၆ကုန်း ပြုတ်ကျကာ အလုံးစုံ ပျက်စီးသွားခဲ့ပါပြီ။ သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင် ရှိသေးရင် “မြန်မာတပြည်လုံး ကပ်ဘေးသင့်ချိန် တံတားကြီးကို ကြည့်ကာ ငိုမိသည်” လို့များ သီချင်းသစ် စပ်လေမလား။ သေချာတာကတော့ ကျွန်တော်တို့မှာ ငိုစရာ မျက်ရည်လည်း မရှိတော့တာ အသေအချာ။
(ဆက်ရန်)
ဆူးငှက်