ဆူးငှက်
မန္တလေးကို နှောင်းလူတို့ မသိကြတော့တာ မင်းတုန်းမင်းကြီး မူလတည်စဉ်က ဖွဲ့စည်း သတ်မှတ်ခဲ့တဲ့ ရပ်ကွက်ကြီး ၅၄ကွက် အမည်တွေလည်း ပါတယ်။ ကိုယ်နေထိုင်တဲ့ ရပ်ကွက်က ဟေမာဇလ၊ သီရိဟေမာ၊ မဟာဇေယျာဘုံ၊ ရွှေဘုန်းရှိန်စတဲ့ နံမည်တွေ မသိကြတော့ဘူး။ ၁၉၉၀နောက်ပိုင်းမှ မွေးပြီး အခုအသက်၂၀ကျော် လူငယ်လေးတွေဆို မူလဈေးချိုရုံကြီး ၁၂ရုံကို မသိဘူး။
မီဒီယာက စီနီယာသတင်းထောက်မလေးကို ကျွန်တော်က ဈေးချို အဟောင်းအကြောင်း ပြောတော့ နာရီစင်နားက ၆ထပ်ရုံကို ဈေးချိုအဟောင်း၊ တောင်ဘက် ၂၅ထပ်ကွန်ဒိုအောက်က မန်းမြန်မာပလာဇာကို ဈေးချိုအသစ်လို့ပဲ သိတာတဲ့။ အရင်က အေက စပြီး အယ်လ်မှာ ဆုံးတဲ့ ဂန္ထဝင်ဈေးချိုကို မသိတော့ဘူး။
ဒီလိုပါပဲ။ အေလမ်း ဘီလမ်း စီလမ်း ဒီလမ်းတွေလည်း မသိဘူး။ ၃၅ အေလမ်းဆိုတော့ ၃၅ ဘီလမ်းက ဘယ်လမ်းလဲ၊ ၂၆ဘီလမ်းဆိုတော့ ၂၆ အေလမ်းက ဘယ်မှာလဲ ဆိုတာတွေ ဖြစ်ကုန်ပါရော။ အခု နောက်ပိုင်း လမ်းနံပတ် အသစ်တွေ ပြောင်းလိုက်တော့ မူလရှိပြီး ၃၅ အေလမ်း၊ ၂၆ ဘီလမ်း၊ ၂၂ စီလမ်း၊ ၁၉ ဒီလမ်းတွေ ပျောက်ကုန်ပါရော။ ဒီ့ထက် ဆိုးတာက အရင်က နှစ်ပေါင်း ၅၀ကျော် သုံးခဲ့တဲ့ အာဇာနည်လမ်း ဆိုတာ ပိုလို့ မသိကြတော့ပါဘူး။ အပြစ်တော့လည်း မဆိုသာဘူးပေါ့၊ ဒီနံမည်က လွန်ခဲ့တဲ့ ၁၉၈၈ခုနှစ်လောက် ကတည်းက ဖျောက်ခဲ့ ပျောက်ခဲ့တာကိုး။ တကယ်တော့ ဒီ အာဇာနည်လမ်းဆိုတဲ့ အမည်ရဲ့ နောက်ကွယ်သမိုင်းက မန္တလေးအတွက် ဂုဏ်ကျက်သရေရှိစွာ အထင်ကရကြီး ရှိခဲ့တာလေ၊ ဘယ့်နှယ် မေ့ပျောက်လို့ ရမှာလဲ။
၁၉၃၈ ခုနှစ်၀န်းကျင် မြန်မာ့အဖိုးတန် သယံဇာတဖြစ်တဲ့ ရေနံမြေမှာ ရေနံစွမ်းအင်တွေ ဒလဟော ထုတ်ယူနေကြပေမယ့် ရေနံအလုပ်သမားတွေမှာ အလင်းရောင်နဲ့ လောင်စာအတွက်ပင် ရေနံမသုံးရလောင်အောင် မတရားအနိုင်ကျင့်ခံ နေကြရတာဟာ ဘယ်သူ မခံပြင်းဒေါသမဖြစ်ဘဲ နေပါ့မလဲ။ ဒီထက်ဆိုးတာက ဒီလောက် ဖိနှိပ်မှုပြင်းထန်၊ မတရားအနိုင်ကျင့်ခံနေရချိန် အုပ်စိုးသူ အင်္ဂလိပ်အစိုးရအပေါ် ကျရောက်လာမယ့် တစ်ပြည်လုံးက ဒေါသတွေကိုလည်း လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်းတွေနဲ့ လမ်းလွှဲလိုက်တာတွေကလည်း အဖြစ်မှန်သိကြရတဲ့အခါ တက္ကသိုလ် ကျောင်းသား ပညာတတ်များကအစ ပေါက်ကွဲကြတာပါပဲ။
အုပ်စိုးသူ အင်္ဂလိပ်အစိုးရဟာ အခြေခံလုပ်ဆောင်မှု မှားယွင်းတာနဲ့အမျှ ဆက်လက်ပြီး ဆုံးဖြတ်မှု၊ ကိုင်တွယ်မှု၊ ဖြေရှင်းမှုတွေ ဆက်တိုက် မှားယွင်းတာပါပဲ။ တပြိုင်နက် အုပ်ချုပ်မှု ယန္တယားတွေလည်း ပျက်ယွင်း လွဲချော်လာတယ်။ ဒီရလာဒ်က အရာရာကိုဥပဒေမဲ့ အာဏာနဲ့ အကျပ်ကိုင်ခြင်းပါပဲ။ ဒါကြောင့် ချောက်ရေနံမြေ အလုပ်သမားထုကြီးက အင်္ဂလိပ်အစိုးရ အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုရုံးစိုက်ရာ ရန်ကုန်အထိ ခြေကျင် ချီတက်ပြီး ဆန္ဒပြမယ်။ ဒါကို အာဏာပိုင် အင်္ဂလိပ်အစိုးရ က ဖိနှိပ်မယ်။ ဒီဖိနှိပ်မှုကို ကျောင်းသားသမဂ္ဂရဲ့ တာ၀န်ရှိသူတွေက ဦးဆောင်ပြီး ကန့်ကွက်မယ်။ သေချာပါပြီ။ အာဏာပိုင် အင်္ဂလိပ်အစိုးရဟာ ဒီအကြပ်အတည်းကို လက်နက်နဲ့ ဖြေရှင်းတော့မယ်။ ဒီလမ်းကြောင်းကို ကြိုသိတဲ့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကရေနံမြေသပိတ်တပ်ကြီးတပ်ဦးကနေ “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်”လို့ ရဲရဲတောက် ကြွေးကြော်ခဲ့တာ မဟုတ်ပါလား။ ထင်တဲ့အတိုင်းပါပဲ။ ရန်ကုန်အတွင်း၀န် ရုံးကို ၀န်းပတ် အာဏာဖီဆန်ကြတဲ့ ကျောင်းသားထုကို ပုလိပ်က မြင်းစီးတပ်နဲ့ ရိုက်နှက် လူစုခွဲစေလို့ ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့ပါတယ်။ ဒီစနက်တံတွေ ယမ်းမီးးစတွေ စုစည်းမိတာနှင့် ပေါက်ကွဲပြီး တစ်ပြည်လုံး အထွေထွေသပိတ်ကြီး ပေါ်ပေါက်ခဲ့တာပါပဲ။ ကိုဗဟိန်းပြောသလို “မီးဟုန်းဟုန်းတောက်”ခဲ့တာပါပဲ။
မန္တလေးမှာတော့ ဘာသာရေး အဓိကရုဏ်းကို အကြောင်းပြပြီး စျေးချိုတော်မှာ ပုဒ်မ ၂၃(၇)ကို ထုတ်ပြန်တာမကျေနပ်လို့ စျေးသူစျေးသားတွေက အိမ်တော်ရာဘုရား၀င်းထဲ စျေးသွားဖွင့်ပြီး သပိတ်မှောက်ကြ တယ်။ တပြိုင်နက်ထဲပဲ ဗဟိုအမျိုးသားကျောင်းနဲ့ ရဟန်းပျိုအဖွဲ့က မန္တလေးမှာ အုပ်စိုးသူအင်္ဂလိပ်အစိုးရရဲ့ မတရားတဲ့ ဥပဒေပုဒ်မတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ကြတယ်။ ဒါကြောင့် ၁၃၀၀ ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၆ ရက်(၁၉၃၉ ခု၊ ဖေဖော်ဝါရီလ ၉ ရက်)နေ့မှာ အိမ်တော်ရာဘုရား၀င်းအတွင်း ၁၄ ခန်းဇရပ်မှာ စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြရေးအစီအစဉ် ပြုလုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် နောက်ရက်၊ တပို့တွဲလပြည့်ကျော် ၇ ရက်(ဖော်ဖော်ဝါရီ ၁၀ ရက်)နေ့မှာ မန္တလေးတစ်မြို့လုံး လူထုပရိသတ်တွေက အိမ်တော်ရာ ၁၄ ခန်းဇရပ်မှာပဲ ပြန်စုဝေးကြပြီး ရဟန်းပျိုအဖွဲ့ ကြီးကြပ်မှုနဲ့ စံနစ်တကျ စီတန်းကာ ဆန္ဒပြခဲ့ကြတာပါပဲ။ အိမ်တော်ရာဘုရား မြောက်မုခ်ကထွက် ၂၆ ဘီလမ်းရောက်တော့ အရှေ့ဖက်တက်၊ နာရီစင်ကိုကျော်ပြီး ကျုံးနဘေးက ပုလိပ်မင်းကြီးရုံး(ယခုစည်ပင်သာယာရေးကော်မတီရုံး)ဆီ ချီတက်ကြတော့ ၂၆ ဘီလမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြား ကြေးနန်းရုံး တောင်ပေါက် (ယခုဆက်သွယ်ရေးရုံး တောင်ပေါက်) မှာပုလိပ်အဖွဲ့က တားဆီးပြီး သေနတ်နဲ့ပစ်ခတ် လူစုခွဲခဲ့တာပါ။ ပစ်ခတ်မှုကြောင့် နောက်ဆုတ်သွားတဲ့ လူထုကို အင်ပီရီယယ်ဘဏ်ရှေ့(ယခုဟောင်ကောင်စတိုး။ ၂၆ ဘီလမ်းနဲ့ ၈၁ လမ်းထောင့်)မှာ တစ်ကြိမ်နှင့် ရိုးကုမ္ပဏီ တိုက်ရှေ့ (ယခုဘဏ် ၁)ရှေ့မှာ တစ်ကြိမ် ထပ်မံပစ်ခတ်ဖြိုခွင်းတာကြောင့် ၂၆ ဘီလမ်းပေါ်မှာတင် ရဟန်း၊ ကျောင်းသားပြည်သူ ၁၆ ဦး ကျဆုံးခဲ့တယ်။ ဒါဏ်ရာရသူတွေထဲက ရဟန်းတော် တစ်ပါးလည်း စျာပနချတဲ့နေ့ (တပို့တွဲလကွယ်နေ့)မှ ထပ်မံပျံလွန်တော်မူခဲ့ပါတယ်။
ဒီလို သွေးမြေကျမှုတွေ နောက်ပိုင်း အင်္ဂလိပ်အစိုးရရဲ့ ရုပ်သေး ဒေါက်တာဘမော်အစိုးရလည်း ပြုတ်ကျခဲ့တယ်။ ကမ္ဘာ့နိုင်ငံရေး အခြေအနေမှာလည်း အင်အားချိန်ခွန်လျှာတွေ ပြောင်းလဲကုန်ပြီး အင်္ဂလိပ်အစိုးရရဲ့ အင်အားတွေ ချိနဲ့သွားပါပြီ။ တကယ်တော့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးဟာ မြန်မာ့ လွတ်လပ်ရေး အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကြီးတစ်ခုပါပဲ။
ဒါဟာ လွတ်လပ်ရေး တိုက်ပွဲသမိုင်း တစ်လျှောက်မှာ မန်္တလေးမြို့လူထုရဲ့ ကြီးမားသော တာ၀န်ကျေမှုလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူ ၁၇ ဦးကိုလည်း မန္တလေး တမ္ပ၀တီ သူကြွယ်ကုန်းမှာ မြို့လူထုပြည်သူများက မြေနေရာ အကျယ်ကြီးလှူပြီး၊ အာဇာနည် ၁၇ ဦး ရုပ်ကလပ်တွေကို မြှုပ်နှံ သင်္ဂြိုဟ်ခဲ့တယ်။ ဒီနေရာမှာပဲ မြို့လူထုပြည်သူများရဲ့ အလှူငွေတွေ၊ အာဇာနည်မိသားစုရဲ့ ချွေးနှဲစွာတွေနှင့် အာဇာနည်များရဲ့ ဂုဏ်ပုဒ်နဲ့ လျော်ညီပြီး ခံ့ထည်လှတဲ့ “အာဇာနည်ဗိမာန်”အဆောက်အအုံနှင့်အတူ သမိုင်းမော်ကွန်း ကျောက်စာ၊ အာဇာနည်များ ကျဆုံးခဲ့တဲ့ နေရာပြမြေပုံများပါ ကျောက်စာရုံနှင့် အရိပ်ကောင်း သစ်ပင်ကြီးများ အုံ့ဆိုင်းနေတဲ့ ဝင်းကြီးကို “မန္တလေး ၁၃၀ဝပြည့်အရေးတော်ပုံ အာဇာနည် ၁၇ဦးဗိမာန်၊ Seventeen Martyrs Mausoleum of Mandalay” ကမ္ပည်း သံပန်းဆိုင်းဘုတ်မုဒ်ဦးပါ တံတိုင်း ၂ထပ်နှင့် ကာရံတည်ဆောက်ကာ အမွန်အမြတ် ထားခဲ့ကြတယ်။ မန္တလေး၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည်၁၇ဦးဗိမာန် ဆိုတာ မြေနေရာကအစ ဗိမာန် အဆောက်အအုံများ အဆုံး မြို့မိမြို့ဖများ၊ အာဇာနည်များရဲ့ မိသားစုနှင့် မြို့လူထု(ဝါ) ပြည်သူများက လှူဒါန်း ဂုဏ်ပြုခဲ့ကြတာပါ။
အလားတူ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ချီတက်ခဲ့ကြ ကျဆုံးခဲ့ကြရတဲ့ ၂၆ဘီလမ်းကိုလည်း ထိုစဉ်က လမ်းအရှေ့ထိပ်ဖြစ်တဲ့ မာန်အောင်တိုက်ပေါက်မှသည် အနောက်ထိပ် ပိုက်ကျုံး တာရိုးအထိကိ “အာဇာနည်လမ်း” အဖြစ် မော်ကွန်းကမ္ပည်းတင် အစဉ်အဆက် တရားဝင် သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ခုနှစ်နောက်ပိုင်းမှာ အာဏာပိုင်က ထိုအမည်ကို မသုံးစွဲဘဲ ဘုရင့်နောင်လမ်းလို့ ပြောင်းခဲ့ပေမယ့် မတွင်ခဲ့ပါဘူး။
မြန်မာ့လွတ်လပ်ရေး သမိုင်းအတွက် အရေးပါလှတဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီးမှာ ရှေ့တန်းက အလံမလှဲ စတမ်း အသက်အသေခံပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲ၀င်ခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် ၁၇ဦးကို ပြည်သူကပဲ အလေးအမြတ်ပြုကာ ပြည်သူ့ချွေးနည်းစာနဲ့ “မန္တလေး၁၃၀၀ပြည့် အာဇာနည်၁၇ဦး ဗိမာန်” မှာ နှစ်စဉ် တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ ရောက်တိုင်း အမှတ်တရ အခမ်းအနားကျင်းပ၊ လွမ်းသူ့ပန်းခွေချ၊ ဆွမ်းကပ် အမျှအတန်းဝေကာ အလေးပြုခဲ့ကြပါတယ်။ ၁၉၈၈ခုနှစ်နောက်ပိုင်း ဒီအစဉ်အလာကို ပိတ်ပင်ခံရရုံမက အာဇာနည်ဗိမာန် ကိုလည်း ဝင်ထွက်ခွင့် ပိတ်ပင် သော့ခတ်ခဲ့လို့ ခြုံနွယ်ပိတ်ပေါင်းများနဲ့ တောထ တိမ်မြုတ်ခဲ့တယ်။ ဒီ့နောက် မြို့မိမြို့ဖများနဲ့ စာပေပညာရှင်များ ကြိုးပမ်းတောင်းဆိုမှုကြောင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း မန္တလေး အာဇာနည်ဗိမာန်ကို အကန့်အသတ်နှင့် ပြန်ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် အဆောက်အအုံများပြုပြင် ဆေးသုတ် မွမ်းမံပြီး ဝင်းအတွင်း ရှင်းလင်းကာ ဥယျာဉ်ပန်းမာန်များ စိုက်ပျိုးတာ၊ မုခ်ဦးများနှင့် တံတိုင်းများ ပြုပြင်တာအပြင် ၁၃၀ဝပြည့် အရေးတော်ပုံရဲ့ ပဲ့ကိုင် ရဲဘော်ဗဟိန်း နှစ်၁၀ဝပြည့် မော်ကွန်းကျောက်စာများလည်း စိုက်ထူနိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် နှစ်စဉ် တပို့တွဲလပြည့်ကျော် ၇ ရက်နေ့တိုင်း ထေရ်ကြီးဝါကြီး သံဃာတော်များကို ပင့်ဖိတ်ပြီး သြဝါဒနာယူခြင်း၊ ဆွမ်းကပ် အမျှဝေ အလှူဒါနပြုခြင်းများနှင့် အာဇာနည်များကို ဂုဏ်ပြု အမှတ်တရ ဟောပြောခြင်း များနှင့်အတူ ကျောင်းသားကျောင်းသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ နိုင်ငံရေးပါတီများက လွမ်းသူပန်းခွေများချ အလေးပြုကာ အမှတ်တရ အခမ်းအနားတွေ ပြုလုပ်ခဲ့ကြတယ်။
ဒီလို အခမ်းအနားတွေ ကျင်းပခဲ့ကြတာ ၂၀၁၉ခုနှစ်က နောက်ဆုံးပါပဲ၊ ဒီအခမ်းအနားအပြီးမှာ အာဇာနည်ဗိမာန် အဆောက်အအုံများ ရေရှည် တည်တံ့နိုင်ရေး အကြီးစားပြုပြင် ထိန်းသိမ်းဖို့ အာဏာပိုင်အဖွဲ့အစည်းနှင့် တင်ပြ ဆောင်ရွက်ကြဖို့ အသေးစိပ် တိုင်ပင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အကြောင်းကြောင်းသော အကြောင်းကြောင်းများ ကြောင့် အခမ်းအနားများ မကျင်းပနိုင်သလို အကောင်အထည်လည်း အဖော်ဆောင်နိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ၂၀၂၅ခု မတ်လ ၂၈ရက်က လှုပ်ခတ်တဲ့ ငလျင်ကြီးမှာ“မန္တလေး၁၃၀၀ပြည့် အာဇာနည်၁၇ဦးဗိမာန်”အဆောက်အအုံနှင့်အတူ ကျောက်စာရုံများလည်း ဘုံးဘုံးလဲ ပြိုကျ ပျက်စီးသွားပါပြီ။ ၂၆ဘီလမ်းကို အာဇာနည်လမ်းဆိုတဲ့ မော်ကွန်းကမ္ပည်း ပျောက်ကွယ်သလိုမျိုး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ ဂုဏ်ရောင်ပြောင်ခဲ့တဲ့ မန္တလေး ၁၃၀ဝပြည့်အရေးတော်ပုံက အာဇာနည်များကို မြုတ်နှံသင်္ဂြိုဟ်ကာ မြို့လူထုက ဂုဏ်ပြု တည်ဆောက်ခဲ့တဲ့ “မန္တလေး၁၃၀၀ပြည့် အာဇာနည်၁၇ဦးဗိမာန်”ပျောက်ဆုံးသွားလေမလား ဆိုတာကိုလည်း စိုးရိမ်လှပါတယ်။
(ဆက်ရန်)
ဆူးငှက်