လုပ်ခလစာကိစ္စ ညှိနှိုင်းမရလို့ ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားတွေ တတိယနေ့ ဆက်လက်ဆန္ဒပြ

မေ – ၁၆ ၊ ၂၀၂၅
GG (VOM)
လှိုင်သာယာမြို့နယ်၊ အပြင်ပဒံ ရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ မှာရှိတဲ့ Tsang Yih ချန်းရိ ဖိနပ်စက်ရုံမှာ လုပ်ခလစာ၊အချိန်ပိုကြေး၊ရက်မှန်ကြေးတွေတိုးမြှင့်ပေးရေးအတွက် အလုပ်သမားတွေဆန္ဒပြတောင်းဆိုနေပေမယ့် ထူးခြားမှုမရှိသေးတာကြောင့် ဒီနေ့ မေ ၁၆ ရက်အထိ တောင်းဆိုမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
လုပ်ခလစာ တိုးမြှင့်ပေးရေး.ဆန္ဒပြတောင်းဆိုမှုကို အလုပ်သမားတွေက မေ ၁၄ ရက်နေ့ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့ဆိုရင် သုံးရက်မြောက်နေ့ ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်တယ်လို့သိရပါတယ်။
အလုပ်သမားတွေထောင်နဲ့ချီပြီး ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်ပြီး တောင်းဆိုမှုအပေါ် စက်ရုံမှတာဝန်ရှိသူတွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေ၊အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တောင်းဆိုတဲ့အချက်တွေအပေါ် ညှိနိူင်းမှုအဖြေမထွက်သေးဘူး လို့ သိရပါတယ်။
” မနေ့က အလုပ်သမားတွေဘက်က ရွေးပေးတဲ့ ကိုယ်စားလှယ်လေးယောက်နဲ့စက်ရုံဘက်က အစည်းဝေးလုပ်တယ်။ အဖြေတော့မရသေးဘူး။စက်ရုံက အလုပ်သမားတွေကို အလုပ်လုပ်ရင်း ဆွေးနွေးညှိနိူင်းမှုကိုစောင့်ဖို့ပြောပေမယ့် အလုပ်သမားတွေ တိကျတဲ့အဖြေရမှပဲ အလုပ်ပြန်လုပ်မယ်ဆိုပြီး ဆန္ဒပြနေကြတဲ့အခြေအနေပါ။” လို့ အလုပ်သမားရေးဆောင်ရွက်ပေးနေသူကပြောပါတယ်။
အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုတဲ့အချက်တွေက Day ကြေးကို ၁၂၀၀၀ ကျပ်အထိတိုးမြှင့်ပေးရေး၊ အချိန်ပိုကြေးကိုလည်း ၂၀၀၀ ကျပ် နဲ့ ရက်မှန်ကြေးကို ၄၀၀၀၀ ကျပ်အထိတိုးမြှင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ Day ကြေးနေ့စားခက ထောက်ပံ့ကြေးမပါ ၅၂၀၀ ကျပ်ရရှိပြီး အချိန်ပိုကြေးက ၁၆၀၀ ကျပ်သာရရှိတာဖြစ်တဲ့အတွက် လုပ်ခလစာကမလောက်ငှတာကြောင့် လုပ်ခလစာကိုတိုးမြှင့်ပေးဖို့တောင်းဆိုတာဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
ချန်းရိဖိနပ်စက်ရုံဟာ နာမည်ကြီး အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်အမှတ်တံဆိပ်တွေကို ထုတ်လုပ်ဖြန့်ချီနေတဲ့ နိုင်ငံခြားသားပိုင် စက်ရုံဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ အလုပ်သမားနဲ့စက်ရုံအကြား ဆွေးနွေးညှိနိူင်းမှုတွေဆက်လုပ်နေတယ်ဆိုပြီး ချန်းရိဖိနပ်စက်ရုံက အသိပေးထားပြီး ဆွေးနွေးမှုအခြေအနေကို ဖော်ပြထားခြင်းမရှိပါဘူး။
ဒါကြောင့် ချန်းရိစက်ရုံ အတွင်း အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေမှုအခြေအနေအပေါ်သိရှိနိုင်ရေး စက်ရုံဘက်ကိုဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။
အခြေခံလုပ်ခလစာနူန်းထားကို တရက် ၄၈၀၀ အဖြစ် ၂၀၁၈ ခုနှစ်မှာ သတ်မှတ်ပြီးကတည်းက လက်ရှိအချိန်ထိ လုပ်ခလစာနူန်းထားကို ပြင်ဆင်တိုးမြှင့်သတ်မှတ်နိုင်ခြင်းမရှိပါဘူး။
တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်စျေးနူန်းအရ အခြေခံ လုပ်ခလစာနူန်းထားက အလွန်နည်းတဲ့အပြင် စားဝတ်နေရေးအတွက် လောက်ငှမှုမရှိဘဲ အဆင်မပြေတာကြောင့် အလုပ်သမားတွေက တရက်လုပ်ခလစာကို ၁၂၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်အတွင်း တိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။
ဓာတ်ပုံ – nay myo naing

Related posts

Leave a Comment

VOM News

FREE
VIEW