ချန်းရိဖိနပ်စက်ရုံ အလုပ်သမား​​တွေ လုပ်ခလစာ တိုးမြှင့်ပေး​ရေး တောင်းဆိုမှု သဘောတူညီချက်ရပြီ

မေ – ၁၈ ၊ ၂၀၂၅
GG (VOM)
လုပ်ခလစာတိုးမြှင့်ပေးရေးအပါအဝင် အချက်လေးချက်တောင်းဆိုမှုအပေါ် မေ ၁၇ ရက်နေ့က
Tsang Yih ချန်းရိ ဖိနပ်စက်ရုံနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနိူင်းဆွေးနွေးမှု အဆင်ပြေပြီး အလုပ်ရှင်အလုပ်သမားနှစ်ဘက်သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့သိရပါတယ်။
နေ့စားခ day ကြေးတိုးမြှင့်ပေးဖို့ စက်ရုံကို တောင်းဆိုမှုအပေါ် စက်ရုံက နေ့စားခမဟုတ်ဘဲ ထောက်ပံ့ကြေးအဖြစ် ၉၀၀ ကျပ်တိုးမြှင့်ပေးပြီး ရက်မှန်ကြေးကို အလုပ်သမား တောင်းဆိုမှုအတိုင်း ၄၀၀၀၀ ကျပ်ကိုတိုးမြှင့်ပေးကာ လုပ်သက်ကြေးကိုလည်းတိုးမြှင့်ပေးလာတဲ့အပေါ် တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက် ဆွေးနွေးညှိနိူင်းခဲ့တဲ့ အလုပ်သမားကိုယ်စားလှယ် ကိုးယောက်တို့က သဘောတူလက်ခံခဲ့ပြီး လှိုင်သာယာအနောက်ပိုင်း မြို့နယ်၊ မြို့နယ်ပေါင်းစပ်အဖွဲ့ရှေ့မှာ အလုပ်ရှင် အလုပ်သမားသဘောတူညီချက်စာချုပ် ချုပ်ဆိုကာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
သဘောတူညီချက်ရခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေကတော့ အချက် ၆ ချက်ရှိပြီး ပထမဆုံးက အလုပ်ရှင်ဘက်မှ ပေးချေနေတဲ့ တရက်အခြေခံလုပ်ခ ၅၂၀၀ ကျပ်၊အပိုထောက်ပံ့ကြေး ၂၀၀၀ ၊အခြားထောက်ပံ့ကြေး ၄၀၀ကျပ် ၊ စက်ရုံမှထပ်ဆောင်းထောက်ပံ့ကြေး ၉၀၀ ကျပ်ပေးချေမှာကို အလုပ်ရှင်အလုပ်သမား သိရှိသဘောတူလက်ခံရန်နဲ့ စက်ရုံမှပေးတဲ့ထောက်ပံကြေးက အစိုးရမှ အနည်းဆုံးအခကြေးငွေပြဋ္ဌာန်းရင် ပျက်ပြယ်မျာကို အလုပ်သမားတွေသိရှိသဘောတူရမယ်လို့ ပါရှိပါတယ်။
အလုပ်ရှင်ဘက်မှ ရက်မှန်ကြေးကို အရင် ၂၀၀၀၀ မှ ထပ်တိုး ၂၀၀၀၀ ကျပ် စုစုပေါင်း ၄၀၀၀၀ ကျပ်ပေးမှာဖြစ်ပြီး လုပ်သက်ခွင့်မှလွဲ ပျက်ကွက်ပါက ရှေ့ ၁၅ ရက်မှ ၂၀၀၀၀ ကျပ်၊နောက် ၁၅ ရက်မှ ၂၀၀၀၀ ကျပ်ဖြတ်တောက်သွားမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
လုပ်သက်ဆုကြေးကတော့ လုပ်သက် ရက် ၉၀ ၁၈၂ ရက်အထိကို လုပ်သက်ဆုကြေး ၅၀၀၀ ကျပ်၊ ၁၈၃ ရက်ကနေ ၃၆၅ ရက်အထိကို ၁၀၀၀၀ ကျပ်၊ ၃၆၆ ရက်မှ ၇၃၀ ရက်အထိကို ၁၅၀၀၀ ကျပ် ၊ ၇၃၁ ရက်မှ ၁၀၉၅ ရက်အထိကို ၂၀၀၀၀ ကျပ်၊ ၁၀၉၆ ရက်မှ ၁၄၆၀ ရက်အထိကို ၂၅၀၀ ကျပ် ၊၁၄၆၁ ရက်မှ ၁၈၂၅ ရက်အထိကို ၃၀၀၀၀ ကျပ်၊ ၁၈၂၆ ရက်မှ ၃၆၅၀ ရက်အထိကို ၅၀၀၀၀ ကျပ်နဲ့ ၃၆၅၁ ရက်အထက်မှစပြီး ၆၀၀၀၀ ကျပ် ပေးမယ်လို့ဆိုပါတယ်။
သဘောတူညီချက်အရ တိုးမြှင့်လိုက်တဲ့ ရက်မှန်ကြေး ၊လုပ်ခလစာ၊ လုပ်သက်ကြေးတွေကို ဇွန်လမှသာ စတင်ပေးမှာဖြစ်ပြီး အချိန်ပိုကြေးကတော့ အရင်နူန်းထားအတိုင်းသာ ပေးဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ငွေကြေးတောင်းဆိုမှုနဲ့ပတ်သက်ပြီး တနှစ်အတံင်း ထပ်မံတောင်းဆိုခြင်းမပြုလုပ်ဖို့လည်း ပါဝင်ပါတယ်။ အလုပ်သမား ၆၀၀၀ ကျော်က သုံးရက်ဆက်တိုက် ဆန္ဒပြတောင်းဆိုခဲ တဲ့အချက်တွေက နေ့စားခ Day ကြေးကို ၁၂၀၀၀ ကျပ်အထိတိုးမြှင့်ပေးရေး၊ အချိန်ပိုကြေးကိုလည်း ၂၀၀၀ ကျပ် နဲ့ ရက်မှန်ကြေးကို ၄၀၀၀၀ ကျပ်အထိတိုးမြှင့်ပေးဖို့ ၊ လုပ်သက်ကြေးတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
အလုပ်သမားတွေက နေ့စားခကို အနိမ့်ဆုံး ၉၀၀၀ ကျပ်အလောက်အထိ ရရှိဖို့ မျှော်လင့်ထားကြပေမယ့် ၉၀၀ ကျပ်သာ ထောက်ပံကြေး အဖြစ် တိုးပေးလာတဲ့အပြင် အချိန်ပိုကြေး တိုးမြှင့်မပေးတဲ့အတွက် သဘောတူညီချက်အပေါ် အလုပ်သမားအများစုက ကျေနပ်မှုမရှိကြောင်းနဲ့ ဆန္ဒပြတောင်းဆိုမှုတွေဆက်လုပ်ဖို့ တိုင်ပင်မှုတွေရှိနေတယ်လို့ အလုပ်သမားတယောက်ကပြောပါတယ်။
“အလုပ်သမားတွေက ကျေနပ်ချက် မရှိရင် ဆန္ဒဆက်ပြမယ်လို့ ပြောနေကြတယ်။အလုပ်သမား တော်တော်များများကတော့ စာချုပ်ပါ သဘောတူညီချက်တွေကို မကျေနပ်ကြပါဘူး။သဘောတူညီချက်တွေကို မနက်ဖြန် သူတို့ဘက်က အသိပေးမှာပါ။အလုပ်သမားတွေကတော့ စာချုပ်တွေ့ပီးကတည်းက ဆန္ဒဆက်ပြကြဖို့ ပြောနေကြတယ်။အခုက စနေနေ့ကတည်းကအလုပ်ပိတ်ထားတယ်။ဆန္ဒပြတဲ့ရက်တေံကိုလည်းသူတို့က ခွင့်မဲ့ရက်လို့သတ်မှတ်ပြီး လစာဖြတ်မယ်ပြောထားတာရှိတယ်။” လို့ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်စျေးနူန်းအရ လုပ်ခလစာကို တိုးမြှင့်ပေးရေးအပါ အချက် ၄ ချက်ကို အလုပ်သမား ၆၀၀၀ ကျော်ဟာ မေလ ၁၄ ရက်နေ့ကမေ ၁၆ ရက်အထိ သုံးရက်တိုင်တိုင် စက်ရုံဝန်းအတွင်းဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အလုပ်သမားကိုယ်စားလှယ်တွေအနေနဲ့ စက်ရုံမှ ညှိနိူင်းမှုအချက်တွေအပေါ် အလုပ်သမားတွေနဲ့ ပြန်လည်တိုင်ပင်ခြင်းမရှိဘဲ အစည်းအဝေးပွဲမှာပဲ ချက်ခြင်း သဘောတူညီပြီး အလုပ်ရှင်အလုပ်သမား နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုခဲ့မှုအပေါ်လည်း အလုပ်သမားတွေက ဝေဖန်မှုတွေရှိနေပါတယ်။
” ကိုယ်စားသွားတဲ့သူတွေက သူတို့မသွားခင် မေး တယ် ဘယ်လောက်ရရင်ကျေနပ်လဲတဲ့။၉၀၀၀ ရရင်ကျေနပ်လာတဲ့ပြောတော့ အားလုံးက ရတယ်ပေါ့။ အခုကျ ၉၀၀ ရဖို့ကိုတောင်အတော်လေးဆွေးနွေးခဲ့ရတယ်ထင်တယ်။အလုပ်သမားတွေကို ပြန်မညှိပဲ သူတို့ကဘာကြောင့်လက်မှတ်ထိုးလိုက်တာလဲစဥ်းစားမရဘူး။ပေးတဲ့ ၉၀၀ ကလည်း နေ့စားခမဟုတ်ဘူး ထောက်ပံကြေး တဲ့။ကျွန်မတို့က ထောက်ပံကြေး တောင်းနေတာမဟုတ်ဘူး။ကိုယ့်လုပ်အားခကိုတိုးပေးဖို့တောင်းတာပါ။” လို့ အလုပ်သမားတယောက်ကပြောပါတယ်။
ချန်းရိ ဖိနပ်စက်ရုံဘက်ကတာဝန်ရှိသူတွေကတော့ အလုပ်ရှင်အလုပ်သမားနှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုပြီးကြောင်းကို ထုတ်ပြန် အသိပေးထားပြီး အသေးစိတ်ကိုတော့ အလုပ်သမားတွေကို အလုပ်ပြန်ဖွင့်မယ် မေ ၁၉ ရက်နေ့မှာ ရှင်းလင်းအသိပေးမှာဖြစ်ကြောင်းနဲ့ ဆန္ဒပြအလုပ်သမားတွေကို အလုပ်ထုတ်တာ၊ခွဲခြားဆက်ဆံတာတွေလည်း လုပ်မှာမဟုတ်ဘူးဆိုပြီး အသိပေးထားပါတယ်။
Tsang Yih ချန်းရိ ဖိနပ်စက်ရုံကတော့ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံ ရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ မှာရှိတဲ့ နာမည်ကြီးဖိနပ်အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်တွေထုတ်လုပ်တဲ့စက်ရုံဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ချန်းရိ စက်ရုံ
Voiceofmyanmar #VOM #Tsangyih #ချန်းရိ #Adidas #လုပ်ခလစာ #အလုပ်သမား #ဆန္ဒပြ#သဘောတူညီချက်စာချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW