မေ ၁၈၊ ၂၀၂၅
Ms(VOM)
ပျက်စီးဆုံးရှုံးရမှု များပြားခဲ့တဲ့ ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ရန် အခြေခံကျတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း တွေထဲ အုတ်ဈေးက ယခင်ထက်ပိုပြီး ဈေးမြင့်တက်လာတယ်လို့ ဒေသခံတွေ ထံကသိရပါတယ်။
ဆောက်လုပ်ရေးသုံးပစ္စည်းဈေးကွက်အတွင်း ဘိလပ်မြေ၊ သံဈေးနှုန်းများနည်းတူ အုတ်ဈေးလည်း မြင့်တက်နေရာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ အဆောက်အဦး တွေ ပြန်လည်တည်ဆောက်ရေးအတွက် အခက်ခဲတွေရှိနေတယ်လို့ဆိုပါတယ်။
” အခုက ဆောက်လုပ်ရေးသုံးပစ္စည်း ဘယ်ပစ္စည်းမဆိုတက်ဈေးဖြစ်နေတယ်။ အခြေခံကျတဲ့ အုတ်နဲ့ဘိလပ်မြေတွေကနေ စပြီးဈေးတက်နေတော့ အိမ်ဆောက်မယ့်၊ အိမ်ပြန်ပြင်မယ့်သူတွေအတွက် စိန်ခေါ်မှုလိုဖြစ်နေတယ်၊သာမာန်အိမ်ဆောက်ဖို့ရည်ရွယ်ထားသူတွေအနေနဲ့ဆိုရင်တော့ ပစ္စည်းဈေးတက်ရင် နောက်ဈေးကျမယ့်အချိန် ပစ္စည်ပေါလာမယ့်အချိန်ကိုစောင့်ပြီးအိမ်ဆောက်ဖို့နောက်ရွှေ့လိုက်ရင်ရပြီလေ အခုဟာက ငလျင်ကြောင့် အိမ်ပျက်စီးသွားတာတွေက ပြန်မပြင်၊ ပြန်မဆောက်လို့မဖြစ်ဖူးလေ နေစရာမရှိရင်တော့ ရွေးချယ်စရာမရှိပဲ ပြန်ကိုဆောက်ရမှာ အဲ့ဒီတော့ အုတ်ဈေး၊ ဘိလပ်မြေဈေးတွေ အဆင်ပြေပြေလေးဖြစ်စေခြင်တယ်။ အခုတော့ အရင်ထက်ကိုနှစ်ဆနီးပါးတက်ပြနေတာက ဒုက္ခရောက်ပါတယ်ဆိုမှ ပိုခက်ခဲစေတာပေါ့”ဟု ပျဉ်းမနားမြို့က ဒေသခံတယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ ၂၈ရက်နေ့ ငလျင်ကြီးမလှုပ်ခတ်မှီက အုတ်ဈေးကွက်မှာ အုတ်တလုံးကို ငွေကျပ်၂၀၀နဲ့၃၀၀ ကြားဈေးဖြစ်နေပြီး ငလျင်အပြီးတစ်လကျော်ကြာတဲ့ ယခုအချိန်မှာတော့ ငလျင်ဘေးသင့်ဒေသတွေမှာ အုတ်တလုံး ငွေကျပ်၃၅၀နဲ့ ၆၀၀ကြားအထိ ဈေးတွေ တက်ကုန်တာလို့ သိရပါတယ်။
အုတ်ခဲဈေးတွေ က လက်ရှိမှာ ဒေသအလိုက် တက်ဈေးနဲ့ ဈေးတန်းအမျိုးမျိုးရှိရာမှာ ငလျင်ဒဏ်ကို အထိုက်အလျောက်သာ ခံစားခဲ့ရတဲ့ ရန်ကုန် နဲ့ ပဲခူးတိုင်း ၊ဧရာဝတီတိုင်းတွေမှာ အုတ်တလုံးကို ငွေကျပ်၂၅၀ မှ ၃၀၀အထိဈေးနဲ့ ငလျင်ဒဏ်ခံစားရတဲ့ စစ်ကိုင်း နဲ့မန္တလေးတိုင်း မှာ အုတ်တလုံးငွေကျပ် ၃၀၀မှ ၄၅၀အထိဈေး၊ နေပြည်တော်ပျဉ်းမနားမြို့တွေမှာတော့အုတ်တလုံးကို ငွေကျပ်၄၀၀ မှ၆၀၀ အထိ ဈေးတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
နောက်ထပ်အနေနဲ့လည်း ငလျင်ဘေးသင့်ဒေသတွေမှာ အုတ်ခဲအဟောင်းဈေးကွက်တစ်ခုပေါ်ပေါက်နေရာ အုတ်အဟောင်း အမျိုးအစားအလိုက် တလုံးကိုငွေကျပ်၁၀၀ကျော်ကနေ၂၀၀ကြားရှိနေတယ်လို့သိရပါတယ်။
” အုတ်ဈေးမြင့်နေတဲ့အချိန် ငလျင်ဘေးသင့်ခဲ့တဲ့ အဆောက်အဦး အဟောင်းဖြိုချတာ ကနေထွက်လာတဲ့ အုတ်ကျိုးအုတ်ပျက်တွေထဲက ရွေးထုတ်ထားတဲ့ အုတ်ဟောင်းတွေကိုပြန်လည်ရောင်းချတဲ့ ဈေးကွက်တစ်ခုလည်းရှိလာနေပါတယ်၊ ဝယ်သုံးတဲ့သူတွေလည်းအတော်များပါတယ် “လို့ ငလျင်ဘေးသင့်ခဲ့တဲ့ ဒေသခံတယောက်ကပြောပါတယ်။
လက်ရှိမှာ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မန္တလေး၊စစ်ကိုင်း၊ပျဉ်းမနား မြို့တွေ မှာ ပြိုပျက်နေတဲ့အဆောက်အဦးတွေကို စစ်ဆေးဖြိုဖျက်နေသလို အိမ်အဟောင်း၊အဆောက်အဦးဟောင်းဖြိုဖျက်ရောင်းဝယ်ရေးလုပ်ငန်းတွေကလည်း ယင်းအိမ်ရာအဆောက်အအုံတွေကို လိုက်လံဝယ်ယူနေရာ အများဆုံးငွေကျပ် သိန်း၃၀၀ကနေ သိန်းဆယ်ဂဏန်းအထိဈေးပေးဝယ်ယူတာတွေရှိနေတယ်လို့သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးကွက်အတွင်း ဘိလပ်မြေဈေးများမှာလည်း အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီးဈေးအဆမတန်မြင့်တက်သွားခဲ့ပြီး ဘိလပ်မြေတစ်အိတ်ဈေးကို ငွေကျပ်၄၀၀၀၀ ကျော်အထိ ဈေးမြင့်ခဲ့ရာ ယခုအခါမှာတော့ ငွေကျပ်၃၀၀၀၀ ကျော်နဲ့ ဝယ်ယူရနိုင်လာတာကြောင့် ဘိလပ်မြေဈေးအနည်းငယ်ပြန်ကျကာ ငလျင်ဒဏ်သင့်ဒေသတွေမှာတော့ လိုသလောက်ဝယ်လို့မရနေဘူးလို့သိရပါတယ်။
” ပြန်လည်ထူထောင်ရေးအတွက်က မလွယ်ကူနေပါဘူး။အခုပြည်တွင်းမှာ ဈေးသက်သက်သာသာနဲ့ အိမ်ဆောက်ပစ္စည်းတွေရောင်းချပေးနေတဲ့ နေပြည်တော်တပေါင်းကွင်းက ဆောက်လုပ်ရေးပစ္စည်းဈေးရောင်းပွဲတော်မှာတောင် အိမ်ဆောက်ပစ္စည်းတွေဝယ်ချင်သလိုဝယ်မရဘူး။ ငလျင်ကြောင့်အိမ်ပျက်စီးသွားတဲ့စာရင်းပါမှဝယ်လို့ရတယ်။ အဲ့ဒီမှာဈေးသက်သာတာတောင် ဘိလပ်မြေတစ်အိတ်ကို ၂၁၅၀၀ကျပ်နဲ့ လူတစ်ဦးကို အိတ်၂၀နှုန်းနဲ့ပဲရတယ်။လိုသလောက်ဝယ်မရဘူး။ အခြား လိုအပ်တဲ့ သွပ်၊သံဈေးတွေကလည်း အပြင်မှာ သွပ်တစ်ပေကို ၄၅၀၀ကျပ်ဆို အဲ့ဒီမှာ ၃၀၀၀ကျပ်တော့ ကျော်တယ်။သံဈေးလည်းထိုနည်းတူပဲ ဆိုဒ်အရွယ်စားအလိုက် တစ်ချောင်းကိုငွေကျပ် ၄၀၀၀၀ကျော်ကနေ ၆၀၀၀၀ကျပ်အထိဈေးအမျိုးမျိုး ရှိနေတယ်”လို့ နေပြည်တော် မှာနေထိုင်သူ တယောက်ကပြောပါတယ်။
လတ်တလောမှာ ငလျင်ဘေးသင့်ဒေသတွေမှာ အိမ်တလုံးဆောက်လုပ်ရန် ကုန်ကျစရိတ်ဟာ ကုန်ပစ္စည်းဈေးနှုန်းတွေအပြင် ဆောက်လုပ်ရေးလုပ်သားအခက်ခဲကြောင့် အလုပ်သမားစရိတ်မြင့်တက်မှုတွေနဲ့အတူ ယခင်ငလျင်မဖြစ်မှီကာလကထက် ဆတိုးမြင့်တက်သွားရာ ဆောက်လုပ်ရေးသုံး ပစ္စည်းထဲ အခြေခံကျတဲ့ အုတ် နဲ့ ဘိလပ်မြေဈေးများ သင့်တင့်တဲ့ဈေးနဲ့ရရှိဝယ်ယူနိုင်ရန် ငလျင်ဘေးသင့်ပြည်သူများ မျှော်လင့်နေကြတယ်လို့ သိရှိရပါတယ်။
Photo- Cj