ဇူလိုင် ၉ ၊ ၂၀၂၅
GG(VOM)
ဖားကန့်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအကြားမှာ လက်နက်ကြီးထိပြီး သေဆုံး ဒဏ်ရာရတာတွေရှိနေတဲ့အပြင် နေအိမ်နဲ့ ဆိုင်ဖောက်ထွင်းခံရခြင်း ၊ ခြိမ်းခြောက်ငွေတောင်းခံရခြင်း၊ ကုန်စည်စီးဆင်းမှုခက်ခဲလာခြင်းစတဲ့ အခက်အခဲတွေကို ဒေသခံပြည်သူတွေရင်ဆိုင်နေရတယ်လို့သိရပါတယ်။
ဇူလိုင် ၉ ရက်နေ့မှာတော့ ဖားကန့်မှာ တိုက်ပွဲ ပစ်ခတ်သံငြိမ်နေပြီး ဇူလိုင် ၈ ရက်နေ့ညပိုင်း၊ ဖားကန့်မြို့မရဲစခန်းအနီးရှိ စည်ပင်တန်းလျားမှာတော့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတယောက်သေဆုံးကာ အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။
” လင်မယားနှစ်ယောက်မှာ မိန်းမဖြစ်သူကသေတယ်။ယောကျ်ားကဒဏ်ရာပြင်းတယ်။ ညကပဲဆေးရုံပို့လိုက်ကြတယ်။ ဖားကန့်မှာအခုက ပြဿနာက အစုံဖြစ်နေတယ်။ တိုက်ပွဲကလည်းရပ်လိုက်ပစ်လိုက်နဲ့ပဲ။ အုပ်ချုပ်ရေးပိုင်းကလည်း ခုဖြစ်နေတဲ့စစ်ရေးအရ အချိန်နဲ့အညီ အားကိုးလို့သိပ်မရတော့ ကိုယ့်အိမ် ကိုယ့်ဘာသာဂရုစိုက်ရမှာ။” လို့ ဒေသခံကပြောပါတယ်။
ဖားကန့်မြို့၊ လုံးခင်းမှာဆိုရက် ဇူလိုင် ၈ ရက်နေ့က Uni One Mobile ဖုန်းဆိုင်ဖောက်ထွင်းခံရပြီး ဖုန်းတွေအခိုးခံလိုက်ရသလို နေအိမ်ခြံတခါးဖျက်ဆီးပြီး ဆိုင်ကယ် အပါအဝင် တန်ဖိုးရှိပစ္စည်း ခိုးယူမှုတွေဖြစ်ပွားမှုရှိခဲ့တယ်လို့သိရပါတယ်။
နောက်ပြီး ဆိုင်းတောင်ရပ်ကွက်မှာဆိုရင်လည်း ခြိမ်းခြောက်စာပေးပို့ပြီး ငွေတောင်းခံမှုတွေ ဖြစ်ပွားနေကြောင်း ၊ ခုလို ဖောက်ထွင်းမှုတွေ နဲ့ ခြိမ်းခြောက်ငွေတောင်းခံမှုအပေါ် သက်ဆိုင်ရာနယ်မြေအုပ်ချုပ်ရေးပိုင်းမှ အရေးယူတာမျိုးမရှိဘူးလို့သိရပါတယ်။
” ခုကာလ အုပ်ချုပ်ရေးယန္တရားကကဘယ်သူ့ကိုမှအားကိုးလို့မရတဲ့အနေအထားဆိုတော့ ပတ်ဝန်းကျင်မှာအဖွဲ့လိုက် ကူညီရမယ်။ အခုဆန်ကားမဝင်တာဆိုရင်လည်းကြာပြီဆိုတော့ စျေးတွေတက်လာတယ်။ဆန်ကိုအကန့်အသတ်နဲ့ပဲသယ်ခွင့်ပေးတယ်သိရတယ်။မိုးကလည်းကောင်းတော့လမ်းတွေကလည်းပျက် ကားတွေသွားရမပြေဘူး။” လို့ ဖားကန့်ဒေသခံကပြောပါတယ်။
လက်ရှိ ဖားကန့်မှာ ကုန်စည်စီးဆင်းမှုခက်ခဲမှုကြောင့် ဇွန်လကတည်းက ဆန်ကားဝင်ရောက်မှုမရှိတဲ့အတွက် ဆန်စျေးနူန်းမြင့်တက်လာပြီး ချင်းသုံးဆန်တအိတ်ကို ၁၆၀၀၀၀ ကျပ်၊ ငွေတိုး ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း ၁၈၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေ တအိတ်ကိုမူ ၂၈၀၀၀၀ ကျပ်အထိ ရှိနေတယ်လို့သိရပါတယ်။
ဖားကန့်တွင်မြို့နယ်မှာ နစက နဲ့ KIA ပူးပေါင်းအဖွဲ့ကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် လီဒိုလမ်းမကြီး ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသဖြင့် အင်းတော်ကြီး-ဝှေခါ လမ်းပိုင်းကနေသာ ဖားကန့်ကို ကုန်စည်သယ်ယူပို့ဆောင်နေရတာဖြစ်ပါတယ်။ကုန်စည်သယ်ဆောင်ရာမှာ အကန့်အသတ်နဲ့သယ်ယူရတာတွေရှိတဲ့အပြင် မိုးကြောင့် လမ်းပျက်ဆီးလို့ ကားကြီးတွေသွားလာဖို့ခက်ခဲပြီး ဆန်အပါအဝင်ကုန်စည်အချို့စျေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် လက်ရှိသွားလာခွင့်ပိတ်ထားတဲ့ လုံးခင်း – နန့်ယား – ကာမိုင်းလမ်းကို ပြန်လည်ဖွင့်ပေးစေလိုကြောင်း ၊ အဆိုပါလမ်းပိုင်းကိုသာအသုံးပြုခွင့်ရပါက ကုန်စည်စီးဆင်းမှု မြန်ဆန်မှာဖြစ်တယ်လို့သိရပါတယ်။
ဖားကန့်မှာ ယခုဇူလိုင် ၂ ရက်ကစပြီး ဇူလိုင် ၈ ရက်အထိ နစကနဲ့ KIA ပူးပေါင်းတပ်တွေ အကြား မြေပြင်ထိတွေတိုက်ပွဲတွေဖြစ်ပွားခဲ့ရာ လက်နက်ကြီးကြောင့် လူ ခြောက်ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တဲ့အပြင် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ