စာရေးဆရာ မောင်သာချို ကင်ဆာရောဂါနဲ့ကွယ်လွန် ကွယ်လွန်

ဇူလိုင် ၁၀ ၊ ၂၀၂၅
GG (VOM)
နိုင်ငံကျော် စာရေးဆရာ မောင်သာချို ရန်ကုန်မြို့ ၊ ပင်လုံဆေးရုံကြီးမှာ ဒီနေ့ ဇူလိုင် ၁၀ ရက်နေ့ မနက် ၈ နာရီက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
ကွယ်လွန်ချိန်မှာ စာရေးဆရာမောင်သာချိုဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
“စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင် ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါပြီ” လို့ ကာတွန်းဆရာ အော်ပီကျယ်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
စာရေးဆရာ မောင်သာချိုကို ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာမှာ အဖ ဦးဝင်းသိန်း၊ အမိ တို့က ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့မှာ မွေးဖွားခဲတာဖြစ်ပြီး အမည်အရင်းမှာ ဦးညွန့်သောင်းဖြစ်ပါတယ်။ ဂျက်ကွမ်းခြံကုန်းဆိုတဲ့ ကလောင်အမည်နဲ့ သရော်စာတွေ ရေးသားခဲ့ပါတယ်။
စာပေလောကကိုတော့ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ ‘ခေတ်သစ် မေတ္တာ’ ကဗျာနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
“ဂျက်(ကွမ်းခြံကုန်း)ရဲ့ သရော်မှုတွေသတိရနေမယ်။
မာန်ပါ သရုပ်ပါသလို၊အဝိဇ္ဇန်းရွှင်ရွှင်နဲ့ စာဟောတာတွေကို သတိရနေမယ်။အတူတူထောင်ကလွတ်လာသလိုရှေ့ဆင့်နောက်ဆင့် ရွှေညဝါဆရာတော်ကြီးနဲ့ အတူ ချိန်းမထားဘဲ အတူတူထွက်သွားခဲ့ကြပြီ။
အနုပညာ စာပေယဥ်ကျေးမှုမျက်နှာစာမှာသူ ထားနိုင်သမျှ ထားသွားပေးခဲ့သူ။ အိပ်မက်ဖူးတွေ တမလွန်မှာ ဆက်ပွင့်ပါ အစ်ကို။” လို့ ကဗျာဆရာ စံငြိမ်းဦးကလည်း ပြောဆိုထားပါတယ်။
စာရေးဆရာမောင်သာချိုသည် မြန်မာစာပါမောက္ခတဦးလည်းဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်မှာ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ မှာ မဟာဝိဇ္ဇာဘွဲ့တွေ ရရှိခဲ့ပါတယ် ။
၁၉၈၈ ခုနှစ် ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစတင်ပြီး တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ် ၊ပညာရေးတက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြ၊ ကထိကနှင့် ပါမောက္ခရာထူးကို အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
စာရေးဆရာ မောင်သာချိုရဲ့ ပထမဆုံးပုံနှိပ်ဖြန့်ချီခဲ့တဲ့စာအုပ်က ” သမီးဖတ်ဖို့’ စာအုပ်ဖြစ်ပြီး ရာပြည့် စာအုပ်တိုက်က ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စာရေးဆရာမောင်သာချိုဟာ နိုင်ငံတဝန်းမှာ စာပေဟောပြောပွဲတွေကျင်းပခဲ့ပြီး စာပေဟောပြောပွဲတွေကြောင့်ပဲ လူကြိုက်များပြီး ထင်ရှားကျော်ကြားသူဖြစ်လာခဲ့ပါတယ်။
နစက စတင်တာဝန်ယူတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မှာတော့ စာရေးဆရာ မောင်သာချို ဖမ်း ဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပုဒ်မ ၅၀၅ (က) အရ အမှုဖွင့်တရားစွဲခံခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ စာရေးဆရာ မောင်သာချိုကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်မှာ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
မောင်သာချို နဲ့အတူ ထောင်ကနေအတူပြန်လွတ်လာခဲ့တဲ့ ရွှေညဝါဆရာတော်လည်း ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်မှာပဲ ပျံလွန်တော်မူခဲ့ပါတယ်။
ဓာတ်ပုံ – အော်ပီဂျယ်

Related posts

Leave a Comment

VOM News

FREE
VIEW