ဇူလိုင် ၂၃ ၊၂၀၂၅
GG (VOM)
မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့ကို နစကတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သပိတ်ကျင်း မြို့တွင်းကိုဝင်ရောက်ကာ ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။
အရင်ရက်တွေကတည်းက သပိတ်ကျင်းမြို့နယ်ဘက်မှာ PDF နဲ့ နစက တပ်တွေအကြားတိုက်ပွဲ ပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ကြောင်း ၊ နစကဘက်မှ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဇူလိုင် ၂၂ ရက်နေ့မှာတော့ နစကမှ မြို့တွင်းကိုဝင်ရောက်ပြီး ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ကနဦး သိရပါတယ်။
နစကတပ်တွေဟာ သပိတ်ကျင်းမြို့ထဲက ဆေးရုံ ၊ဘဏ်တွေ ၊ မြို့မရဲစခန်း ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ခရိုင် ဥပဒေရုံး ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ခန်းမ အစရှိတဲ့ မြို့တွင်း နေရာတွေကို ထိန်းချုပ်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း နစကဘက်မှ ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။
” မနေ့ညကတည်းက သပိတ်ကျင်းမြို့ကို စစ်တပ်ကထိန်းချုပ်လိုက်ပြီလို့ ကျွန်တော်တို့လည်းသိရတယ်။ တိုက်ပွဲဖြစ်တော့ ရှောင်နေရတော့ မြို့ထဲမရှိဘူး။ ဒါပေမယ့်သတင်းတွေအရတော့ PDF တွေမြို့ထဲကနေ ဆုတ်သွားပြီး စစ်တပ်က ဝင်လာတာတော့ ဟုတ်ပါတယ်။အခြေအနေတွေက ဘယ်လိုဆက်ဖြစ်မလဲမသိတော့ မြို့ထဲမပြန်ရဲသေးပါဘူး။” လို့ သပိတ်ကျင်းဒေသခံ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
သပိတ်ကျင်းမြို့ကို နစကဘက်မှ ပြန်လည်ထိန်းချုပ်တဲ့အပေါ် နေရာအချို့ကိုသိမ်းပိုက်လိုက်တာမှန်ကြောင်း PDF တွေဘက်ကလည်း သတင်းမီဒီယာအချို့ကို ပြောဆိုထားတာတွေ့ရပါတယ်။ လက်ရှိအထိတော့ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့သိရပါတယ်။
သပိတ်ကျင်းမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီး သိမ်းပိုက်ပြီးနောက် ၁၀ လကျော်အကြာမှာတော့ နစကမှ ပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
” PDF တွေက သပိတ်ကျင်းမြို့ကိုပဲ သိမ်းပိုက်ခဲ့တာ။ တနယ်လုံးမဟုတ်ဘူး။ ခုနှစ်မိုင်နဲ့ တွင်းငယ်ရွာတဝိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို မသိမ်းနိုင်ခဲ့လို့ ဒီကြားထဲတောက်လျှောက် အဲဒီဘက်မှာဖြစ်နေတာ။ အဲဒီနေရာရယူဖို့တိုက်ရင်းကနေအခုတော့ ရပြီးသားမြို့ကိုပါပြန်လက်လွှတ်လိုက်ရတဲ့အခြေအနေပါ။” လို့သူကထပ်မံပြောပါတယ်။
နစက ကတော့ PDF တွေသိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် မြေပြင်ထိုးစစ်အင်အားတိုးလာသလို ရေကြောင်း ၊ လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာနစကက နောင်ချိုကိုလည်း ပြန်လည်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
ဓာတ်ပုံ – CJ