ဆူးငှက်
ရန်ကုန်ကို မရောက်ဖူးလို့ ဘုရားဖူးရင်း အလည်လာတာလား
——————————————————————–
ရန်ကုန်ရောက်ပြီး နောက်ရက်ရောက်တော့ ဦးဇော်ဝင်းက သူ့အမျိုးများရှိသည့် မြေနီကုန်းသို့ အလည်သွားသည်။ သူ့အစ်ကိုဝမ်းကွဲဟု သိရသည်။ မြေနီကုန်းက လမ်းတော့ မမှတ်မိ။ အိမ် ၂ထပ် ပျဉ်ထောင်အိမ်ကြီး ဖြစ်သည်။ သူတို့က အပေါ်ထပ်မှာမို့ အပေါ်ထပ်တက်တော့ အိမ်ခန်းက ရှေးအိမ်ကြီး၏ သပ်ရပ်သော အပြင်အဆင်ဖြစ်သည်။ ကြမ်းခင်း ပျဉ်များကလည်း သန့်ရှင်း ပြောင်လက်လို့။ ဦးဇော်ဝင်း၏ အစ်ကိုဝမ်းကွဲ ဆိုသူက ဧည့်ခန်းက ပက်လက်ကုလားထိုင်မှာ ထိုင်ရင်း သတင်းစာဖတ်နေသည်။ ခပ်လှမ်းလှမ်မှာ ကျွန်တော်နှင့် ရွယ်တူလောက် ဖြစ်ပုံရသည့် မိန်းကလေးတစ်ဦးက ကျောင်းစာလုပ်နေပုံရသည်။ သူ့နှင့် မတိမ်းမယိမ်း တစ်ယောက်ကလည်း အနားမှာ ရှိနေသည်။ ကျောင်းသူ ညီအစ်မဖြစ်လိမ့်မည်။ ဖျပ်ကနဲ မြင်လိုက်ရသည်မှာပင် သွယ်သွယ်ချောချောလေးတွေဟု ခန့်မှန်နိုင်သည်။
ဦးဇော်ဝင်းနှင့် ကျွန်တော်က သူ့အစ်ကိုဘေးရှိ ဆက်တီမှာ ဝင်ထိုင်ရင်း ဦးဇော်ဝင်းက လာရင်းကိစ္စကို ပြောပြနေသည်။ မိန်းကလေး၂ယောက်ကလည်း စိတ်ဝင်စားပုံရသည်။ စာအုပ်ပေါ်က မျက်နှာကိုခွာကာ လှမ်းကြည့်နေကြ၏။ ထိုစဉ် ကျွန်တော့်ကို ဦးဇော်ဝင်းက သူက မခင်ဝင်းရဲ့မောင်လေ၊ မောင်ကျော်ဆန်း တဲ့၊ တက္ကသိုလ်နောက်ဆုံးနှစ်ဟု မိတ်ဆက် ပေးတော့ အိမ်ရှင်က သြော်..၊ မင်းက ရန်ကုန်မရောက်ဖူးလို့ အလည်လိုက် လာတာလားဟု မေးလိုက်သောအခါ ကျွန်တော်တို့ကို အာရုံစိုက်နေသော မိန်းကလေးတွေရှေ့မို့ ကျွန်တော့်မှာ မျက်နှာ ထူပူသွားသည်။ သည်တော့ မဟုတ်ပါဘူးဗျ ဟု ဘာကိုမဟုတ်တာမှန်းမသိ နှုတ်က ယောင်ယမ်း ထွက်သွားတော့သည်။ တကယ်က ရန်ကုန်ကို အခုမျ ရောက်ဖူးတာလားဟူသော မေးခွန်းကို ဟုတ်ပါတယ်ဟု မဖြေဝံ့ခြင်း ဖြစ်သည်။ သည်တော့ ဘုရားဖူးလိုက်လာတာ ဆိုသည်ကို မဟုတ်ဘဲ အလုပ်ကိစ္စလိုလို ဝေ့လည်ကြောင်ပတ် ဖြေခြင်း ဖြစ်သည်။
ဖရေဇာလမ်းနှင့် ဒါလဟိုဆီလမ်းအကြား
————————————————
ဟုတ်သည်လေ၊ ရွယ်တူ မိန်းကလေးချောချောလေးတွေရှေ့ တောဘုန်းကြီးကျောင်းသား ရန်ကုန် စရောက်သလိုမျိုး အထင်မခံနိုင်ပေ။ ထို့နောက် အိမ်ရှင်က အခု မောင်ဇော်ဝင်းတို့ ဘယ်မှာ တည်းကြသလဲကွ ဟု မေးသောအခါ ဦးဇော်ဝင်းက စံပြတည်းခိုခန်းမှာဗျ ဟု ဖြေတော့ အိမ်ရှင်က မျက်မှောင် ကြုံ့ပြီး စံပြတည်းခိုခန်းက မြို့ထဲမှာလားဟု မေးသည်။ သည်တွင် ကျွန်တော်က အားကျမခံ ရန်ကုန်ကို နှံ့စပ်သူပမာ စံပြတည်းခိုခန်းက ဘားလမ်းမှာပါ ဟု ဖြေလိုက်သည်။
အိမ်ရှင်က ဘားဘမ်း ဘယ်အပိုင်းမှာလဲကွ ဟု ထပ်မေးတော့ ဦးဇော်ဝင်း မဖြေမီ ကျွန်တော်က ဖရေဇာလမ်းနဲ့ ဒါလဟိုဆီ လမ်းအကြားမှာပါ။ မြို့တော်ခန်းမနဲ့ နီးပါတယ်ဟု ခပ်သွက်သွက် ဖြေလိုက်တော့သည်။ သည်တော့မှ အိမ်ရှင်က သြော်.. ဟု နေရာကို သိသွားတော့သည်။ တော်သေး၊ ကျွန်တော်ကလည်း အရင်က ဖတ်ဖူးထားလို့ ဖရေဇာလမ်းတွေ၊ ဒါလဟိုဆီလမ်းတွေ၊ ယောက်လမ်းတွေ၊ မဂိုလမ်းတွေလောက် သိထားလို့ ဟန်ကိုယ့်ဖို့ နိုင်ခြင်းဖြစ်သည်။
အိမ်မှာ တည်းပါလားတဲ့
—————————–
အိမ်ရှင်က မောင်ဇော်ဝင်းတို့ တည်းခိုခန်းမှာဆိုတော့ အပိုကုန်နေမှာပေါ့။ ဒီမှာ အကျယ်ကြီးပဲ၊ မင်းတူမနှစ်ယောက်နဲ့ ဒို့ဇနီးမောင်နှံ ၂ယောက် ၊ ပေါင်း၄ယောက်ပဲရှိတာ၊ ဒီပြောင်းခဲ့ကြပါလား တဲ့။ ဘုရားဘုရား.. ဥိးဇော်ဝင်းကများ ဟုတ် အစ်ကိုဟု ပြောလိုက်လေမလား၊ အကယ်၍ ပြောင်းများ တည်းလျှင် ဘယ်လိုနေရမလဲမသိ၊ ကျွန်တော်က လုံးဝမနေတတ်၊ မရိုသေ့စကား အိမ်သာပင် ဝင်ရဲမှာ မဟုတ်။ ကျွန်တော့်မှာ ဒီအသက်အရွယ်အထိ မောင်နှမရင်းချာ အိမ်ကလွဲလို့ တစိမ်း ဘယ်သူ့အိမ်မှ မတည်းဖူးခဲ့။ ယုတ်စွအဆုံး ဝမ်းကွဲများ အိမ်၌ပင်လျှင် မနေတတ်။
တော်သေးသည်။ ဦးဇော်ဝင်းက နေပါစေ အစ်ကို၊ ကျွန်တော့် အလုပ်တွေက မြို့ထဲမှာချည်းရော၊ တွေ့ရမယ့် ဧည့်သည်တွေကလည်း မြို့ထဲမှာမို့ တည်းခိုခန်းကပဲ အဆင်ပြေလို့ပါ ဟု ဖြေလိုက်မှ သက်ပြင်းချနိုင်သည်။ ထိုအခါ အိမ်ရှင်က အေးပါကွာ၊ ဟုတ်ပါတယ်၊ အဲ့ဒီနေရာက ပိုအချက်အချာကျတာပေါ့၊ ဒါပေမယ့် မင်းတို့ အဆင်ပြေမယ့်နေ့တော့ အိမ်မှာ ထမင်းတစ်နပ်တော့ လာစားကြဦးကွ ဟု ဖိတ်သည်။ ဦးဇော်ဝင်းက ရပါတယ်အစ်ကို၊ တကူးတကန့် လာမစားတော့ပါဘူး၊ နောက်အခေါက်တွေ မခင်ဝင်းရောပါလာမှ သီးသန့် လာခဲ့ပါ့မယ် ဟု ဖြေလိုက်သည်။ ထိုအိမ်မှာ ချကျွေးသော ကော်ဖီနှင့် မုန့်ကိုစားပြီး ရုံးဖွင့် လောက်သည်မို့ စာပေဗိမာန်သို့ ခရီးဆက်ကြ၏။
စာပေဗိမာန်တဲ့
——————
စာပေဗိမာန်မှာ အပေါ်ထပ်တက်ဖို့ စာရင်းပေးရ စာရင်းဖြည့်ရမို့ ကျွန်တော်က မလိုက်ဘဲ အောက်က စောင့်နေခဲ့သည်။ ဦးဇော်ဝင်းက စာရင်းပေးပြီး အပေါ်တက်သွား၏။ ကျွန်တော်က အောက်မှာထိုင်ရင်း နာမည်ကျော် စာပေဗိမာန် ဟူသည်ကို မျက်စေ့ဝန်းကျင် မြင်သမျှ ကြည့်ဖြစ်နေသည်။ စိတ်ထဲမှာ ထင်ထားသလောက် မခမ်းနား သလိုပါပဲ။ စာပေဗိမာန်မှာ ဦးဇော်ဝင်းက တွေ့ရမည့်သူတွေ အဆင်ပြေပြေတွေ့ခဲ့ရသတဲ့။
မထင်မှတ်ဘဲ အိမ်နီးချင်း လည်းဖြစ်၊ စာရေးဖော်လည်းဖြစ်သည့် ဆရာမုံရွာဝင်းဖေနှင့်လည်း တွေ့တော့ ဆရာမုံရွာဝင်းဖေက အောက်ထိ ဆင်းကာ လိုက်လာသည်။ စာပေဗိမာန်က အပြန် ကန်တော်ကလေးက သူ့မိတ်ဆွေ ပန်းချီဆရာ၏ အိမ်ကိုရှာတော့ တွေ့ပါသည်။ သို့သော် ပန်းချီဆရာနှင့် မတွေ့ဖြစ်၊ ညဦးပိုင်းလောက်မှ ပြန်ရောက်မှာတဲ့။ ထို့နောက် အတွင်းဝန်ကြီးများရုံးရှေ့ရှိ နောက်ထပ် သူ့မိတ်ဆွေ ပန်းချီဆရာတစ်ဦးထံ ခရီးဆက်ကြသည်။ ရွှေဘိုသား ပန်းချီဆရာ ပေါ်သိမ်းတဲ့။
အတွင်းဝန်ရုံးရှေ့က Peacock Gallery
—————————————–
ဆရာပေါ်သိမ်း၏ Peacock Gallery ကို အတွင်းဝန်ရုံးရှေ့မှာ လွယ်လင့်တကူတွေ့ပါသည်။ ထို့အတူ ဆရာပေါ်သိမ်း ကိုလည်း ဂယ်လာရီမှာ တွေ့ပါ၏။ ပန်းချီဆရာက ဆံပင် စုတ်ဖွား၊ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေနှင့် စွပ်ကျယ်လက်စက ဝတ်ကာ ပန်းချီကားတစ်ချပ် ရေးဆွဲနေသည်။ ရေးဆွဲလက်စ ပန်းချီကားက ကွင်းပြင်တွင် ကလေးတစ်ယောက် ရစ်ဘီးနှင့် စွန်လွှတ်နေသည့်ပုံ ဖြစ်သည်။ ဆရာပေါ်သိမ်းက ဦးဇော်ဝင်းကို တွေ့တော့ ဝမ်းသာအားရ နှုတ်ဆက်သည်။ မတွေ့ကြတာ ကြာပြီတဲ့။ မန္တလေးတက္ကသိုလ်မှာ အတူတူတဲ့။
ဦးဇော်ဝင်း(ဇော်ပုလဲ) ၏ ကဗျာစာအုပ် မြရိပ်ကွန်းနှင့် မြောင်းသန္တာကို အဖုံးရေးဆွဲခဲ့တာတဲ့။ ဆရာပေါ်သိမ်းက ဦးဇော်ဝင်း ပန်းချီစာအုပ်တွေ သူ သေချာ သိမ်းထားပါတယ်တဲ့။ လောလောဆယ် စာအုပ်တွေက အိမ်မှာမို့ နောက်ရက် ယူထားပေးပါမယ်တဲ့ ပြောသည်။ သူတို့ သူငယ်ချင်း၂ယောက် စကားပြောနေကြစဉ် ကျွန်တော်က ပန်းချီကားတွေ တစ်ချပ်ချင်းကို စိမ်ပြေနပြေကြည့်နေသည်။ ပန်းချီကားများသာမက မော်ဒန် ပန်းပုရုပ်များလည်း တွေ့ရသည်။ ပန်းပုဆရာ ဆန်နီညိမ်း ရဲ့ လက်ရာတွေတဲ့။ ဆရာဆန်နီညိမ်းဆိုတာ မန္တလေးသား ဆရာကျားဘညိမ်းရဲ့ သားတစ်ဦးပဲလေ။
ကျွန်တော်တက်ချင်ခဲ့သော ပန်းချီသင်တန်း
———————————————-
ကျွန်တော် လှည့်ပတ် ကြည့်ရှုနေသော ပန်းချီကားများထဲမှ ၃ရောင်ခြယ် ကဒေါင်းအလံပုံ ပန်းချီကားရှေ့ အရောက် ထိုပန်းချီကားက ဂျပန်သံရုံးက အော်ဒါ အပ်ထားတာဟု ဆရာပေါ်သိမ်းက လှမ်းပြောသည်။ ဂျပန်သံရုံးက အဲ့လို ရှေးဟောင်းပုံ ပန်းချီကားတွေ အတော်များများ အပ်ထားသတဲ့။ သူ့ ပန်းချီကားတွေကို ဂျပန်သံရုံးက အတော်များများ ဆက်သွယ်ရောင်းပေးနေတာတဲ့။ ဆီဆေးတောင့်တွေလည်း သံရုံးကတဆင့် ဝယ်လို့ ရနေသတဲ့။ ထိုစဉ်ကာလ ပန်းချီပေါ်သိမ်းက အရောင်းအဝယ် အဆင်ပြေနေပုံရသည်။ သူ့ ဂယ်လာရီကလည်း နေရာကောင်းမှာ သပ်ရပ် ကောင်းမွန်နေ၏။ ထိုနေ့က ဆရာပေါ်သိမ်း၏ Peacock Gallery မှာ အေးအေးဆေးဆေး နားဖြစ်ကြသည်။
ဆရာပေါ်သိမ်းက သူဖွင့်လှစ်နေသည့် ခေတ်သစ် ပန်းချီသင်တန်း အကြောင်း ပြေပြသည်။ သူ့ပန်းချီသင်တန်းမှာ မန္တလေးကလည်း တစ်ယောက်တက်နေသတဲ့။ ထိုသူ၏ လိပ်စာကိုပေးတော့ ကျွန်တော်တို့ သင်္ချာက ကိုလေးမော်နှင့် တစ်ဆောင်တည်းနေသူ ဖြစ်နေသည်။ ၂၈လမ်း ပုလွေတန်း ကောက်ရိုးနွယ်ဂေဟာက ကိုညွန့်ရွှေတဲ့။ ကျွန်တော်ကလည်း သင်တန်းကို စိတ်ဝင်စားသည်။ ထို့ကြောင့် ဆရာပေါ်သိမ်းထံက သင်တန်း ဝင်ခွင့် လျှောက်လွှာ ယူခဲ့သေးသည်။ သို့သော် ကျွန်တော့် ထုံးစံအတိုင်း ဘာမှ ဖြစ်မြောက်အောင် လုပ်ကိုင်စွမ်းမရှိတော့ သင်တန်းလျှောက်လွှာက အခုထိ ရှိနေပါသေးသည်။ သင်တန်းဆရာ ဆရာပေါ်သိမ်းပင် ၂၀၂၀ခုနှစ်က ကွယ်လွန်ခဲ့ပေါ့။
လောကနတ်မှသည် ကန်တော်ကလေးသို့
————————————————–
ထိုနေ့က ပန်းချီပြခန်းတွေချည်း ရောက်ဖြစ်သည်။ ပန်းဆိုးတန်းလမ်းက နာမည်ကျော် လောကနတ် ပန်းချီပြခန်းလည်း ရောက်ဖြစ်သည်။ ပြခန်းတံခါးက ပိတ်ထား၏။ ကျွန်တော်တို့က အလိုက်မသိစွာ တံခါးဘေးက ဘဲလ်ကိုနှိပ်တော့ နှုတ်ခမ်းမွှေးနှင့် မျက်နှာရှည်ရှည် ပန်းချီဆရာက ပန်းချီဆွဲလက်စနှင့် စိတ်တိုစွာ တံခါးကို လာဖွင့်ပေးသည်။ သြော်.. နာမည်ကျော် ပန်းချီဆရာ ပေါ်ဦးသက်ဖြစ်သည်။ ပြခန်းပိတ်ချိန်မျာ ကျွန်တော်တို့က အလိုက်မသိခဲ့ပုံလေ။ လောကနတ်မှာ လည်း ပန်းချီကားတွေ ကြည့်ဖြစ်ခဲ့ပါ၏။ ထိုနေ့က တည်းခိုခန်း မပြန်မီ ဆူးလေဘုရားလမ်းမှာ ညစာစားပြီး မနက်က ချိန်းခဲ့သော ကန်တော်ကလေးက ပန်းချီဆရာထံ ထပ်မံ သွားကြသည်။ အောင်ဆန်းကွင်းဘေးက အထဲဝင်ရသော ကန်တော်ကလေး အိမ်ရာထဲမှာ မီးတွေ လင်းနေပါပြီ။
ပန်းချီဆရာ၏ အိမ်က လမ်းထဲထိ ဝင်ရသည်။ ညအချိန်မို့ ကျွန်တော်တို့ ဟိုမေးသည်မေး စမ်းတဝါးဝါး ဖြစ်နေတာ မြင်လိုက်လို့တဲ့။ ပန်းချီဆရာက သူ့အိမ်ကထွက်လာပြီး လမ်းထိပ်က ကြိုစောင့်နေသည်။ ဦးဇော်ဝင်းကိုတွေ့တော့ ပန်းချီဆရာက အရင်အခေါက်တွေက ကိုဇော့်ကို မတွေ့တာက သူနိုင်ငံခြားရောက်နေလို့ပါတဲ့။ အခု အိမ်လိုက်ခဲ့ပါခေါ်တော့ မိုးချုပ်နေလို့ မလိုက်ဖြစ်တော့။ နောက်ရက်နေ့ခင်းမှ အေးအေးဆေးဆေးလာပါမယ်ဟု ပြောကာ ပန်းချီဆရာက အဆင်သင့်ယူလာသော ပန်းချီစာအုပ်တွဲကို ပြန်ပေးလိုက် သည်။ ပန်းချီဆရာက တစ်ခုခုကျွေးချင်သေးတာတဲ့။ ဦးဇော်ဝင်းက နောက်ရက် တွေ့ဦးမှာပဲဗျာဟု တောင်းပန်ပြီး ပြန်ခဲ့ကြသည်။ ထိုပန်းချီဆရာက ပန်းချီ ဘီဟန်စိန်တဲ့လေ။ ပိုစတာမှာ နာမည်ကျော်ပေါ့။
ဆူးငှက်
