သထုံမြို့က မော်လမြိုင် – ရန်ကုန် ကားလမ်းမှာ ရေကြီးနေ

ဇူလိုင် ၂၆ – ၂၀၂၅
SS (VOM)
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီကနေ့ ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ရန်ကုန် – မော်လမြိုင်ကားလမ်း ရေကျော်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ရပ်ကွက်၊ ဘုရားကြီးလမ်းနဲ့ မြို့မဈေးရှေ့၊ မော်လမြိုင် – ရန်ကုန် ကားလမ်းမကြီးပေါ်မှာ မိုးရွာသွန်းမှုကြောင့် ၂ ပေခန့် ရေကျော်နေတဲ့အပြင် အောက်ကျင်း ရပ်ကွက်ဘက်မှာလည်း ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“မနက်ကတော့ ကားလမ်း ရေကျော်နေလို့ လမ်းယာယီ ပိတ်ထားလိုက်ရတယ်။ နောက်တော့ ဒီလမ်းအသုံးပြု သွားလာမယ့်သူ‌တွေ အခက်အခဲ မဖြစ်ရလေအောင်ဆိုပြီး မနက် ၁၀ နာရီလောက်ကျတော့ လမ်းပြန်ဖွင့်ပေးလိုက်တယ်။ ယာဉ်တွေကိုတော့ ဘေးနားကအိမ်တွေကို ရေရိုက်ခတ်မှု မဖြစ်အောင် ဖြည်းဖြည်းချင်း ထိန်းမောင်းဖို့ သတိပေးနေပါတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
ဒါအပြင် ကျိုက္ကော် ဟင်းသီး၊ ဟင်းရွက်၊ အသားငါးဈေးကိုလည်း ဆက်သွယ်ရေးလမ်းဆုံကို ရွှေ့ပြောင်းကာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ဒါအပြင် အောက်ကျင်း ကျေးရွာဘက်မှာလည်း ရေဝင်ရောက်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတဲ့အတွက် သွားလာရေး အခက်အခဲဖြစ်နေပြီး အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။
“အိမ်အောက်ထပ် ရေမြုပ်နေပြီ။ မိုးကလည်း ရွာတာ မရပ်ဘူး။ ရေတက်လည်း အရမ်းမြန်တယ်။ ချောင်းရေနဲ့ မိုးနဲ့က လျှံတာ။ အတော်ဆိုးတယ်။ လမ်းပေါ်မှာ ရေက ခါးလယ်လောက်ထိ ရောက်နေပြီ။ နောက် တရက်နှစ်ရက်ဆို နေဖို့ထိုင်ဖို့ အခက်တွေ့နိုင်တယ်” လို့ အောက်ကျင်းရပ်ကွက်မှာ နေထိုင်သူ တယောက်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၂၇ ရက်၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေတဲ့အတွက် မွန်ပြည်နယ် အပါအဝင် တခြားသော တိုင်းနဲ့ပြည်နယ်တချို့မှာ မနက်ဖြန် ဇူလိုင် ၂၈ မနက်ပိုင်းအထိ မိုးရွာသွန်းမှု များပြားနိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအနေတွေကတော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
အလားတူ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
မိုးတိမ်တောင် ဖြစ်ပေါ်မှုအနေနဲ့ တပြည်လုံးမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုကြဖို့ မိုး/ဇလဌာနက အကြံပြုထားပါတယ်။
Photo – U Soe Win

Related posts

Leave a Comment

VOM News

FREE
VIEW