ရေနီမြောင်း ဇာတိမြေ (၄)

ဆူးငှက်
ကနဦးကဆိုခဲ့သလို ခရစ်စမတ်နေ့မှစ၍ အအေးပိုလာသော မန္တလေးဆောင်းသည် နှစ်သစ်ကူးရက်မှာလည်း အစွမ်းကုန် ပျော်ပါးမြူးတူး ပြီးနောက် ပြာသိုလပြည့် အဖိတ်နေ့ည အားကုန်သွန်ကြဲအေးတော့သည်။ ပြာသိုလပြည့်မနက်မှာတော့ ကွင်းကြီးတစ်ကွင်း လုံး နှင်းတွေအိနေအောင် ကျနေ၏။
နံနက် ၆ နာရီခွဲမို့ မတ္တရာရထားက ဥသြသံကွဲကွဲဖြင့် အအေးပတ် အသံဝင်ကာ ခုတ်မောင်းသွားသော်လည်း ကွင်းထဲကအိမ်လေးတွေ စောင်ခြုံကာ ငုတ်တုတ်ကွေးကောင်းနေတုန်းပဲ ရှိနေပါသည်။ နှင်းတွေဝေနေဆဲမှာပင် ပြုဖွယ်ကိစ္စမို့ ကလေးတွေ အတွက် အကြော်လေးတွေဝယ်ဖို့ ချမ်းချမ်း စီးစီး လမ်းလျှောက်ထွက်ခဲ့ပါသည်။
ကွင်းထဲကအထွက် လမ်းကလေးအချိုးမှာပင် သပြေခြံကြီးဘေးက ကွက်လပ်ကြီးထဲက သရက်ပင်ကြီးအောက်မှ တစ်ဘက်ရပ် ထောင်ထားသော ခြင်ထောင်တစ်လုံး၊ အိုးခွက်ပန်းကန် တောင်းပလုံးအချို့နှင့်အတူ ထင်းမီးဖို မီးခိုးတအူအူကို တွေ့ ရတော့သည်။
အား … ဒီလောက်ချမ်းတဲ့ကွင်းပြင်ထဲ ဘယ်ဈေးသည်များ ရောက်လာစတည်းချပါလိမ့်။ သည်နားမှာ ဘုရားလည်းမရှိ၊ ဓမ္မာရုံ လည်းမရှိ၊ နတ်ကန္နားမရှိ၊ ပွဲလမ်းမရှိပါဘဲရောက်လာတာ ဈေးသည်လည်း ဟုတ်ဟန်မတူ။ အနားမှာက ဂျင်းမားအင်ဂျင် ရေစုပ်စက်ကြီး တစ်လုံးနှင့် ပိုက်များ။
ဗေဒါတွေပိတ်နေသည့် ရေမြောင်းတံတားလေးအရောက် တံတားလေးဘေးမှ တမံတုပ်ကာ ရေတွေပိတ်ထားတာလည်း မြင်နေ ရသည်။ အိုး … စောစောစီးစီး နှင်းတောထဲက ဗေဒါရေအိုင်တွေထဲမှာ လူနှစ်ယောက် သုံးယောက်က ဗေဒါတွေ ဒိုက်တွေ ရှင်းလင်းနေ ကြသည်။ သည်ရက်ပိုင်း ကျုံးတွင်း ရေသွင်းသော ရေနီမြောင်းမှာလည်း ရေသွင်းလျော့ထားသဖြင့် ရေစပ်စပ်ပဲရှိသည်။ သည်ရေသွင်း မြောင်းများ ဆယ်မလို့လား …။
ဤသို့သော စပ်စုစိတ်ဖြင့်ပင် မီးရထားသံလမ်းဘေးအတိုင်း လျှောက်ကာ နန်းရှေ့လမ်းနှင့် အောင်ပင်လယ်လမ်းဆုံမှာ အကြော်ဝယ်သည်။ မီးရထားလမ်းအရှေ့ဘက် မုန့်ပစ်သလက်ဆိုင်မှာ မုန့်ပစ်သလက် ဝယ်သည်။ အကြော် ၁ဝ ခု ငါးဆယ်ဖိုးနှင့် မုန့်ပစ်သလက် ၆ သုံးဆယ်ဖိုး။ မနက်ပိုင်း ငွေရှစ်ဆယ်ကုန်လျှင် မိသားစု ၄ ယောက်စာ ပြီးပါပြီ။ အကြော်တစ်ခု ငါးကျပ်ကလည်း ဘာပဲပြောပြော မြို့ထဲအကြော် တွေထက် ကြီးသည်။
မုန့်ပစ်သလက်တစ်ခု ၅ ကျပ်ကတော့ အတန်ဆုံး။ မုန့်ပစ်သလက် သည် သားအမိက လုပ်ပုံကိုင်ပုံ သန့်ရှင်းသည်။ မုန့်ညက်ကာ ဆန်ကောင်းဖို့ နုညက် ဖြူစင်သည်။ စားတော်ပဲလေး ဖျောက်ဖျောက်ဖြူးကာ နံနံလေး အုပ်ထားသည့် မုန့်ပစ်သလက်တစ်ခု ငါးကျပ်က တန်လှသည်။
သရက်ကုန်းကျောင်းမှ မနက်လေးနာရီ တုံးခေါက်လျှင်ပင် “ငြိမ်းငြိမ်း” ဟု နာမည်လေးရေးထားသော ဘက်ထရီကို မီးသီးလေး ထွန်းကာ သားအမိနှစ်ယောက် မုန့်ပစ်သလက်ဆိုင်ကလေး ဖွင့်သည်။ မနက်လင်းလုလု ငါးနာရီ တုံးခေါက်တော့ ဗန်းထဲက မုန့်ပစ် သလက် ပူပူနွေးနွေးတွေ ကုန်လုပြီ။ ပုသိမ်ကြီးဈေးကားတွေက သည်နားမှာ ရပ်သေးသည်မဟုတ်လား။ ငါးနာရီခွဲ ၆ နာရီလောက်ရောက်လျှင် မုန့်ပစ်သလက်ကိုစောင့်၍ တန်းစီမှာရ၏။ ခုနစ်နာရီခွဲ ရှစ်နာရီဆို ကုန်ပြီ။
သည်နားက အကြော်ဆိုင်ကလည်း မနက်၄နာရီလောက်ကတည်းက မီးမွှေးရ၏။ လသားအရွယ် ဝဝကစ်ကစ် ချစ်စဖွယ် ဖြူဖြူဖွေးဖွေး ကလေးလေးကို ရင်ခွင်ပိုက်ရင်း ထွေးပွေ့ရင်း လက်မလည်အောင် အကြော် ကြော်ရသည်။ ရောင်းရသည်။
အကြော်ဆိုင်နှင့် မုန့်ပစ်သလက်ဆိုင်မှ မုန့်ဝယ်အပြီး အိမ်အပြန် လမ်းမှာထိ ရေစပ်စပ်သာကျန်သော ရေနီမြောင်းကိုကြည့်ရင်း ကွင်းထဲက ခြင်ထောင်နှင့် ရေစုပ်စက်ကို ပြန်လှန်သတိရကာ မွေးခွန်းတွေ တက်လာ ပြန်ချေ၏။

ဤသို့ဖြင့် ရေနီမြောင်းပေါင်အတိုင်း ရတနာပုံလမ်းအတိုင်း လမ်းလျှောက်ပြန်ရင်း ကွင်းဘက်သို့ ချိုးအကွေ့ ရေစုပ်စက်သံ တထုတ်ထုတ်ကို ကြားရကာ ဗေဒါတွေ ဒိုက်တွေ ပြည့်နေသော မြောင်းအိုင်မှရေများ စုပ်ထုတ်နေတာ မြင်ရသည်။ နေအနည်းငယ် မြင့်လာသည်မို့ အားလုံးနီးပါးမျှ အိပ်ရာထကြသောကြောင့် သစ်သားတံတားလေးအောက်မှ တမံတုပ်ကာ ရေတွေပိတ်တာ၊ ဒိုက်အမှိုက် ဗေဒါတွေရှင်းတာ၊ ရေစုပ်စက်နှင့် ရေတွေစုပ် ထုတ်တာ စူးစမ်းကြည့်နှင့်အတူ ဝိုင်းအုံလာကြသည်။
သပြေခြံနံဘေး ကွက်လပ်ထဲက သရက်ပင်အောက် တစ်ဘက်ရပ် ခြင်ထောင်နားမှာလည်း ခုံလေးတစ်လုံးအပေါ်မှာ အငွေ့ တလူလူ အမွှေးတိုင် နှင့်အတူ ကန်တော့ပွဲတစ်ပွဲ ထိုးထားတာလည်း တွေ့ရသည်။
“ဒီချောင်းကို လေလံဆွဲပြီး ငါးပက်ကြမှာတဲ့”
လူစုစုထံမှ ထိုအသံကို ကြားလိုက်ရသောအခါ ကျွန်တော့်စိတ်အာရုံမှာ လွန်ခဲ့သော အနှစ် ၂ဝ ကျော်ဆီ ရုတ်ခြည်းရောက်သွား တာ သေချာပါသည်။
ဒါ…ဒါဖြင့်… ဟို… ဆယ်ပေမြောင်းပေါင်ပေါ်က ကိုကောင်းကြွယ် တို့မိသားစု ….။ ဖိုးတေတို့မိသားစု …. ။

ကျွန်တော်သည် ကိုကောင်းကြွယ်နှင့် ဖိုးတေကို သတိရတာနှင့် တစ်ပြိုင်နက် တံတားလေးပေါ်မှ ရပ်ကြည့်နေကြသူတွေကြား တိုးကာ.. ချမ်းစီးလှသော မနက်စောမှာပင် အင်္ကျီကိုယ်တုံးလုံးနှင့် မြောင်းထဲဆင်းပြီး ရေနည်းသွားသော ဗွက်အိုင်ထဲကို ဆန်ကာ တစ်ချပ်နှင့် ထိုးကော်နေသူဆီ လှမ်းကြည့်မိသည်။
ကိုကောင်းကြွယ်နှင့်တော့ မျက်နှာကျရော ကိုယ်လုံးကိုယ်ပေါက်ရော အတော်တူသည်။ အသက်နှစ်ဆယ်အရွယ် ကြွက်သား အမြောင်းမြောင်း တောင့်တင်းသန်မာသော ကိုယ်ခန္ဓာနှင့် ခါးတောင်မြောင်အောင် ကျိုက်ထားသူမို့ ကိုကောင်းကြွယ်တော့ဖြင့် မဟုတ်နိုင်ပါ တော့ချေ။ သစ်သားတံတားလေးအောက် တမံတုပ်ထားသောနေရာ ကတွတ်ပေါက်မှနေ၍ ၁ဝ နှစ်သားအရွယ် ကလေးငယ်လေး တစ်ယောက်ကလည်း မြုံးတစ်လုံးဖြင့် ဆီးတားနေပြန်၏။ ဖိုးတေငယ်ငယ်ကနှင့် အတော်တူပြန်ပါသည်။ သို့သော် သူကလည်း ဖိုးတေတော့ဖြင့် မဟုတ်နိုင်ပြီ။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW