ကရင်ပြည်နယ်ထဲက မြို့နယ်ငါးခုမှာ ရေကြီးနေ၊ ကယ်ဆယ်ရေးစခန်း ၄၀ နီးပါးဖွင့်လှစ်ထားရပြီး ရေဘေးသင့်သူ သောင်းချီရှိနေ

ဇူလိုင် ၂၉၊ ၂၀၂၅
GG (VOM)
ကရင်ပြည်နယ်မှာ မိုးရွာသွန်းပြီး သံလွင် မြစ်ရေနဲ့ သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ် နဲ့ မြဝတီမြို့နယ်မှာ စိုးရိမ်ရေမှတ်ထက် ရေ ၄ ပေမှ ၅ ပေခန်ကျော်လွန်နေတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားရတယ်လို့သိရပါတယ်။
ဒါအပြင် လှိုင်းဘွဲ့မြို့ ၊ ကမမောင်းမြို့ ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း ရေကြီးရေလျှံ မှုတွေဖြစ်ပွားနေပြီး ရေထပ်တိုးနေလို့ ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားကာ ဒေသတွင်း သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။
လက်ရှိ ဘားအံမြို့နယ်မှာဆိုရင် ကျေးရွာ ခုနှစ်ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းခုနှစ်ခု နဲ့ ဘားမြို့ပေါ်မှာက ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ် ထားရှိပြီး ရေဘေးသင့်သူ ၁၀၀၀၀ ကျော်အထိရှိနေ တယ်လို့သိရပါတယ်။
လှိုင်းဘွဲမြို့မှာဆိုရင် မြို့ပေါ်ရပ်ကွက်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ထားပြီး ကျေးရွာငါးရွာမှာ ကယ်ဆယ်ရေးစခန်းငါးနေရာဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၅၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။
” ဘားအံမှာ ခုနေ့ခင်းရေပြန်တိုးလာတယ်။ကယ်ဆယ်ရေးစခန်းတွေလည်း ဖွင့်ထားရတယ်။မြစ်ရေက မြို့ထဲကိုစီးဝင်နေလို့ ကားတွေသွားလာရတာတောင်သိပ်မလွယ်ဘူး။ ဘားအံ – ရန်ကုန်လမ်းဆိုရင်လည်း ရေကဒူးလောက်ရောက်နေပြီ။ခုပုံအတိုင်းရေထပ်တိုးရင် ညနေဘက်ကားသွားရဖို့မလွယ်တော့ဘူး။လှိုင်းဘွဲ့ဘက်က မိုးရွာနေတယ်၊ ရေလည်းထပ်တိုးနေတယ်။ရွှေဂွန်းဘက်ရောပဲ။ ” လို့ ဘားအံဒေသခံကပြောပါတယ်။
မြဝတီမှာဆိုရင်လည်း ယခုရက်ပိုင်းအတွင်းမှာပဲ ဒုတိယအကြိမ်မြစ်ရေထပ်မံမြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာ ရပ်ကွက်အလိုက် ရေဘေးကယ်ဆယ်ရေးစခန်း ခုနှစ်ခုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။
ယခု ထိလည်း မြဝတီမှာမြစ်ရေထပ်တိုးနေပြီး မြစ်ကမ်းနီး နဲ့အနိမ့်ပိုင်းနေရာတွေဖြစ်တဲ့ အမှတ် ၂ ရပ်ကွက် ၊အမှတ်၃ ရပ်ကွက် ၊ အမှတ် ၅ ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။
” မြစ်ရေက ထပ်တိုးနေတော့ အနိမ့်ပိုင်းတွေပြောင်းရွှေ့တာရှိတယ်။တချို့လည်းမပြောင်းကြသေးဘူး။မြဝတီက အရင်ရက်ကလည်း ရေကြီးခဲ့သေးတယ်။ခုကနောက်တကြိမ်ပေါ့။အရင်တကြိမ်တုန်းကတော့ ခုထက်ဆိုးတယ်။အခုလည်းရေကတက်နေသေးတော့အခြေအနေက စောင့်ကြည့်ရမှာပါ။” လို့ မြဝတီဒေသခံကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတင် သောင်ရင်းမြစ်ရေက မြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၁၁ ပေကျော်မြင့်တက်ခဲ့လို့ နေအိမ်တွေရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပါသေးတယ်။
လက်ရှိမှာလည်း သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၄ ပေကျော် ကျော်လွန်နေပြီး ၂၄ နာရီအတွင်း နောက်ထပ် ၁ ပေထပ်မံမြင့်တက်လာနိုင်တယ်လို့သိရပါတယ်။
အလားတူ သံလွင်မြစ်ရေကလည်း လက်ရှိမှာ ဘားအံမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၅ ပေကျော် ကျော်လွန်နေပြီး ၂၄ နာရီအတွင်းမှာ ပေဝက်လောက်ပြန်ကျလာနိုင်ပြီး စိုးရိမ်ရေမှတ် အထက်မှာပဲဆက်ရှိနေမယ်လို့သိရပါတယ်။
လက်ရှိမှာ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းတွေအပါအဝင် ရေဝင်ရောက်ပေမယ့် မပြောင်းရွှေ့သေးတဲ့ ကျေးရွာက ရေဘေးသင့်သူတွေအတွက် သောက်ရေသန့်နဲ့ အစားအစာတွေ လိုအပ်မှုရှိနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW