ကေအန်ယူ တပ်မဟာ (၇) နယ်မြေတဝိုက် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက် တိမ်းရှောင်

ဩဂုတ် ၁၁ – ၂၀၂၅
SN (VOM)
ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ရှိရာ တပ်မဟာ (၇) နယ်မြေတဝိုက်မှာ မနေ့ ဩဂုတ် ၁၀ ရက်၊ ညပိုင်းက လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို အရေးပေါ် တိမ်းရှောင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီဝန်းကျင်က KNU ဌာနချုပ်ရှိရာ မော်ပယ်ခိုနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဌာနချုပ် တည်ရှိရာ သေ့ဘေထ နေရာတွေမှာ လေကြောင်း တိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံ၊ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“တပ်မဟာ (၇) ထဲက ကိုရီးယားဆေးရုံ ခေါ်တာပေါ့နော်။ အဲဒီဆေးရုံရဲ့ အောက်ခြေနေရာတွေ မီးလောင်သွားတယ်။ အိမ်တွေ၊ ဈေးဆိုင်ခန်းတွေ ပျက်စီးတာ၊ လူထိခိုက်တာ၊ ကားတွေပျက်စီးတာလည်း ရှိတယ်။ လူထိခိုက်မှုနဲ့ ပျက်စီး ဆုံးရှုံးမှု အရေအတွက်ကတော့ အတည်မပြုနိုင်သေးဘူး” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ကရင်ဘက်ခြမ်း ကျေးရွာတွေက ဒေသခံတွေဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ညတွင်းချင်း ထိုင်းနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။
“ထိုင်းနိုင်ငံဘက် ရှောင်နေတဲ့ သူတွေကတော့ လေကြောင်း အန္တရာယ် စောင့်ကြည့်နေဆဲ ကာလမို့ လောလောဆယ် ပြန်လာဖို့ မဖြစ်နိုင်သေးဘူး။ ဒီ KNU နယ်မြေထဲက ဘယ်မှ မသွားဘဲ ကျန်နေတဲ့ ဒေသခံတွေကတော့ အန္တရာယ်ကင်းနိုင်မယ်ထင်တဲ့ အဆောက်အအုံတွေထဲ ပုန်းခိုနေကြတယ်။ အခု ဒီ လေကြောင်း တိုက်ခိုက်မှုကလည်း ဖြစ်မယ်လို့ သတင်း ကြိုရထားတာရှိတယ်။ ဘယ်နေ့ ဆိုတာပဲ ရက်အတိအကျ မသိတာ။ အဲဒါကြောင့် တချို့ အကြီးအကဲပိုင်းတွေ၊ ဒေသခံတွေရော အပါအဝင်ပေါ့။ ကြိုရှောင်ထားကြတာ ရှိတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ လေကြောင်းအန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်တာကြောင့် မနက်ဖြန် ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်မယ့် (၇၅) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
နလအတပ်အနေနဲ့ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ရရှိဖို့ ဖိအားပေးတဲ့ အနေနဲ့ အဆိုပါနယ်မြေအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့အပြင် ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိမှာ နလအတပ်ဟာ ကရင်ပြည်နယ်ရှိ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ရေး ပြင်ဆင်နေပြီး KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ရာ နဘူး၊ မြပတိုင်၊ ရင်ခွဲတောင်၊ ရေလယ်ကုန်းတို့ကနေ ကော့ကရိတ်ဘက်ကို လူအင်အား ဖြည့်တင်းတာ၊ လက်နက်ခဲယမ်း အမြောက်အများ ဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် KNLA ပူးပေါင်းတပ်တွေဘက်ကလည်း တန်ပြန် တိုက်ခိုက်နိုင်ဖို့ အသင့် ပြင်ဆင်ထားတယ်လို့ သိရပြီး လာမယ့် ဩဂုတ် ၁၅ ရက်နေ့ ဝန်းကျင်မှာ လေယာဉ်၊ လက်နက်ကြီး၊ ဒရန်းတွေ ပါဝင်တဲ့ ကြီးမားတဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေ ရှိနေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

✕
VOM News

FREE
VIEW