နန်းတော်ရှေ့၊ ကြိုးကြီးချိတ်၊ စည်တော်ကြီး( ၃)

ဆူးငှက်
အခုပြန်စဉ်းစားလိုက်တော့ စည်တော်ကြီးကို ကျွန်တော်ကြည့်ချင်တာမဟုတ်။ နားထောင်ချင်တာသာဖြစ်သည်။ နားထောင်ချင် တာကလည်း
“ထောင့်ကိုးဆယ် ညွှန်းဆင်သ၊ စွန်း၊ ပဉ္စရာဇဝင်၊ ကနက်ပိုင်ရှစ်ဆူ မိုးတယ်၊ စိုးတဲ့ဘုရင်၊ မြတ်နန်းခွင်၊ စံမြန်းတော် ဘုန်းကြွယ်အင်ကြောင့်၊ သုံးဆယ်တွင် ရှစ်စုဆောင်း၊ ကောင်းတဲ့သတိုး” ဟူသော စည်တော်ချင်း မဟုတ်ပါ။
ထို့အတူ-
“ဗွေပလ္လင် ထီးဖြူရိပ်က၊ အောင်ဘိသိက်ခံတော်မူ၊ မင်္ဂလာဆုတော် ပေးတယ်၊ ရွေးလက်ျာယူ၊ သနားတော်မူ၊ မိန့်တော် တကြူကြူနဲ့ သိုင်းဘွဲ့ဖြူ အကုန်စိုက်တယ်၊ နန်းတိုက်တဲ့စည်ကြီး” ဆိုသော စည်တော်သံလည်း မဟုတ်ပါ။
စည်တော်ကြီးအဖွဲ့က ခင်းကျင်းပြောဆိုပြသော ရာဇဝင်ဇာတ်လမ်း များကို နားထောင်လိုခြင်းကြောင့် ဖြစ်ပါ၏။ စည်တော်ကြီးမှာ ကြားရသည့် ရာဇဝင်များကား ထိုစဉ်က စာဖတ်ဝါသနာပါစ စာအုပ်များထဲမှာ ဖတ်ရ သော ရာဇဝင်သမိုင်းများမဟုတ်။ ပါးစပ်ရာဇဝင်များမို့ မကြားဖူးသည်များချည်း ဖြစ်သည်။ စာအုပ်ထဲ မပါသည်များချည်းဖြစ်သည်။ ထို့ကြောင့် ကြားလို နာလိုခြင်းဖြစ်ပါသည်။
ထိုအခါ အိမ်တော်ရာဘုရားပွဲအကြိုည စည်တော်ကြီးအဖွဲ့ပါလျှင် လူအနည်းငယ် အစုအဝေး ပွဲကြည့်ပရိသတ်တွင် ပွဲအစမှ အဆုံးထိ မထတမ်း ထိုင်ကြည့်ဖြစ်ပါတော့သည်။ ဘုရားသုံးဆူပွဲမှာ၊ သကျသီဟပွဲမှာ၊ ရတနာမဉ္ဇူပွဲမှာလည်း နန်းရှေ့ မင်္ဂလာစည်တော်ကြီး အဖွဲ့ ပါသော်လည်း ထိုအခွင့်အရေးမျိုး မရခဲ့။ အိမ်တော်ရာကသာ ကိုယ့်အိမ်နှင့် အနီးအပါး ဆွေဘုရား မျိုးဘုရားမို့ နောက်ဆံမငင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
မန္တလေးတွင် စည်တော်ကြီးအဖွဲ့များ အမြဲမပြတ် ရှိနေသောအခါ “မန္တလေးစကား” တွင် “စည်တော်ကြီးမင်းသား” ဟူသော ဝေါဟာရ တစ်လုံးလည်း တိုးလာတော့၏။
ကိုယ့်ရှေ့တွင် မြင်နေရသော စည်တော်ကြီးကို “ဗိန်း” ခနဲ တစ်ချက်တီးပါမည့်အရေး လက်ကြီးမြှောက်ကာ သိုရင်းအင်္ကျီကြီး မ,ကာ မ,ကာ ဝေ့ကာဝဲကာနှင့် တီးတောမည့်ဟန် ပြင်ပြီးကာမှ မတီးဘဲ ပြန်လှည့် ပြီး ဂန္ဓမာဗုံကလေး အတို့အဆိတ်မှာ ဖြည်းဖြည်း လေးလေး ဝေ့ဝိုက်နေပြန်၏။ ဂန္ဓမာဗုံကလေးက ဗေပေါင်ပေါင် ဗေပေါင်ပေါင် ဗေပေါင်ပေါင်ဟု သုံးချက်တီးပြန်တော့၊ သည်တစ်ခါဖြင့် စည်တော်ကြီးကို “ဗိန်း” ခနဲ တီးတော့မှာပဲဟု စိတ်ချလက်ချရှိစဉ် စည်ကြီးမျက်နှာ၊ လက်သီးဆုတ် ရောက်ပြီးမှ မတီးဘဲ လက်ကြီး ဝဲကာ ဝဲကာ ပြန်လှည့်သွား၍ အသည်းအူ တယားယား ကျန်ရစ်ခဲ့ပြန်၏။
ထို့ကြောင့် ဝေ့လည်ကြောင်ပတ် အလုပ်လုပ်သူ၊ ပြောဆိုသူများကို မန္တ လေးသားများက “ စည်တော်ကြီးမင်းသား” ဟု ခေါ်လေ့ ရှိသည်။ တီးဖို့ရာလည်း အချိန်သင့်ပြီ၊ တီးလိုက်မှလည်း စည်းဝါးကိုက်မည်၊ တီးသံ ကြားလိုက်မှလည်း ပရိသတ်နားမှာ ချိုပြီး ရသပြည့် ခံစားရမည်။ ဒီစည်ကို တစ်ချက်ကလေး “ဗိန်း” ခနဲ တီးမည့်အရေး အချိန်ဆွဲကာ တီးမည်ဟု တစ်ထစ်ချ ယုံချိန်တွင် မတီး။ မထင်မှတ် သောအချိန်မှ “ဗိန်း” ခနဲ အသံ ပေးရသည်ကိုပင် အရသာဟု စည်တော်ကြီးမင်းသားက သူ့ပညာ ပြတတ် ပါသည်။ ငယ်စဉ်ကတော့ စည်တော်ကြီးမင်းသားကိုကြည့်၍ ပရိသတ်များ အားမလိုအားမရ မချင့်မရဲဖြစ်ကြရသည်။ အခုတော့ သိပ်ဆန်းပုံမရကြတော့။
နန်းတော်ရှေ့ ဓမ္မာရုံကြီး၌ “၁၂၅၂ ခု၊ နန်းတော်ရှေ့ ဓမ္မာရုံကြီး၏ ပထမရာဇဝင် စည်တော်ကြီး” ဟု ကမ္ပည်းထိုးထားသော စည်ကြီးများ ရှိခဲ့ပါသည်။ ထိုစည်ကြီးများကား မြန်မာမင်းလက်ထက်က ရှေ့တော်တွင် တီးခဲ့သော စည်ကြီးများဖြစ်၏။ ထိုစည်ကြီးများကို ဓမ္မာရုံဒကာ ဦးကြီးက ရှေ့တော်တီးစည်တော် ဦးကျောက်လုံးထံမှ ဝယ်ယူခဲ့သည်ဟု မှတ်သားရပါသည်။ ဦးကျောက်လုံးထံမှ စည်တော်တီး နည်း၊ ဂန္ဓမာတီးပုံ၊ စည်တော် အက၊ ဟန်ပန်း အပြော၊ ရှေ့တိုးနောက်ဆုတ်၊ အခြောက်၊ အဆို အပိတ် အားလုံးကို ဆရာဇင်က သင်ယူခဲ့သည် ဆို၏။
ဆရာဇင်က ဦးသာရင်၊ ဦးကျော်၊ ဦးကောင်းတို့ကို ထပ်မံသင်ကာ စည်တော်ကြီးတစ်ဖွဲ့ ဖွဲ့စည်းကြသည်။ ထို့နောက် ဆရာဇင်က ဦးဉာဏ၊ ကိုဘကွန်း၊ ကိုမောင်ကိုတို့နှင့် တစ်ဖွဲ့ထောင်ပြန်သည်။ ကိုဘကွန်းက ကိုဘဦး၊ ကိုငွေ၊ ကိုအောင်ညွန့်တို့နှင့် ခွဲပြန်၏။ ကိုဘဦး ကလည်း ထပ်ခွဲပြန်သည်။
ကျွန်တော်တို့ငယ်ငယ် စည်တော်ကြီးအဖွဲ့များ ကြည့်ရစဉ် ရှေးရိုး အစဉ်အလာမှ ခွဲထွက်ကာ လင်းကွင်းကစားခြင်း၊ မင်းသား မင်းသမီး ပါဝင်ကပြခြင်း၊ မောင်းဆိုင်း၊ ကြေးနောင်၊ စခွန့်များ တည့်ခြင်းကို စတင်မြင်တွေ့ လာရ၏။ မှတ်မှတ်ရရ ပွဲစားကုန်သည် စက်ပိုင်များကထိန်ကို ပန်းဆိုးတန်းတွင် အကြီးအကျယ် ခင်းကျင်းစဉ်က ၂၆ ဘီလမ်းဘက်ညှပ်မကြီးမှာ စည်တော်ကြီးအဖွဲ့က လင်းကွင်း ကစားပြတာ ကြိတ်ကြိတ် တိုးမျှ စည်ကားလှသည်။
နောက်တော့ နန်းရှေ့မှာ စည်တော်ကြီးအဖွဲ့များ ပျောက်ကွယ်ပါးလျားကုန်သတဲ့။
*** *** ***
အခု နန်းရှေ့မှာ စည်တော်ကြီးအဖွဲ့ (၂) ဖွဲ့ ဆိုင်းဘုတ်များ တွေ့နေရ၏။ တစ်ဖွဲ့က ၅၈ လမ်း အနောက်နားက စိုးမိုးလက်ဖက် ရည်ဆိုင် ထိပ်မှာ၊ တစ်ဖွဲ့က ကြိုင်သင်းလက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင် မှာဖြစ်သည်။ နန်းရှေ့လမ်းမကြီးပေါ်မှာချည်းဖြစ်၏။
ဖွင့်ပွဲအခမ်းအနားများ၊ ဘာသာရေးအခမ်းအနားများတွင် စည်တော်ကြီးအဖွဲ့က မပါမဖြစ်တော့။ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၌ပင် စည်တော်ကြီးအဖွဲ့ပါသည်။ သို့သော် သမားစဉ်အတိုင်း အချိန်ကြာကြာ တီးမှုတ်စရာတော့ မလိုတော့။ အောင်စေပိုင်စေ၊ ကောင်းကြီးသင်္ခါနှင့် ရတုပိုဒ်စုံလောက်ပဲ တီးခတ်ပေးကြရမည်။ ယခုအခါ မြို့ကလေးငယ်ငယ်၌ပင် စည်တော်ကြီးတစ်ဖွဲ့က မဖြစ်မနေရှိနေ ကြသည်။
ယခု မြင်တွေ့နေကြရသော စည်တော်ကြီးအဖွဲ့များကား ရှေးရိုး စဉ်လာအတိုင်း ၄ ပေရှည်ပြီး၊ မျက်နှာဝ ၁၉ လက်မရှိ စည်ကြီး ၂ လုံး နှင့် နဂါးနှစ်ကောင်၊ သိုင်း ၂ ချက်၊ အလံ ၃ ချက်၊ ကြာ ၃ ဆင့် အဆောင်အယောင်များနှင့် မဟုတ်ကြတော့။ မှန်စီရွှေချ ကနုတ်စိပ်စိပ် ပန်းပြားများ အလယ်ဖောက်ထားသောနေရာ၌သာ မျက်နှာဝ ဖော်ထားသည့် ပတ်မ (၂) လုံးချည်း ဖြစ်နေကြသည်။ စည်တော်ကြီး မင်းသားများကလည်း ယိမ်းအဖွဲ့လို ၈ ယောက်၊ ၁ဝ ယောက်၊ ၁၂ ယောက် စသည်ဖြင့် သွက်သွက်မြိုင်မြိုင်ကြီး ကခုန်နေကြသည်။
ယခုနှစ် ကျောက်တော်ကြီးဘုရားပွဲတော်ရောက်တော့ ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ စန္ဒာမုနိ၊ ဆွေတော်မျိုးတော်ဘုရားပွဲ ကြီးများမို့ စန္ဒာမုနိအရှေ့ဘက် အာရုံခံအနီး စိန်တောင်ပလ္လင်များပေါ်မှာ နှစ်စဉ်ပါနေကျ နန်းတော်ရှေ့ မင်္ဂလာစည်တော်ကြီးကို မြင်တွေ့ ရပါ၏။ သို့သော် မျက်နှာဝသာ ဖော်ထားပြီး မှန်စီရွှေချ ပန်းပြားများဖြင့် ဖုံးထားသည့် ပတ်မ (၂) လုံးသာ မြင်ရ၍ စည်တော်ကြီးရသကို တမ်းတလွမ်းဆွတ်မိပါ၏။ အခုတော့ စည်တော်ကြီး၏ မြင့်မြတ်ခံ့ညားမှုရသ ပျောက်သွားသည်။ အခြားမြို့ရွာများက ခါတော်မီ စည်တော် ကြီး တီးခတ်ကြရ၍ ရရာတူရိယာဖြင့် ကြံဖန်ကာ ဖန်တီးကြသည်ကို အဘယ့်ကြောင့်များ လက်ဟောင်းမူလ နန်းတော်ရှေ့ စည်တော်ကြီး အဖွဲ့သားများ အတုယူကြပါလိမ့်ဟု ခိုးလို့ခုလု ဖြစ်ရပါသေး၏။
မည်သို့ဆိုစေ စည်တော်ကြီးအဖွဲ့များကို မြင်လေတိုင်း စွဲလမ်းဖူးသော ကာတွန်းတစ်ကွက်ကို သတိရမိပါသည်။ သိုရင်းအင်္ကျီရှည်၊ တောင်ရှည်နှင့် ဗောင်းဖြူ ဆောင်းထားသော စည်တော်ကြီး နှဲသမားတစ်ဦးက သိုရင်းအင်္ကျီ၊ တောင်ရှည်၊ ဗောင်းဖြူ ဆောင်း စည်တော်ကြီး တီးသူကို မကျေမချမ်း ပြောနေပုံက-
“ငါက တစ်ပုဒ်လုံးမှုတ်ရတယ်။ မင်းက တစ်ချက် နှစ်ချက် ဗိန်း ဗိန်းနဲ့ ဝင်တီးပြီး တီးလိုက်ပါတဲ့ ဗုံကြီးသံဆိုလို့ မင်းပဲစဉ်းစားကြည့်” ဟူလို။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW