တောင်ကိုရီးယား သမ္မတဟောင်းကတော် ဖမ်းဆီးထိန်းသိမ်းခံရ

ဆိုးလ်၊ ဩဂုတ်-၁၃-၂၀၂၅
ရတီ(VOM)
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ ဇနီးဖြစ်သူကို စတော့ဈေးကွက်လှည့်ဖြားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေအပါအဝင် စွဲချက်အမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဆိုးလ်မြို့မှာ အင်္ဂါနေ့က လေးနာရီကြာ တရားရုံးမှာ အကြားနာခံစဉ် သမ္မတဟောင်းဇနီး ကင်ခွန်ဟီးက စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပေမယ့် တရားရုံးက သက်သေခံပစ္စည်းတွေ ဖျက်စီးနိုင်ခြေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခွင့်ပြုချက် ထုတ်ပေးလိုက်ပါတယ်။
တောင်ကိုရီးယားမှာ သမ္မတဟောင်းတွေ အမှုတွေရင်ဆိုင်ရပြီး ထောင်ကျတဲ့ သမိုင်းရှိပေမယ့် သမ္မတဟောင်းနဲ့ သမ္မတဇနီးဟောင်း နှစ်ဦးစလုံး ဖမ်းဆီးထိန်းသိမ်းခံရတာကတော့ ဒီတစ်ကြိမ်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။သမ္မတယွန်ဆွတ်ခ်ယိုးလ်ကိုတော့ ပြီးခဲ့တဲ့နှစ်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုနဲ့ ဇန်နဝါရီလမှာ ဖမ်းဆီးခဲ့ပြီး ရားထူးက ဖြုတ်ချကာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
အမှုစစ်တွေရဲ့ပြောကြားချက်အရ ၅၂ နှစ်အရွယ် ကင်ခွန်ဟီးဟာ တောင်ကိုရီးယားက BMW ကားရောင်းဝယ်ရေးကုမ္ပဏီ Deutsch Motors ရဲ့ စတော့တွေနဲ့ပတ်သက်တဲ့ ဈေးနှုန်းလှည့်စားမှုစီမံကိန်းမှာ ပါဝင်ခဲ့ပြီး ဝမ် ၈၀၀ သန်းကျော် အမြတ်အစွန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအမှုဖြစ်စဉ်တွေဟာ သူမရဲ့ခင်ပွန်း သမ္မတဖြစ်မလာခင် ကာလတုန်းက ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် သမ္မတကတော်ဖြစ်လာပြီးနောက်မှာလည်း ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ဒါအပြင် လုပ်ပိုင်ခွင့်တခုအတွက် လက်ကိုင်အိတ်နှစ်လုံးနဲ့ စိန်လည်ဆွဲတကုံးကို လာဘ်အဖြစ်လက်ခံခဲ့တယ်လို့လည်း စွပ်စွဲခံရပါတယ်။
အခြားစွဲချက်တွေထဲမှာ ကင်ခွန်ဟီးဟာ ၂၀၂၂ ခုနှစ်က လွှတ်တော်ရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့နှစ်က အထွေထွေရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းတင်သွင်းမှုတွေကို ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့လည်း စွပ်စွဲခံရပါတယ်။
ခင်ပွန်းဖြစ်သူ ယွန်းဆွတ်ခ်ယိုးလ် သမ္မတတာဝန်ထမ်းဆောင်နေချိန်မှာတော့ ကင်ခွန်ဟီးနဲ့ပတ်သက်တဲ့ စွဲတက်တွေကို အထူးစုံစမ်းစစ်ဆေးဖို့ အတိုက်အခံတွေရဲ့ ဥပဒေကြမ်းသုံးခုကို ဗီတိုအာဏာသုံးပြီး ယွန်းဆွတ်ခ်ယိုးလ်က ပယ်ချခဲ့ပါတယ်။
နောက်ဆုံးဗီတိုအာဏာကို စစ်အုပ်ချုပ်ရေး ကြေညာချက်မတိုင်ခင် တပတ်အလို နိုဝင်ဘာလမှာ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံခေါင်းဆောင် လီဂျေးမြောက် သမ္မတဖြစ်လာပြီးနောက် ဒီနှစ် ဇွန်လမှာ အထူးစုံစမ်းစစ်ဆေးရေးမှူးတစ်ယောက် ခန့်အပ်ခဲ့ပြီး ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးမှု ပြန်လည်စတင်ခဲ့ပါတယ်။
Ref:BBC
Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW