သတင်းအမှားနှင့် အဆိပ်အတောက်

သတင်းထောက်ဟောင်းတဦး
ယနေ့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အသုံးချတဲ့ခေတ်ကြီးမှာ သတင်းအချက်အလက်တွေဟာ စက္ကန့်ပိုင်းအတွင်း ကမ္ဘာအနှံ့ ပျံ့နှံ့နေပါတယ်။ ဒီလို လျင်မြန်တဲ့စီးဆင်းမှုထဲမှာ သတင်းအမှားတွေဟာလည်း အလွယ်တကူ ပျံ့နှံ့နေပြီး လူ့အဖွဲ့အစည်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော့်အမြင်မှာတော့ သတင်းအမှားတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းဟာ ပြည်သူကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက် နေတာနဲ့ အတူတူပါပဲ။
လတ်တလောမှာ သတင်းဌာနတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နေတဲ့ အိုးဘိုထောင် ဗုံးချခံရလို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးတယ် ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ပါတယ်။
ဒီသတင်းဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဩဂုတ် ၁၆ ရက်နေ့ ထုတ်ပြန်ချက်ကနေ စခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သေဆုံးသူ ၁၇ ဦးရဲ့ အမည်စာရင်းကိုပါ ထုတ်ပြန်ခဲ့ပါတယ်။သတင်းဌာနအချို့ကလည်း ဒီသတင်းကို အပြိုင်အဆိုင် တင်ခဲ့ကြပါတယ်။ သတင်းမှန်၊ မမှန်ဆိုတာကို သတင်းစားသုံးသူ ပြည်သူက မသိနိုင်ဘဲ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
သတင်းအမှားတွေကြောင့် ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်နစ်နာမှုတွေကိုပါ ကြုံတွေ့နေရနိုင်ပါတယ်။ မှားယွင်းတဲ့အချက်အလက်တွေဟာ စိုးရိမ်ပူပန်မှုတွေ၊ အထင်အမြင်လွဲမှားမှုတွေ၊ မလိုလားအပ်တဲ့ ပဋိပက္ခတွေနဲ့ နောက်ဆုံးမှာ အသက်အန္တရာယ်အထိပါ ထိခိုက်စေနိုင်ပါတယ်။
သတင်းအမှားတစ်ခုကို တွေ့ရှိတဲ့အခါ အဲဒီသတင်းရဲ့ မှန်ကန်မှုကို သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ သတင်းတစ်ခုဟာ မှားယွင်းနေတယ်ဆိုရင် ချက်ချင်းပြင်ဆင်ဖို့ ဒါမှမဟုတ် ဖြုတ်ချပစ်ဖို့ တာဝန်ရှိပါတယ်။ သတင်းတစ်ခုဟာ မှန်ကန်တယ်ဆိုရင်လည်း သက်ဆိုင်တဲ့ အချက်အလက်၊ သက်သေအထောက်အထားတွေနဲ့ တိတိကျကျဖော်ပြပြီး သတင်းစားသုံးသူကို ရှင်းလင်းစွာ သိရှိအောင် လုပ်ပေးဖို့ လိုပါတယ်။ ဘာသက်သေမှမပြဘဲ ထုတ်ပြန်လိုက်ခြင်းဟာ သတင်းအချက်အလက်ကို စားသုံးသူတွေကို အဆိပ်ခတ်နေတာနဲ့ အတူတူပါပဲ။
ထုတ်ပြန်ချက်ကို မှီပြီးရေးသားတဲ့ သတင်းထောက်​တွေ အနေနဲ့ကလည်း သေဆုံးသူ ၁၇ဦးနဲ့နီးစပ်သူ တဦးတဦး ဒါမှမဟုတ် မိသားစုဝင်တဦးဦးကိုတော့ ရအောင် သက်သေလုပ်သင့်ပါတယ်။
အိုးဘို​ထောင်ဟာ လူ​နေရပ်ကွက် အလယ်မှာရှိသလို မန္တ​လေးမှာ နိုင်ကျဥ်း​တွေ နယ််ခံသတင်း​ထောက်​တွေ အများကြီးရှိပါတယ်။ ​ဖော်ပြတဲ့ သတင်း​​တွေဟာ ပြီးစလွယ်နိုင်လွန်းတာ​တွေ့ရပါတယ်။
အိုးဘို​ထောင်ကို ဒီလိုလုပ်လို့ ဘယ်အဖွဲ့အစည်းမှ အကျိုးရှိမှာမဟုတ်သလို ဘယ်လိုအဖွဲ့ကမှ လုပ်မယ်လို့ မထင်ထားပါဘူး။ အကျဥ်းသား​တွေလွှတ်​ပေးဖို့ ​ထောင်နံရံ​တွေ ​ဖောက်ခွဲတယ် ဝင်စီးလို့ ပစ်ခတ်တယ် ဆိုတာမျိုးက ယုတ္တိ​ဗေဒကျပါ​သေးတယ်။ ခုဟာက ​သေသူ​​တွေအားလုံးက နိုင်ကျဥ်း​တွေချည်း ​ဖော်ပြတာကလည်း ​ထောင်အ​ကြောင်း မသိသူက ဇာတ်ညွှန်း​ရေး​ပေးသလိုဖြစ်​နေပါတယ်။ နိုင်ကျဥ်းသီးသန့် တ​ဆောင်တည်းခွဲထားတာ အိုးဘို​ထောင်မှာ မရှိပါဘူးလို့ ​ပြောပါရ​စေ။
ဒီလိုပြောလိုက်ခြင်းကြောင့် ကျွန်တော့်ကို အကောင်းမြင်သူ၊ အဆိုးမြင်သူ၊ ဘက်လိုက်သူ၊ဘက်မလိုက်သူ စတဲ့ တံဆိပ်တွေ ကပ်ခံရမှာကို စိုးရိမ်မိပါတယ်။ ဒါပေမဲ့ အမှန်တရားနဲ့ ပတ်သက်လာရင်တော့ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ လိုတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်တရားကို ဖုံးကွယ်ထားခြင်းဟာ လူ့အဖွဲ့အစည်းအတွက် အနာဂတ်မရှိလို့ပါပဲ။

Related posts

Leave a Comment

VOM News

FREE
VIEW