ဩဂုတ် ၁၄၊ ၂၀၂၅
GG (VOM)
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နဲ့ အင်လေးဒေသမှာ အင်းလေကန်ရေမြင့်တက်လာတာကြောင့် အင်လေးကန်အတွင်းနေအိမ်တွေမှာ ရေနစ်မြုပ်မှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။
ဩဂုတ် ၁၃ ရက်နေ့မှာ မိုးရွာသွန်းမှုများပြီး အင်းလေကန်ရေ မြင့်တက်လာတဲ့အတွက် ရေကြီးမှုစတင်ဖြစ်ပွားနေတာဖြစ်ကြောင်း ၊ ရေတက်နူန်းက နာရီဝက်လောက်အတွင်းမှာပင် ၁၀ လက်မလောက်နီးပါးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
ယခုရက်ပိုင်း မိုးသည်းထန်စွာထပ်မံရွာသွန်းပါက လက်ရှိရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေ ကျေးရွာတွေမှာ အရေးပေါ်ကူညီရွှေ့ပြောင်းဖို့လိုအပ်လာမှာဖြစ်တယ်လို့သိရပါတယ်။
” ကန်ကရေမြင့်လာတော့ ညောင်ရွှေမှာလည်းရေကြီးနေပြီ။အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေတာပါ။အဲဒီဘက်တွေက အခုရေက ခါးလောက်တော့အနက်ရှိတယ်။အင်းလေကန်ထဲက အိမ်တွေကတော့ တချို့တထပ်အိမ်အသေးလေးတွေကတော့ ရေမြုပ်နေပြီ။အိမ်တိုင်းတော့မဟုတ်သေးဘူး။အခြေအနေကိုစောင့်ကြည့်နေကြတယ်။အခုရေအတိုင်းရပ်နေရင်တော့ စိုးရိမ်စရာမဟုတ်သေးဘူးပေါ့။ကျွန်တော်တို့က အင်လေးကန်ရေတက်ပြီးညောင်ရွှေမြို့ပေါ်ရေတက်ပြီဆိုရင်စိုးရိမ်ရေမှတ်ရောက်ပြီဘဲ။အခုထက်ရေ ထပ်ဆိုးလာမယ် ဥပမာ တပေလောက်ထပ်တိုးမယ်ဆိုရင်ကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ရပါပြီ။အခြေအနေစောင့်ကြည့်နေပါတယ်။” လို့ ညောင်ရွှေဒေသခံကပြောပါတယ်။
လက်ရှိမှာ မိုးရွာသွန်းမှုရပ်သွားတာကြောင့် ရေကြီးနေတဲ့ ညောင်ရွှေ့မြို့ပေါ်ဒေသခံတွေနဲ့ အင်းလေးကန်အတွင်းနေထိုင်သူအချို့က ရွှေ့ပြောင်းခြင်းတွေမလုပ်သေးဘဲ အခြေအနေကိုစောင့်ကြည့်နေကြသလို နယ်မြေခံ လူမှုကူညီရေးအသင်း တွေကလည်း အခြေအနေစောင့်ကြည့်နေပြီး ကူညီနိုင်ဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ ဩဂုတ် ၁၃ ရက်ကစပြီး အင်းလေးအထက်ဘက် ရွှေညောင်နဲ့ အင်းလေးကန်တောင်ဘက် မိုးဗြဲမှာ ရေကြီးခြင်းသတိပေးချက် အနီရောင်အဆင့်(HIGH) ရှိနေပြီး ဩဂုတ်လ ၁၉ ရက်နေ့မှ စပြီး သတိပေးအဆင့် အမြင့်ဆုံးခရမ်းရောင်(EXTREME LEVEL)ကိုရောက်ရှိကာ ဩဂုတ်လ လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ EXTREME LEVEL မှာ ဆက်လက်ရှိနေနိုင်ကြောင်း သတိပေးထားပါတယ် ။
အင်းလေးဒေသရှိဒေသခံတွေ သတိပြုရှောင်ရှားနိုင်ရေးနဲ့ ကယ်ဆယ်ရွှေ့ပြောင်းခြင်းဆောင်ရွက်နိုင်ရေး အသိပေးတင်ပြခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။
ဒေသခံ လူမှုကူညီရေးအသင်း ဝင်တယောက်က ” လူတွေက ရေက သိပ်မတက်သေးတော့ မရွှေ့ပြောင်းချင်ကြဘူး။ဦးဝင်းနိုင်သတိပေးချက်တွေလည်းတွေ့ပါတယ်။မရွှေ့ပြောင်းချင်တာအချက်နှစ်ချက်ရှိတယ်။တခုက သူခိုးရန်ကိုကြောက်ကြတယ်။နောက်တခုက ကိုယ့်အိမ်ပဲနေချင်ကြတယ် လူအများနဲ့မနေချင်ကြဘူး။စားရေးသောက်ရေးဒုက္ခရောက်တယ်။အခုက ကယ်ဆယ်ရေးစခန်းတွေလည်းဖွင့်တာမရှိသေးဘူး။ဒါပေမယ့် ရေထပ်တက်လာရင်တော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ရမယ့်အခြေအနေရှိပါတယ်။” လို့ ပြောပြပါတယ်။
ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားခဲ့သလို ဇွန်လတုန်းကလည်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီး စပါးစိုက်ဧက ထောင်နဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။
အင်းလေးဒေသမှာ မတ်လ တုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့်လည်း လူနေအိမ်နဲ့အဆောက်အဦးရာနဲ့ချီပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ