SM
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း သြဂုတ် ၁၈ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အနာဂတ်အတွက် စိတ်ဝင်စားဖွယ်ရာ မေးခွန်းများစွာကို ဖော်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို တိတိကျကျ ကြေညာလိုက်ခြင်းဟာ နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာ စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေပါတယ်။
UEC ရဲ့ ကြေညာချက်အရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အဆင့်ဆင့်ခွဲပြီး ကျင်းပသွားမယ်လို့ ပါဝင်ပါတယ်။
အပိုင်းလိုက်ကျင်းပခြင်းဟာ ရွေးကောက်ပွဲကာလကို ပိုမိုရှည်ကြာစေမှာဖြစ်ပြီး လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုပိုင်းမှာ စိန်ခေါ်မှုတွေ ပိုမိုရှိလာနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် ရွေးကောက်ပွဲဟာ လုံခြုံရေးအပေါ် အလွန်အမင်း မူတည်နေတာ လူတိုင်းအသိပါ။
ဒါ့အပြင်၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ဆန္ဒမဲပေးနိုင်သည့်နေရာများ လုံခြုံမှုရှိစေခြင်းနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်နိုင်ရေးတို့ဟာ အဓိကကျတဲ့ အရေးကြီးကိစ္စတွေဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးနောက် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်ကြရတော့မှာပါ။ အချို့ပါတီတွေဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေကြပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်လိုတဲ့ အင်အားစုတွေရှိနေလို့ စိုးရိမ်မှုတွေ ရှိေနပါတယ်။ လုံခြုံမှုမရှိတာနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေရဲ့ ပါဝင်မှုနှုန်း နည်းပါးသွားနိုင်ပါတယ်။ အဲလိုဖြစ်ရင် ရွေးကောက်ပွဲရဲ့ တရားဝင်မှုနဲ့ ကိုယ်စားပြုမှုအပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက တွေးထင်ထားပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာ့နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေကြမှာ မလွဲပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အချို့သောနိုင်ငံတွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တိုက်တွန်းနေကြတာတွေ့ရပါတယ်။ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ လွတ်လပ်မှု အပြည့်အဝ ရှိနိုင် မရှိနိုင်ဆိုတဲ့ အပေါ် သံသယတွေ ရှိနေကြဆဲပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (က) နဲ့ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ ပါ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး UEC က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို သတ်မှတ်ခြင်းဟာ လက်ရှိအာဏာပိုင်အဖွဲ့အစည်းရဲ့ နိုင်ငံရေးအစီအစဉ်ကို မြင်သာနိုင်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ၂၈မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်အတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲဟာ စိန်ခေါ်မှုများစွာ ပြည့်နှက်နေပါတယ်။ ဘာ့ကြောင့်လဲဆိုရင် တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရွေးကောက်ပွဲကို ခြိမ်းခြောက်တာ၊ နိုင်ငံ့ဝန်ထမ်းတွေကို ဖမ်းဆီးပြီး ရွေးကောက်ပွဲ မပူးပေါင်းဖို့ ခံဝန်ထိုးခိုင်းတာတွေ စလုပ်လာနေလို့ပါ။
ဒီလိုစိန်ခေါ်မှုတွေပြည့်နှက်နေပေမယ့် လက်ရှိအာဏာရယူထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သူတို့ချမှတ်ထားတဲ့ ဦးတည်ချက် ၄ရပ်အတိုင်း အကောင်အထည်ဖော်နေတာဟာ အောင်မြင်ပါ့မလားဆိုတာ အချိန်တခုပေးပြီး စောင့်ကြည့်ရမှာပါ။
ဘာ့ကြောင့်လဲဆိုရင် လုံခြုံရေး၊ တရားမျှတမှု၊ ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတို့ဟာ ရွေးကောက်ပွဲရဲ့ အောင်မြင်မှုနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဒီမိုကရေစီလမ်းကြောင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေလို့ ဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲဟာ လက်တွေ့ကျတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဦးတည်စေနိုင်ပါ့မလား၊ ဒါမှမဟုတ် လက်ရှိပဋိပက္ခတွေကို ပိုမိုရှုပ်ထွေးစေမှာလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရွေးကောက်ပွဲ
