ဆူးငှက်
စိုင်ပျိုဗီလာ
———–
အဘတို့ အမေတို့ မန္တလေးရောက်သည်နှင့် ဦးလေးပိုက် နှင့် ဒေါ်ချစ်ချစ်တို့ ဝင်းကြီးထဲ ဦးတိုက်ရောက်ရှိ ကြသည်။ ဝင်းထဲမှာလည်း ရောက်နှင့်နေကြသူတွေ ရှိသတဲ့။ ဝင်း အနောက်ဖက် ပုဏ္ဏားမြေမှာလည်း အခပေး တဲထိုးနေကြ သူတွေလည်း ရှိသတဲ့။ ဦးလေးပိုက်တို့ ဝင်းကြီးက ပြပေါက် ပတ်လည်လောက် ကျယ်သည်။ အရှေ့ခြမ်းမှာက သစ်သားဆီဆုံကြီးတွေနှင့် သုခရတနာအမည်ရှိ ဆီစက်တဲကြီး ရှိသည်။ ဝင်းလယ်မှာ အုတ်ခုံမြင့်နှင့် တစ်ထပ်အိမ်မြင့်ကြီး ရှိသည်။ လမ်းဖက်မျက်နှာပြု ဝင်းထိပ်မှာတော့ မန်ကျည်းပင်ကြီးတွေ ရှိသည်။ ဝင်းထဲ အနောက်ဖက် အဝင်စမှာလည်း သစ်ချိုပင်ကြီး တစ်ပင်ရှိ၏။ သုူ့မြောက်ဘက် အိမ်ကြီးအနောက်ဖက်မှာ ကုက္ကိုပင်ကြီးတစ်ပင်ရှိသည်။ ဗမာကုက္ကိုမျိုးမို့ အရွက်နုလျှင် ဆီကျက် ကြက်သွန်စိမ်း မြေပဲထောင်းတို့နှင့် သုတ်စားနိုင်သတဲ့။
ဦးလေးပိုက်နှင့် ဒေါ်ချစ်ချစ်တို့ ဝင်းကြီးထဲမှာ ဝင်းလယ် အိမ်မြင့်ကြီး၏ အနောက်ဘက် ဘေးစွယ်ကပ်လျက် အလျား၂ခန်း အနံ၁ခန်းရှိ မီးခံ အုတ်တိုက်ရှိသည်။ အုတ်တိုက်၏ ပတ်လည်အုတ်အထူက တစ်တောင်လောက်ရှိမည်။ အမိုးကလည်း မီးခံအုတ်များ မိုးထားကာ အိမ်ကြီးဘက်က ဝင်ပေါက်တစ်ပေါက် နှင့် အနောက်ဘက်နံရံက ၁တောင် ပတ်လည်လောက် အလင်းဝင်ပေါက် ၁ပေါက်သာရှိပြီး မီးခံ သံပန်းထူထူ ကာထားသည်။ မီးခံတိုက်၏ တောင်ဘက် ယွန်းယွန်း သစ်ချိုပင်ကြီး အောက်မှာ အုတ်ရေတွင်းကြီး တစ်တွင်းရှိသလို ဝင်းလယ် အိမ်မြင့်ကြီး ကျောဘက် ဝင်းမြောက်အစွန်း လောက်မှာလည်း အုတ်ရေတွင်းကြီး တစ်တွင်းရှိပါ၏။
ထူးခြားတာက ထိုအုတ်ရေတွင်းကြီး အရှေ့ဘက် တည့်တည့် ဝင်း၏ တနင်္ဂနွေထောင့် မှာ အုတ်ပြာသာဒ် ၅ဆင့် ပေါက်ထားသော ဂူဗိမာန်တစ်ခုရှိသည်။ ထိုဗိမာန် အတွင်းမှာ အုတ်ပလ္လင်နှင့် ရပ်တော်မူ ဆင်းတုတော်တစ်ဆူ ရှိပါသည်။ ထိုဂူဗိမာန်နှင့် ဆီစက်တဲကြီးကြားတွင် နောက်တော့ ၃ခန်း ၄ခန်း အုတ်တိုက်ဇရပ်ကြီး တစ်ဆောင် ကို ၁၃၁၄ခုနှစ်တွင် ပဲကုန်သည် ဦးပိုက် ချစ်ချစ် သား မောင်လှသောင် တို့ ကောင်းမှုဟု နဖူးစည်းမှာ ကမ္ပည်း ထိုးကာ လက်ရာမြောက် အုတ်ပလ္လင် တံကဲ နှင့် သပ္ပာယ်လှစွာသော စကျင်ဆင်းတုတော်ကြီး တစ်ဆူနှင့်အတူ လှူဒါန်းခဲ့သည်။
ရှေးကတည်းက ပုဏ္ဏားရွာတွေ
——————————
ဦးလေးပိုက်နှင့် ဒေါ်ချစ်ချစ်တို့ ဝင်းကြီး၏ တောင်ဘက်မှာ လမ်းခြားပြီး ပုဏ္ဏားရွာရှိသည်။ သည်လို ပုဏ္ဏားရွာလေးတွေက ရတနာပုံ မန္တလေးမြို့မတည်မီကပင် ရှိနေခဲ့သည်။ တကယ်တော့ ပုဏ္ဏားများသည် ပုဂံခေတ်ကတည်းက ရှိနေပါပြီ။ ထီးလှိုင်မင်းက နန်းတော်သစ်ဆောက်သော အေဒီ ၁၁၁၂ ခုနှစ်တွင် ပုဏ္ဏားများကို လောကီ အစီအရင်လုပ်ခိုင်းသည် ဟူသော ကျောက်စာ ရှိပါသည်။ ထိုသို့သော ပညာရပ်အတွက် ရှိနှင့်နေသည့် ပုဏ္ဏားများကို မြန်မာပုဏ္ဏားဟု ခေါ်ဆိုကြပုံရကာ ဗဒုံမင်းလက်ထက်တွင် ထိုသို့သော ပညာရှင်ပုဏ္ဏားများကို မဏိပူရမှ အများအပြား ခေါ်ယူခဲ့သည်ဟု မှတ်သားရသည်။
ထို့အတူ မြန်မာဘုရင်များသည် သူတို့စစ်နိုင်တဲ့နိုင်ငံများမှ လက်ရသုံ့ပန်း အများအပြားကို ခေါ်ဆောင်လာလေ့ ရှိသည်။ ကုန်းဘောင်ခေတ်ဦး ၁၇၅၉ခုနှစ် ကစ၍ မြန်မာဘုရင်များသည် မဏိပူရမှ လူသူသုံ့ပန်းများ ခေါ်ဆောင်လာကြ၏။ မဏိပူရကလည်း မြန်မာကို တစ်နှစ်တစ်ကြိမ် ပဏ္ဏာဆက်ရပြီး သုံးနှစ်တစ်ကြိမ် သမီးကညာဆက်ရရှာသည်။ မြန်မာများ စစ်ရေးကြုံလျှင် မဏိပူရက လူ၂၀၀၀ပါသော တပ်ကို ပို့ပေးရသည်။ မြန်မာများ စစ်နိုင်ခဲ့သည့် တခြားယိုးဒယား၊ ရှမ်း၊ မွန် စသော လူမျိုးတွေကို မြန်မာပြည်တွင် နေရာချထားပေးခဲ့သလို မဏိပူရကသည်းများကိုလည်း နေရာချထားပေးခဲ့ သောကြောင့် ကသည်းစုများကို အင်းဝ၊ အမရပူရ၊ စစ်ကိုင်းနှင့်မန္တလေးမြို့များတွင် အများဆုံး တွေ့ရသည်။ ဘိုးတော်ဘုရားနှင့် ဘကြီးတော်ဘုရား လက်ထက်မှာလည်း ကသည်းလူမျိုးများ ထပ်မံ ခေါ်ဆောင်လာသောအခါ ကသည်းနှင့် အက္ကပတ်မြင်းစီးများလည်း ပါလာပြီး ဘုရင့်တပ်တွင် ‘ကသည်းမြင်းတပ်’ဟူ၍ ဖြစ်လာခဲ့သည်။
နန်းတော်ရှေ့ ဒေါနဘွားရပ်၊ အကွက်(၁၅)မြောက်ဘက်ရှိ ဝင်းများသည် ယခင်က ကသည်းမြင်းတပ်သားများ နေထိုင်ခဲ့ကြသော ကသည်းတန်းဟု သိရသည်။ မြင်းစီးတပ်သားတွေအပြင် မြန်မာရှင်ဘုရင်များ မဏိပူရမှ ခေါ်ဆောင်လာသူ ကသည်းများတွင် နက္ခဗေဒသျှတ္တရများ ကျွမ်းကျင်သော ဗြဟ္မဏအနွယ် ဟူးရားပုရောဟိတများလည်း ပါလာခဲ့ကြသည်။ သူတို့တွေကို မြန်မာများက ‘ပုဏ္ဏား’ ဟုခေါ်ပြီး ထိုပုဏ္ဏားများသည် မြန်မာဘုရင့်အနီးတွင် အကြံပေး၊ အခါပေးစသော လောကီအစီအရင်များကို ဆောင်ရွက်ပေးရင်း အမှုတော်ထမ်းရွက်ရသည်။ တချို့က မင်းဆရာ အဆင့်ထိ ရာထူးကြီးကြီး ရကြ၏။ ထိုပုဏ္ဏားများသည် တသီးတသန့်နေကြပြီး မျိုးရိုးကို အတတ်နိုင်ဆုံး ထိန်းသိမ်းကြသူများ ဖြစ်သည်။ သူတို့ကိုတော့ မန္တလေးမတည်မီ အမရပူရခေတ်ကတည်းက ဒေါင်းရိုးရပ်၊ သမီးတော်ဈေးရပ်၊ မင်းတဲအီကင်း ရပ်နှင့် နှင်းဆီခြံရပ် ဗောဓိကုန်းရပ်များတွင် ရိုးရာမပျက် အုပ်စုလိုက်နေထိုင်ရန် ရွာတည်ပေးခဲ့သည်။
ထို့ကြောင့် သက္ကရာဇ် ၁၂၀၆ခုတွင် သာယာဝတီမင်းတရားကြီးသည် စိတ်မမာတော်မူ၍ ဗေဒင်ကိန်ခန်းအရ ဓာတ်နန်း စံတော်မူရန် စီစဉ်သောအခါ လူသူအစုအဝေးရှိနှင့်ရုံသာမက ဗေဒင်ကိန်းခန်း ဆေးကျမ်းသမားစဉ်တို့ ကျွမ်းဝင်ပြီးဖြစ်သည့် ပုဏ္ဏားရွာများအနီး ဓာတ်နန်းတည်ကာ စံတော်မူခဲ့သည်။ ယခု ဒေါင်းရိုးပုဏ္ဏားစု၏ အရှေ့ယွန်းယွန်း အရပ်တွင် သာယာဝတီမင်းကြီး ဓာတ်နန်းစံစဉ် သားတော် ပုဂံမင်သား၊ ဦးရီတော် မလွန်မင်းသား၊ ဝမ်းကွဲ ညီတော် စိုင်ပြွန်မင်းသား၊ သားတော် လွှတ်မင်းသားကြီး မင်းတုန်းမင်းသားတို့ လိုက်ပါလာခဲ့ကြရပါသည်။ မင်းရဲသီဟသူဘွဲ့ခံ စိုင်ပြွန် မင်းသားကြီး ငယ်မည် မောင်ကွန်စီသည် ဗဒုံမင်းခေါ် ဘိုးတော် မင်းတရားနှင့် သီရိမဟာနန္ဒာဒေဝီ ဘွဲ့ခံ အလယ်နန်း မိဖုရားကြီး၏ သားတော် ပုသိမ်၃၂မြို့စား ပုသိမ်မင်းသားနှင့် ဘိုးတော်မင်းတရားနှင့် သီရိမဟာမင်္ဂလာဒေဝီ ဘွဲ့ခံ မိဖုရားတို့၏ သမီးတော် တောင်ဆောင်တော် ယောမင်းသမီးတို့ စုံဖက်ရာမှ ဖွားမြင် သန့်စင်သော သားတော်တစ်ပါး ဖြစ်ပါသည်။
ဘိုးတော်ဘုရား အဆက်အနွယ်များ
————————————
စိုင်ပြုွန်မင်းသားသည် ပုသိမ်မင်းသားကြီးနှင့် မြောက်ဆောင်တော် နှံကြိုရွာစား မင်းသမီးတို့၏ သမီး ထိပ်တင်မကြီးနှင့် လက်ဆက်ခဲ့ရာ သမီးတော် ထိပ်တင်ပုကို ဖွားမြင်ခဲ့သည်။ ထိပ်တင်ပုက ဟိုင်းကြီးမင်းသား ထိပ်တင်ခိုင်နှင့် ရေလဲမင်းသမီးတို့၏သား ထိပ်တင်ဘိုးနှင့် လက်ဆက်ပြီး သမီး ထိပ်တင်သန့် ကို မွေးဖွားရာ ထိပ်တင်သန့်နှင့် အရပ်သား ဦးမြိုင်တို့ အကြောင်းပါခဲ့သည်။ ဦးမြိုင်နှင့် ထိပ်တင်သန့်တို့က ထိပ်တင်ချစ်ခေါ် ချစ်ချစ်ကို ဖွားမြင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဒေါ်ချစ်ချစ် ခေါ် ချစ်ချစ်သည် ဘိုးတော်ဘုရား၏ တွတ်ဖြစ်ပြီး စိုင်ပြွန်မင်းသားကြီး၏ မြစ်ဖြစ်သည်။ ဒေါ်ချစ်ချစ်က ဦးပိုက်နှင့် အကြောင်းပါသောအခါ ဘိုးတော်ဘုရား၏ ကျွတ်၊ စိုင်ပြွန်မင်းသားကြီး၏ တီ ဖြစ်သော မောင်လှသောင်ကို မွေးဖွားခဲ့သည်။ မောင်လှသောင်က ရွာဟိုင်းဈေးရပ် ဆန်စက်ပိုင်သမီး မခင်ဝင်းကြည်နှင့် အိမ်ထောင်ကျရာ ဘိုးတော်ဘုရား၏ ကျွတ်ဆက်၊ စိုင်ပြွန်မင်းသားကြီး၏ တွတ်ဖြစ်ကြသော ကိုဇော်မျိုးဦးနှင့် နှမ ဖြစ်သူ မမေဇော်ဦးတို့က သူတို့ မိသားစုများနှင့်အတူ သိုက်သိုက်ဝန်းဝန်း နေထိုင်ဆဲ ဖြစ်ပါ၏။
သာယာဝတီမင်းကြီး ဓာတ်နန်းစံစဉ် အတူလိုက်ပါလာကြသော သားတော် ပုဂံမင်းသားက ယခု အိမ်တော်ရာဘုရားနေရာ၊ သားတော် လွှတ်တက်မင်းသားကြီး မင်းတုန်းမင်းသားက ယခု သကျသီဟဘုရားနေရာ၊ သာယာဝတီမင်းနှင့် ညီကိုဝမ်းကွဲ တော်စပ်သော စိုင်ပြွန်မင်းသားကြီးက ပုဂံမင်းအိမ်တော် (မျက်မှောက်ခေတ် အိမ်တော်ရာဘုရား) ၏ တောင်ဘက်တွင် ထိုစဉ်ကတည်းက နေထိုင်ခဲ့ရာ အခြားအိမ်တော်နေရာများက ပုဂံမင်းလက်ထက်တွင် ပုဂံမင်းသားအိမ်တော်နေရာတွင် အိမ်တော်ရာဘုရားနှင့် သီပေါမင်းလက်ထက်တွင် မင်းတုန်းမင်းသား၏ အိမ်တော်နေရာကို သကျသီဟဘုရားများ တည်ထားကိုးကွယ်ခဲ့ရာ စိုင်ပြွန်မင်းသားကြီး အိမ်တော်နေရာ တစ်နေရာသာလျှင် ယခုတိုင် မပြောင်းလဲဘဲ အမရပူရခေတ် ဘိုးတော်ဘုရား၏ ဆွေတော်စဉ် မျိုးတော်ဆက် ဆက်လက် ထိန်းသိမ်း၍ မျက်မှောက်ခေတ်ထိ ဘိုးဘွားအမွေကို နောက်မျိုးဆက်မျာက ထိန်းသိမ်းနေထိုင်ဆဲ ဖြစ်သည်မှာ ရှားပါးသည်သာမက ဂုဏ်ယူစရာလည်း ဖြစ်သည်။
ကျွန်တော်မှတ်မိသည့် အချိန်မှာတော့ ဝင်းပေါက်နှစ်ပေါက်၏ တစ်ဖက်တစ်ချက် အုတ်တိုင်တွေမှာ မြန်မာလို “စိုင်ပျိုရိပ်သာ” ၊ အင်္ဂလိပ်လို “Sain Pyo Villa” ဟု ပုံသွန်းငွေရောင် ခဲစာလုံးများနှင့် ကျွန်းပြားဆိုင်းဘုတ်လေးတွေ ချိတ်ဆွဲထားသည်။ နောက်တော့ လက်ဝယ်ရှိ ပေစာပုရပိုက်စာများ ရှာဖွေဖတ်ရှုကြပြီး “စိုင်ပြွန်” ဟူသော နာမည်မှန်ကို သိရှိကာ ပြောင်းလဲ သုံးစွဲခဲ့ကြသည်။
ဘုတလင်နယ် ချပ်ကြိုချပ်ကြား မြေဆီသြဇာ ခြောက်ခမ်းနွမ်းပါး ဆင်းရဲလှသည့် သဖန်းအမည်ရှိ ကျေးရွာလေးက ရတနာပုံမင်းနေပြည် မန္တလေးမြို့ကြီးသို့ စွန့်စားထွက်ခွာလာကြသော မောင်ပေါလူ မချောရင်ဟူသည့် တောသူတောင်သား မောင်နှံသည် ရပ်ဆွေရပ်မျိုး ဦးလေးပိုက် နှင့် ဆွေတော်မျိုးတော် ချစ်ချစ်တို့၏ သုခရတနာဆီစက် တည်ရှိရာ စိုင်ပျိုရိပ်သာ ဝင်းကြီးထဲ ရောက်ရောက်ချင်း ဒေါင်းရိုးပုဏ္ဏားစု၏ အရှေ့ဘက် ယွန်းယွန်း ညောင်ပင်ကြီး တောင်ဘက် ဝါးရုံတောကို တောခုတ် မြေပြင် ဝင်းခတ် တဲထိုးနေကြမည်ဟူသော အကြံအစည်အစား ဦးလေးပိုက်၏ “မောင်ပေါလူနှယ် အဲ့ဒီနေရာ မြွေပါး ကင်းပါးကွယ်၊ ညတိုင်ရင် ခွေးအတွေ အကောင်ပလောင်တွေ လာကြသေးတာ၊ ဒို့ဝင်းထဲမှာ နေရာ အကျယ်ကြီးပါကွယ်။ လွတ်တဲ့နေရာ တဲထိုးနေကြ။ မင်းတို့လည်း လုံလုံခြုံခြုံ ဒို့လည်း အဖော်ရတာပေါ့” ဟူသော ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းက ကျွန်တော်တို့ သားသမီးများ လူအညွန့်တက်ဖို့ ကံကောင်းခြင်းဟု မှတ်ယူရပါသည်။
ရွှေမြို့တော်ရောက် တောသားများ
——————————–
အဘနှင့် အမေတို့ ဦးလေးပိုက်နှင့် ချစ်ချစ်တို့၏ ဝင်းကြီးထဲ စတင်အခြေချကြတော့ ဝင်းထဲမှာ သဖန်းက ဆွေမျိုးတချို့ ရောက်နှင့်နေကြသူတွေ ရှိသည်။ ဘယ်သူတွေ ရောက်နှင့်နေသလဲဆိုတာ အမေကတော့ ပြောပြဖူးပါ၏။ သို့သော် အခုပြန်စဉ်းစားတော့ မမှတ်မိ။ ရွာက ဦးကြီးကောင်းထွန်းတို့က ရောက်နှင့်တယ်ဆိုလား။ အမေ့အစ်မဝမ်းကွဲ ဆိတ်လူးအိုင်က ဦးလေးသန့်နှင့် ဒေါ်လုံးတင်တို့ရော ရောက်နှင့်တယ် ဆိုလား။ သေချာတာကတော့ ရောက်နှင့်သူတွေ ရှိသလို အမေတို့နှင့် အတူရောက်ကြသူတွေလည်း ရှိမည်။ သူတို့ကတော့ ဦးကြီးဘထွန်းနှင့် ဒေါ်ဒေါ်သောင်းမြိုင်တို့ဟု ရေးရေး မှတ်မိသည်။
ဦးလေးပိုက်တို့ ဝင်းထဲမှာ ဝင်းလယ်ခေါင် အိမ်တော်၏ဘေး ရှေးဟောင်းအုတ်တိုက်လေး အနောက်ဘက် တည့်တည့် မှာပဲ အဘက ၃ပင်၂ခန်းပတ်လည် အိမ်လေးဆောက်သည်။ မီးခံတိုက်လေးနှင့် မျက်နှာချင်းဆိုင် အိမ်ရှေ့ပိုင်းကို အဖီလေး ချလိုက်၏။ အိမ်လေးတောင်ဘက် ဘေးထိပ်မှာက ဂွေးသီးပင်တစ်ပင်ရှိသလို အိမ်တောင်ဘက် တည့်တည့်မှာလည်း မာလကာပင် နှစ်ပင်ရှိသည်။ ဂွေးသီးပင်ကလည်း မျိုးကောင်းသလို မာလကာပင်များက အူနီပင်များမို့ အရသာချိုသည်။ ေ၈ွးပင်နှင့် မာလကာပင်ကြားမှာ အုန်းပင်ပေါက်လေးရှိသည်။
အိမ့်မြောက်နားမှာက ဗမာကုက္ကိုပင်ကြီး ရျိသည်။ ကုက္ကိုပင်ကြီးနှင့် နောက်တည့်တည့်မှာလည်း ၄ပင်၃ခန်း မျက်နှာဖွင့်နှင့် ၃ပင်၂ခန်းကျယ် အိမ်ရှိသေးသည်။ ထိုအိမ်က ဦးလေးပိုက်တို့ ဆောက်နှင့်ထားသော အိမ်တဲ့။ ရောက်နှင့်နေသူတွေက ထိုအိမ်ထဲမှာ စုနေကြတာတဲ့။ နောက်တော့ ထိုအိမ်နှင့် တန်းတန်း မြောက်ထိ နှစ်အိမ်၊ ထိုမှ ထောင့်ချိုးကာ အရှေ့ဘက်သို့ တန်းတန်း နှစ်အိမ်နှင့် ဝင်းကြီး မြောက်ဖျားက ရေတွင်းကြီးနှင့် မြောက်ဘက် အုတ်တံတိုင်းကြား တစ်အိမ်၊ စုစုပေါင်း ၇အိမ်က ဝင်းလယ်ရှိ အိမ်တော်ကြီးကို ဝန်းရံလိုက်သလို ဖြစ်ဖနသည်။
နောက်တော့ အုတ်ခုံမြင့်ခံ တစ်ထပ်အိမ်တော်ကို ဦးလေးပိုက်တို့က မူလ ရှေးဟောင်း မီးခံတိုက်လေးကို မဖျက်ဘဲ တွဲလျက် သွပ်မိုးအုတ်ကာ နှစ်ထပ်တိုက်ကြီး ဆောက်လိုက်သည်။ ဦးလေးပိုက်နှင့် ချစ်ချစ်က သားယောက်ျားလေး နှစ်ဦး ထွန်းကားခဲ့ရာ မောင်လှမောင်နှင့် မောင်လှသောင်ဟု အမည်တွင်၏။ မောင်လှမောင်က ကျောင်းသားအရွယ်ကပင် သူနေသော စိန်ပီတာကျောင်းဝင်းအတွင်းက ရေကူးကန်တွင် မတော်တဆဖြစ်ကာ ဆုံးပါးသဖြင့် တစ်ဦးတည်းသော သားအဖြစ် မောင်လှသောင် ကျန်ရစ်ကာ သူလည်း စိန်ပီတာကျောင်းမှာပင် ပညာသင်ခဲ့သည်။ ညီအစ်ကိုအဖော်မရှိသော မောင်လှသောင်က ဝင်းထဲရှိ သဖန်းသားရွယ်တူများနှင့် ကစားဖော်ဖြစ်သလို အသက်ကြီးသော အဘနှင့်လည်း တောအကြောင်းတောင်အကြောင်း ဗဟုသုဖြစ်ဖွယ်များ မေးမြန်းသည့် စကားပြောဖော် တိုင်ပင်ဖော်ဖြစ်ခဲ့သည်။
ဦးလေးပိုက်နှင့် ချစ်ချစ်မှာက ဝင်းကြီးထဲတွင် ဆီစက်ရှိသလို ပဲပွဲရုံလည်းရှိသည်။ အထူးသဖြင့် စိုင်ပြွန်မင်းသားကြီး၏ ယာတွေကိုင်းတွေက ဧရာဝတီမြစ်၏ အနောက်ကျွန်းတဲရွာတွေဘက်မှာ လက်ညှိုးထိုးမလွဲ ရှိခဲ့သဖြင့် သီးနှံပေါ်ချိန်တွင် ဝင်းထဲမှာ သီးစားလာပို့ကြသော လှည်းများ အရောင်းအဝယ် လာကြသောလှည်းများနှင့် စည်ကားနေတတ်သည်။ ဆီစက်အနီး ဝင်းပေါက်နားက မန်ကျည်းပင်ကြီးတွေအောက်မှာ လှည်းများကို ချွတ်ကာ သီးနှံများ ချိန်တွယ် ကြသည်။ လာသည့်လှည်းများကိုလည်း ချစ်ချစ်က ထမင်းတွေ ဟင်းတွေ ချက်ကျွေးသတဲ့။
ထို့ကြောင့် အိမ်တော်မှာ စားဖိုဆောင်ကို ဦးစီးဖို့ ဦးလေးပိုက်၏ အစ်မဝမ်းကွဲ သပြေပင်ရွာက မရှောင် ဦးဆောင်ကာ တူမဆွေမျိုးတွေ ဝိုင်းလုပ်ဝိုင်းစား သိုင်းဝိုင်းကြသည်။ ထိုသို့ အိုးကြီးအိုးငယ်နှင့် ချက်ပြုတ်လျှင် အရောင်းအဝယ် လှည်းများသာမက ဝင်းထဲ နေထိုင်သူတွေ ကိုပါ ချစ်ချစ်က ဝေငှသတဲ့။
အမရပူရ နန်းတွင်းဆေး
————————
ထို့ပြင် ချစ်ချစ်က မင်းသားကြီး၏ ဆွေတော်မျိုးတော်များကြား ကြီးပြင်းခဲ့သူမို့ အမရပူရနန်းတွင်း ဆေးကျမ်းများ နှင့်လည်း ကျွမ်းဝင်ကာ ဣဿရိယ ဂုံဂမံမန်းဆေးကြီးနှင့် ရွေးချိန် လျှက်ဆားဖြူကလေး အမည်ရှိ ဆေး၂မျိုးကို အမြဲဖော်စပ်ထားပြီး ဝင်းထဲက လူတွေ ကလေးတွေ နေထိုင်မကောင်းတိုင်း ဆေးပေးကုသည်။ ထိုမျှမက ဆေးများ ကိုလည်း အိမ်တိုင်းစေ့ ပုလင်းကြီးများနှင့် လုံလောက်အောင် ပေးထားသေး၏။ ထို့ပြင် ပြင်ပမှ အလိုရှိသူများ လွယ်လင့်တကူ ဝယ်ယူနိုင်ရန် ဈေးချိုတော် အေရုံအတွင်းရှိ ပဲပွဲရုံ ဆိုင်ခန်းတွင်လည်း ရောင်းချပေးသည်။
ချစ်ချစ်က အသက်သိပ်မရှည်ဘူးတဲ့။ ကျွန်တော်တို့မွေးတော့ ချစ်ချစ်မရှိတော့။ သူ့အကြောင်းတွေကို အမေက အိပ်ရာဝင် ပုံပြင်များပမာ ပြောပြလို့ သိခဲ့ရသည်။ ထိုဆေးများကို ချစ်ချစ်မရှိတော့သည့် နောက်ပိုင်းအထိ အိမ်မှာ ပုလင်းကြီးနှင့် ရှိဆဲမို့ ကျွန်တော်တို့သည်ပင် အပြင်ဆေးခန်း သွားစရာမလိုဘဲ ချစ်ချစ်၏ ဆေးများနှင့် လူလားမြောက်ခဲ့ရသည်။ ကျွန်တော်တို့ အိမ်လေး၏ တောင်ဘက် မာလကာပင်တွေ အောက်မှာလည်း ချစ်ချစ် ဆေးကြိတ်ခဲ့သည့် ကျောက်ပြားကြီးများ ကျောက်လုံးများနှင့် ဆေးထည့်သည့် အဝကျဉ်း ကိုယ်ထည်ကျယ် စဉ့်အိုးကြီးများကို တွေ့ခဲ့ဖူးပါသည်။
ကျွန်တော့မိဘများနှင့် ဆွေမျိုးများက ဦးလေးပိုက်တို့ ဝင်းထဲ နေထိုင်ရင်း ဆီစက်က ဆီများကို လက်ကားဈေးနှင့် ယူကာ ရပ်ကွက်ထဲ ခေါင်းရွက်ဗျပ်ထိုး ပုခုံးထမ်း လှည့်လည် ရောင်းချကာ ဘဝကိုရပ်တည်ကြသည်။ ဆီဖိုးကိုလည်း ဈေးရောင်းပြန်လာမှ ဆီစက်ကို ငွေချေရသမို့ အဆင်ပြေသည်။ ထိုစဉ်က အဘသည် ကျေးလက်နေ ယောက်ျားသားထို့ ထုံးစံအတိုင်း ဆံပင်ရှည် သျှောင်တစောင်းနှင့်တဲ့။ အဘက ဆီကို နှီးပုံးနှစ်လုံးတွင်ထည့်ပြီး ထမ်းပိုးဖြင့် လျှိုထမ်းကာ မနက်ပိုင်းတွင် ဖောက်သည်များထံ ခြေကျင် ရောင်းချသည်။ သူ့ဖောက်သည်တွေက မြောက်ပြင်ဘက် အနောက်ကျုံးလမ်းအတိုင်း ၁၅လမ်း ၁၄လမ်းဘက်ထိ ရောက်သည်။ အမေက ဆီဗျပ်နှင့် ရွက်ကာ မနက်တစ်ဈေး ညနေတစ်ဈေး ရောင်းသည်။ အမေ့ဖောက်သည်တွေက စာတိုက်တန်း နီပါးတန်း မလွန် ကြယ်ခတ်ဝင်း ပဲဝင်း ဥယျာဉ်တန်း စသည်တို့ ဖြစ်သည်။
ထိုခေတ်က ဆီသည်များက ယောက်ျားဆီသည်သည် ဆီဝနေသော ထမ်းပိုးကော့ကြီးတွင် တစ်ဖက်တစ်ချက် နှီးပုံးကြီးများ ချိတ်ဆွဲပြီး ခမောက်ကြီးဆောင်းကာ ရပ်ကွက်တကာလှည့်၍ ဆီရောင်းချ၏။ ဆီခြင်သော မှုတ်က ရိုးတံရှည်တပ် အုန်းမှုတ်၊ ထန်းမှုတ်များဖြစ်၏။ ငါးကျပ်သားမှုတ်၊ တစ်ဆယ်သားမှုတ်၊ နှစ်ဆယ်သားမှုတ်၊ ငါးဆယ်သား မှုတ်များဖြစ်ပါသည်။ မိန်းမဆီသည်များကတော့ ယွန်းနီချပ်တွင် အချိန်တစ်ဆယ်ဝင် သံဖြူပုံး ကိုဖြတ်ကာ သံဖြူဆရာက အပေါ်မှ အဖုံးပြန်ဖုံးပြီး အဝကျယ် အပေါက် ဖောက်ပေးထားသည်။ ယင်းဆယ်ဝင်ပုံး ဘေးမှ လခြမ်းပုံ ပုံးလေးကိုလည်း သံဖြူဆရာက ယွန်းဗျပ်နှင့် ဟန်ချက်ညီဆံ့အောင် ချိုးပေးထားသည်။ ဆယ်ဝင် ပုံးအဝကျယ်တွင် ကုန်းလိပ်ခွံကို ဒေါင်လိုက် စိုက်ထားပြီး ယင်းလိပ်ခွံထဲမှာ သံဖြူကတော့ကို ထည့်ထားသည်။
ဆီခြင်မှုတ်များက ဆယ်ဝင်ပုံးထဲမှာနှစ်ထားပြီး မှုတ်ရိုးများက လိပ်ခွံထဲမှ အစီအရီ ထောင်လျက် အနေအထား ရှိပါသည်။ ကုန်းလိပ်ခွံက အခွံပေါ်ရှိ အကွက်များကား ကျွမ်းကျင်သည့် ဒီဇိုင်းဆရာရေးဆွဲထားသလို လှပသည်။ လိပ်ခွံသားက အဝါဘက်သန်းသောအရောင်မို့ ဆီဖြင့်အမြဲထိတွေ့ကာ ဆီဝနေသော လိပ်ခွံသည် အမြဲ ဝင်းလက် တောက်ပနေ၏။ ဆီခြင်မည်ဆိုလျှင် ဆီသည်မသည် လိပ်ခွံထဲသို့ ပုံးထဲမှဆီကို မှုတ်ကြီးဖြင့်ခပ်ကာ ထည့်လိုက်သည်။ ထို့နောက် ဝယ်သူအလိုရှိသော အလေးချိန်အရ ၁၀ သားတန်လျှင် ၁၀သားမှုတ်၊ ငါးကျပ်သား တန်လျှင် ငါးကျပ်သား မှုတ်ဖြင့် မှုတ်ထဲသို့ လိပ်ခွံထဲကဆီကို လောင်းထည့်ကာ ခြင်တွယ်ခြင်းဖြစ်ပါသည်။ အခုတော့ ထိုကဲ့သို့သော ခေါင်းရွက်ဗျပ်ထိုးဆီ သည်များလည်း မရှိတော့…။
ဆီသည်ချောင်
—————-
ဦးလေးပိုက်တို့ ချစ်ချစ်တို့ ဝင်းကြီးကို သုခရတနာ ဆီစက်ဝင်း စိုင်ပျိုရိပ်သာဝင်းဟု ခေါ်ကြသော်လည်း ထိုရပ်ကွက်ကြီးကိုတော့ ဒေါင်းရိုးသင်္ဘောတန်းဟု လူသိများသည်။ ၂၆ဘီလမ်း မြောက်ဘက်တွင်လည်း သင်္ဘောတန်း ရပ်ကွက် တစ်ကွက်ရှိသောကြောင့် ယခု ရပ်ကွက်လေးကို ဒေါင်းရိုး သင်္ဘောတန်းဟု အမည်တွဲဖက် ခေါ်ကြပါသည်။ လူကြီးသူမများကတော့ “အရင်က ဒီနေရာမှာ သင်္ဘောတွေဆိုက်တဲ့ နေရာပေါ့””ဟု ပြောကြ လေသောအခါ ကျွန်တော်တို့ကလေးများ တအံ့တသြ ဖြစ်ကြရတာ မှတ်မိပါသေးသည်။ သင်္ဘောတွေ တကယ် ဆိုက်ကပ်ခဲ့ လေသည်လားတော့ မသိ။ ကျွန်တော်တို့ မှတ်မိသည့် အရွယ်၌ပင် ရပ်ကွက် ကလေးမှာ ကျင်းချိုင့်ထဲ တည်ထားမှန်း သိသာလှ၏။
မိကျောင်းတံတားသည် ယခုမြင်ကွင်းလို ရပ်ကွက်နှင့် တစ်ပြေးညီ မဟုတ်သေး။ ရပ်ကွက်လေးသည် မိကျောင်းတံတားအောက် များစွာနိမ့်နေပါသည်။ ထိုအခါ မိုးရွာလျှင် မိုးရေများသည် ရပ်ကွက်လေးထဲမှာ တစ်ဖြိုက်နှစ်ဖြိုက်ရွာရုံနှင့် အိုင်ထွန်းတော့၏။ သဲကြီးမဲကြီးရွာလျှင် ခုတင်ခါးပန်း ရေမြုပ်လုဖြစ်ကာ တစ်ရပ်လုံး မိုးရေ တဖွေးဖွေးဖြစ်သွားပါ၏။ ကိုယ့်ရပ်ကွက်လေးကို ဒေါင်းရိုးသင်္ဘောတန်းဟု ခေါ်တွင်ကြသော်လည်း ဘေးရပ်ကွက်သားများ ကမူ“ဆီသည်ချောင်”ဟု ခေါ်ကြပါသည်။ ရပ်ကွက်ကလေး အရှေ့ဘက်က ဝင်းကြီးထဲတွင် သုခရတနာအမည်ဖြင့် ဆီစက်ကြီးရှိပါသည်။ ထိုဆီစက်ကြီးကို အမှီသဟဲပြုပြီး ခေါင်းရွက်ဗျပ်ထိုး ဆီရောင်းကြသူက ကျွန်တော့်မိဘများ အပါအဝင် အလွန်ဆုံးရှိမှ ဆယ်ဦးပေါ့။ သို့သော် ထိုဆီသည်များကို အစွဲပြုပြီး ရပ်ကွက်လေးကို ဆီသည်ချောင်ဟု ခေါ်ခြင်းဖြစ်ပါသည်။
အမေတို့ အဘတို့ အခြေချခဲ့သည့် ဦးလေးပိုက်နှင့် ချစ်ချစ်တို့၏ စိုင်ပျိုရိပ်သာဝင်းကြီး အကြောင်း ပြောလျှင် မပါမဖြစ် ဦးထိပ်ထားပြောရဦးမည်က အိမ်တော်ရာဘုရား မိကျောင်းတံတား နှင့် ဆင်တံတားတို့ အကြောင်းပေါ့။
××××××××××××