သူတို့ အိမ်

ဆူးငှက်
အဖွင့်
ထိုအချိန်က ဈေးချိုတော် အနောက်ဖက် ရွှေတချောင်းမြောင်း ကျော်လိုက်တာနှင့် မြေလွတ်မြေရိုင်းတွေ ဖြစ်သည်။ အနောက် မိကျောင်းတံတားနားမှာ ပုဏ္ဏားရွာစုလေးရှိ၏။ ပုဏ္ဏားရွာစုလေး အနောက်ဖက်မှာတော့ ဘုန်းကြီး ကျောင်းတိုက်ကြီးတွေ ရှိသည်။ ထိုအနီးအနား အထင်ရှားဆုံး ဖြစ်တာက မဟာလောကရံသီ အိမ်တော်ရာ စေတီကြီး ဖြစ်ပါ၏။ အိမ်တော်ရာစေတီကြီးက ကောဇာ သက္ကရာဇ် ၁၂ဝ၉ ခု၊ နတ်တော်လဆန်း ၁၁ ရက် ကတည်းက ပုဂံမင်း တည်ထားခဲ့ခြင်း ဖြစ်ပါ၏။ ထို့ကြောင့် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှ ထီးသိမ်းးနန်းသိမ်း အောင်မြင်သော ရတနာပုံမ် မန္တလေးနေပြည်တော် မတည်ခင်ကတည်းက မဟာ လောကရံသီ အိမ်တော်ရာ စေတီတော်ကြီး တည်ရှိနေခြင်းဖြစ်၏။ ဘုန်းကြီးကျောင်းတိုက်ကြီးတွေ၊ ပုဏ္ဏားရွာစုလေးတွေကလည်း အိမ်တော်ရာ စေတီကြီးနှင့်အတူ တည်ရှိခဲ့ကြခြင်း ဖြစ်သည်။
အညာကျေးလက်တောရွာများမှ မန္တလေး ရွှေမြို့တော်ကြီးဆီသို့ အခြေချ လာရောက် လုပ်ကိုင် စားသောက် ကြခြင်း ဓလေ့မှာ ၁၉၂ဝ ကျော်ဝန်းကျင်တွင် အတော်လေး တွင်ကျယ်လာ၏။ ကနဦးအစ လာရောက်ကြစဉ် ကတော့ မန္တလေး ၆-လ၊ ရွာ ၆-လ ပုံစံ ဖြစ်၏။ မန္တလေးမှာ ၆-လ လာရောက် နေထိုင်ပြီး ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းချခြင်း၊ လက်သမား လက်မှုလုပ်ငန်း လုပ်ကိုင်ခြင်း၊ ပန်း ၁ဝ မျိုး အလုပ်ဌာနများတွင် နေ့စား ဝင်ရောက် လုပ်ကိုင်ကြခြင်းများဖြင့် ငွေကြေး စုဆောင်းကာ ကိုယ်ရပ်ဌာနီသို့ ၆-လ ပြန်လည် နေထိုင်ကြပြီး ”မြောက်သူ” ဟုခေါ်သော သူရင်းငှား၊ ကိုင်းစိုက်၊ ခြံစိုက်အလုပ်များ လုပ်ကိုင်ကြခြင်း ဖြစ်သည်။ နောက်…မန္တလေးမှာ အခြေကျ သွားတော့ ရွာသို့ တပေါင်း၊ တန်ခူး အလှူအတန်းရာသီမှပဲ ပြန်ဖြစ်ကြ၏။
သည်တုန်းက..မုံရွာ ဒိစတြိတ်၊ ဘုတလင်မြို့နယ်၏ အရှေ့ဖျား ဝေသီခေါင်သော အရပ်ဒေသမှ ငယ်ရွယ်သော ဇနီးမောင်နှံ သည် မန္တလေးသို့ ခေါင်းရွက်ဗျက်ထိုး လုပ်ကိုင် စားသောက်ရန် ရောက်ရှိလာကြသည်။ မန္တလေးမှာက လွန်ခဲ့သော ၁ဝ နှစ်၊ ၁၉၁ဝကျော် ဝန်းကျင်ကတည်းက ရောက်ရှိကာ ပွဲရုံလုပ်ငန်းဖြင့် အခြေကျနေသော နယ်ခံ မိတ်ဆွေတစ်ဦးလည်း ရှိခဲ့သည်။ ထို့ကြောင့် မန္တလေး ရောက်ရောက်ချင်း ၊ အဆိုပါ မိတ်ဆွေထံ ဦးတိုက်ကာ နေရေး ထိုင်ရေး အကူအညီတောင်းရ၏။ မိတ်ဆွေ၏ ခြံဝင်းကြီးက ပွဲရုံနှင့် လူနေအိမ် အပါအဝင် ကျယ်ဝန်းလှသည်။ အနီးအနားမှာ ဘုန်းကြီးကျောင်းတိုက်ကြီးတွေနှင့် ပုဏ္ဏားရွာလေးရှိ၏။ အိမ်တော်ရာ စေတီတော်ကြီးမှာလည်း သပ္ပာယ်လှသည်။
မြေလွတ် တော်တော်များများမှာက ဝါးရုံတောရိုင်းကြီးတွေ ဖြစ်၏။ ဟိုး… အရှေ့တောင်ထောင့်ယွန်းယွန်း မလှမ်းမကမ်း အရပ်ဆီမှာ ပုဂံမင်း၏ ခမည်းတော် သာယာဝတီမင်း ဓာတ်နန်းစံခဲ့ဖူးရာ အရပ်ရှိသည်ဟု သိရသည်။ ဝါးရုံတောရိုင်းကြီးတွေကို ခုတ်ထွင်ရှင်းလင်းပြီး ကြိုက်သလောက် နေရာယူကာ ခြံစည်းရိုးခတ်လိုက်လျှင် ကိုယ်ပိုင်မြေယာ တစ်ကွက်ရရှိနိုင်သော်လည်း ရိုးဖြောင့်ခြိုးခြံပြီး သံယောဇဉ်ဖြင့် နေထိုင်စားသောက်လိုသော အညာသား ဗမာလူမျိုးပီပီ၊ ဇနီးမောင်နှံသည် ရောက်နှင့်ပြီး မိတ်ဆွေ၏ ခြံဝင်းကျယ်ကြီးထဲ၌သာ အတူတကွ ပူးပေါင်း နေထိုင်ခဲ့ကြတော့သည်။
ဤသို့ဖြင့် …
x x x x x x x x x x x x x x x x x x x x x x x x x
ကျွန်တော်သည် ထိုဇာတ်ဝင်ခန်းကို ပြန်လည် စဉ်းစားမိလေတိုင်း တနုံ့နုံ့ခံစားနေရသည်။ ရှေ့ဆက်ရမည့် ဇာတ်ဝင်ခန်း များအတွက် လက်တွန့် နှုတ်ဆွံ့နေသည်ချည်း ဖြစ်သည်။ ငယ်ဘဝကို ပြန်လှန် စဉ်းစားမိလေတော့ ဈေးချိုတော် အနောက်ဘက်၊ အိမ်တော်ရာဘုရားတော်ဘက် ဒေါင်းရိုးရပ်ထဲက ပုံရိပ်တွေ တဖျပ်ဖျပ်မြင်လာ၏။ စိတ်ရင်းသဘောကောင်း၍ ချမ်းသာကြွယ်ဝသော ဆွေကြီးမျိုးကြီး အဝန်းအဝိုင်းမှာ ဖခင်လက်ထက်ကတည်းက အရိပ်ခိုခဲ့ရတော့ သူများဝင်းထဲ နေရပေမင့် စိန်နားကပ်အရောင်နှင့် ပါးပြောင်ခဲ့ရပါ၏။ သို့သော်လည်း တက္ကသိုလ်တက်စဉ် ကာလရောက်တော့ ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ကိုယ်ပိုင်အိမ်ရာလေး နှင့် ဖြစ်ချင်ခဲ့ရသည်။ ထိုအာသီသ ချဉ်ခြင်းကား အမြူတေပမာ နှလုံးထဲဖွဲ့တည်ခဲ့ပါပကော။
ဤသို့ဖြင့် …
တောင်ရိုးမျှစ်
————-
“”စုံဆယ်ဖြာ…၊ ပန်ထွာဦးတင်၊ ဖူးမြင်သက်လွှတ်ကြောင်း၊
ထံတော်ပျောင်း၊ သောင်းမြေမိုင်၊
ရာမင်းဦးကိုင်၊ ဘုန်းညွန့်လှိုင်…”
ညနေစောင်းကတည်းက ဖွဲလိုက် သည်းလိုက် ရွာနေသော မိုးသံအကြားမှာ အစ်မဖြစ်သူက သူ့အိပ်ရာထဲမှာ စောင်ခြုံကွေးရင်း ပန်းမြိုင်လယ် သီချင်းကို ဟစ်ကာ သီဆိုနေသည်။ ကျွန်တော်က အမေ့အိပ်ရာ အမေ့ဘေးမှာ ဝင်ကွေးရင်း အမေပြော ပြသည့် စကားတွေကို နားထောင်နေသည်။ တကယ်တော့ အိပ်ရာထဲ ဝင်လောက်အောင် မိုးမချုပ်သေး။ မိုးကြောင့် အပြင်မထွက်ကြပဲ ကိုယ်စီ ကိုယ့်အိပ်ရာကိုယ် ဝင်ခိုနေကြခြင်း ဖြစ်သည်။ အိပ်ရာခြေရင်းဘက် ထွန်းထားသော ရေနံဆီမီးအိမ်လေး အလင်းရောင်က မိုးဖွဲကြားက လမိုက်ညကို အံတုနေရလို့ မှိန်လဲ့လဲ့။
“ နင့် အဘက ကိုရင်လူထွက်စ ၁၆နှစ်သားလောက်ရှိမှာပေါ့၊ ငါက သူ့ထက် ၂နှစ်ကြီးတော့ ၁၈နှစ်သမီး၊ ၂ယောက်သား အိမ်ထောင်ပြုပြီး သူ့ယာ ကိုယ့်ယာ တောင်သူအလုပ်ပဲ မိဘတွေနဲ့ ကူလုပ်ပြီး ဝိုင်းလုပ် ဝိုင်းစားပါပဲ။ ၁နှစ်လောက်နေတော့ မိုးလေမမှန်နဲ့ သရောကြီးခိုင်းပါရောလား၊ သီးနှံကလည်းမရတော့ ဆန်တောင်မစားနိုင်ပါဘူး၊ ပြောင်းပဲစားရတာ။ ဒီတင် ဒို့တော့မဖြစ်ချေဘူး။ အလုပ်တစ်ခု ရှာကြံလုပ်ကြဦးစို့ ဆိုပြီး ရွှေမြင်တင်တောင်ရိုးဘက် အင်းတဲ တောင်ရိုးဘက် ဆိတ်လူးအိုင်ဘက်က မျှစ်တွေချိုး လှည်းပေါ် ရိုင်ပတ်နဲ့ တင်ပြီး မုံရွာအထိ သွားရောင်းကြတာ”
ကျွန်တော်က အမေ့စောင်ခြုံကြား တိုးဝင်လိုက်သည်။
“ မုံရွာအထိ အမေတို့က လှည်းနဲ့ သွားကြတာပေါ့”
“ဟုတ်ပါ့တော်..၊ ရွာကနေ ဘုတလင်၊ ဘုတလင်ကနေ မုံရွာထိ လှည်းနဲ့ ရွာတွေ့ရင်နားပြီး လင်မယားနှစ်ယောက် လှည်းတစ်စီးနဲ့ မျှစ်တွေရောင်းကြတာ။ ရွာကထွက်ချိန်မှာတော့ မျှစ်တွေက လတ်သေးတယ်။ ရေကန်တွေ့ရင် ရေလေး ဖျန်းလိုက်၊ ရှေ့ခရီးဆက်လိုက်နဲ့ မုံရွာသာရောက်ရော မျှစ်က ဟုတ်တိပတ်တိမရောင်းရဘူး။ လှည်းနောက်မှာ တစ်လမ်းလုံး မျှစ်က ကျတဲ့ရေတွေသာ မုံရွာပေလမ်းပေါ်အထိ ရောက်တယ်။ မျှစ်က လှည်းတစ်ဝက်တောင်မကုန်ဘူး။ မျှစ်တွေ ရိကုန်လို့ ပစ်လိုက်ရတယ်။ နွားစာဖိုးနဲ့ စားစရိတ်နဲ့ ရှုံးပါလေရော”
“ အမေကလဲ၊ မျှစ်တွေက အလကားချိုးရတာ မဟုတ်ဘူးလား၊”
“ဟဲ့..ဒို့နှစ်ယောက်ထဲနဲ့ အကုန်ချိုးနိုင်ပါ့မလား၊ ရောင်းရမယ်ထင်ပြီး ရွာကလူငှားနဲ့ ချိုးရတာလေ..၊ အဲ့ဒီ စရိတ်တွေပါ ရှုံးတာဟဲ့”
ညာနန်းနတ်ကယ်သွင်၊
လေယာဉ်ပျံ၊ တိမ်ယံတောင်စွယ်၊
မိုးလယ်ဝေယန်ဖျား..
အစ်မ သီချင်းသံကို အမေ့စကားအတိတ်မှာ ကြားရပြန်သည်။ အမေက မအိပ်သေးသော အစ်မဖြစ်သူကို “ဟဲ့ .. ခင်ဝင်း မအိပ်သေးဘူးလား၊ မနက်တိုင် ကျောင်းမီအောင် နှိုးနေရတာချည်း၊ မနက် လိုင်းကားမမီဘဲနေမယ်၊ အိပ်တော့” ဟု လှမ်းအော်သည်။ ကျွန်တော်က သွန်ပစ်လိုက်ရသည်ဆိုသော မျှစ်တွေကို မျက်စိထဲ မြင်ယောင်ရင်း “ နောက်တော့ အမေတို့က ဆီရောင်းကြပြန်ရော့လား” ဟု မေးသည်။
“ဟယ်..၊ နေပါဦး၊ ပြောရင်းနဲ့ မေ့တောင်သွားပါပြီ၊ အဲ့ဒီမျှစ်တွေရံှုး၊ ရွာမှာလည်း လုပ်စရာ ကိုင်စရာမရှိတော့ လင်မယား၂ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ကြတာ။ ဒို့ မန္တလေးသွားပြီး လုပ်ကိုင်စားရအောင်၊ ကိုယ့်ရှေ့က ၂ဦးစ ၃ဦးစလည်း မန္တလေးကို စွန့်စားပြီးသွားကြတာ ရွာစာရင် အဆင်ပြေကြသတဲ့၊ ဆိုပြီး လင်မယား၂ယောက်သား မန္တလေးတက်ကြတာ၊ ဒါနဲ့ ဒို့ ၁၉နှစ်သမီး နင့်အဘ ၁၇နှစ်သားလောက် မန္တလေးရောက်ကြတာပဲ”
“ ဒီနေရာကိုအဲ့ဒီကတည်းက ရောက်တာပေါ့”
“ မလာခင်ကတည်းက ရောက်နှင့်သူတွေဆီ စနည်းနာလိုက်တာကို ဒို့လာမယ်ဆိုတာ ဦးလေးပိုက်က ကြားတော့ မောင်ပေါလူတို့ လာသာလာခဲ့ကြ၊ သူ့ဆီသာ တန်းလာခဲ့ လို့ လှမ်းမှာတာ”
မင်းသားကြီး၏ ရွေးချိန်ှ လျက်ဆားဖြူကလေး
——————————————
တကယ်တော့ ဒီဇာတ်အဖွင့်က ကျွန်တော့် မိဘများ မန္တလေးသို့ ဘယ်သို့ဘယ်ပုံ ရောက်လာကြသလဲဆိုတာ ကျွန်တော်ငယ်စဉ်က အမေ့ကို မေးတော့ အမေပြန်ပြောပြသည်ကို မှတ်မိသလောက် ပုံဖော်ကြည့်ခြင်းဖြစ်သည်။ အမေပြောသည့်အထဲက နင့်အဘ ဆိုတာ ကျွန်တော့်အဖေကို ရည်ညွှန်းခြင်းဖြစ်သည်။ မိဘများနယ်က အဖေကို အဘ၊ အမေကို အစ်မဟု ခေါ်ကြသည့် အစဉ်အလာတွင် အမေကို အစ်မဟု ကျွန်တော်တို့ သားသမီးများက မခေါ်ကြသော်လည်း အဖေကို အဘဟုဘဲ သက်ဆုံးတိုင်ခေါ်ခဲ့ကြသည်။ အဘနာမည်က ကိုပေါလူ၊ အမေ့ နာမည်က မချောရင်၊ ဘုတလင်အရှေ့ဘက် သဖန်းရွာဇာတိဖြစ်သည်။ စိုက်ရေးပျိုးရေး မကောင်းလှသည့် ကုန်းခေါင်ခေါင်ရွာကလေး၊ အိမ်ခြေ ရာသေးဂဏန်းမျှရှိသော်လည်း အတော်ရှေးကျသည့် ရွာလေးဖြစ်သည်။ အဘ မိဘများ က ဦးလူနီ ဒေါ်ရွှေရင်တဲ့။ ဒေါ်ရွှေရင်က အလုံဘိုးဘိုးကြီး နန်းရ နတ်ကတော်တဲ့။ အမေ့ မိဘများက ဦးတိုး ဒေါ်နှင်းသ တဲ့။ သူတို့က ဘုတလင်နားက ထန်းတောရွာ ဇာတိဖြစ်သည်။ အဘမှာက မွေးချင်း၂ယောက်သာရှိသည်။ မောင်ပေါလူ၊ မောင်ပေါအောင်တဲ့။ အမေ့မှာ မွေးချင်း ၅ယောက်ရှိရာ ကိုဘိုးကွန်းး၊ ကိုဘိုးထွန်းး (ပေါက်ဆိန်ပေါက်ရွာဘုန်းကြီး ဦးတိလောက)၊ မတော၊ မချောရင်၊ မချောတင်တို့ ဖြစ်ဟု မှတ်သားဖူးသည်။
အိပ်ရာထဲက ပန်းမြိုင်လယ်သီချင်းကို နိုင်ငံတော်မူ မဟာဂီတ ဟူသော စာအုပ်ကို ဖွင့်ကာ သီဆိုနေသူ အစ်မက ကျွန်တော့အထက်က အစ်မ ဒေါ်ခင်ဝင်းနွယ်ဖြစ်သည်။ (ထိုမဟာဂီတစာအုပ်လေးက ကျွန်တော့်ထံတွင် ယခုထိ ရှိသေးသည်) ။ သူက အဲ့ဒီ အချိန် နန်းရှေ့ရှိ ပန်တျာကျောင်းသို့ တက်ရောက် နေပါပြီ။ ဈေးချို အနောက်ဘက်ရှိ ဒေါင်းရိုးရပ်မှ နန်းရှေ့ အရှေ့ကျုံးလမ်းရှိ ပန်တျာကျောင်းသို့ ဝါးတန်းက အမှတ်၅ ကျားခေါင်း ကားနီဘတ်စ်ကားနှင့် သွားရတော့ ကားမီဖို့ အမေက စောစောအိပ်ရန် လော်ဆော်နေခြင်းဖြစ်သည်။ အထက်က အစ်မများဖြစ်သော အကြီးဆုံး မခင်ရီက အိမ်ထောင်ကျကာ မုံရွာမှာပဲ အခြေချသည်။ အစ်မလတ်များဖြစ်သော မခင်လှနှင့် မခင်မြကလည်း အိမ်ထောင်ကျကာ မခင်လှက အတူနေ၊ မခင်မြက အိမ်ခွဲနေသည်။
ထို့ကြောင့် နံပတ် ၄ အစ်မ မခင်ဝင်း(ခင်ဝင်းနွယ်) နှင့် အငယ်ဆုံးသား ကျွန်တော် မောင်ကျော်ဆန်း(ဆူးငှက်) တို့က လူလွတ်များအဖြစ် အဘနှင့် အမေကြား ခေါင်းခွေ့နေကြတာပေါ့။
ဦးလေးပိုက် တဲ့။ အဘတို့ အမေတို့ မန္တလေးလာ အခြေချဖို့ တိုက်တွန်းသူက သူ့ဝင်းသူ့ခြံထဲမှာပင် နေစရာပေးပြီး လုပ်ငန်းကိုင်ငန်းပါ ကူညီခဲ့သူ ဆီစက်ပိုင်ပွဲစား ဖြစ်သည်။ သူကလည်း ဘုတလင်နားက သပြေပင်ရွာ ဇာတိ၊ ဦးလေးပိုက်ဇနီးက ဒေါ်ချစ်ချစ်တဲ့။ ဒေါ်ချစ်ချစ်က မင်းမျိုးမင်းနွယ်၊ အခု ဝင်းကြီးက ဒေါ်ချစ်ချစ် ဘိုးဘွားလက်ထက် ကတည်းက ပိုင်ခဲ့တာ..။ ဒီလောက်ပဲ နဂိုက သိသည်။
အဘတို့ အမေတို့က ဒေါ်ချစ်ချစ်ကို မမချစ်ဟုပဲ ခေါ်ကြ၏။ ကျွန်တော် သိမီချိန်မှာတော့ မမချစ်မရှိတော့။ ကွယ်လွန်ပြီ။
အမေနှင့် မိုးရွာသည့် ညက ညာဉ့်နက်အောင် စကားကောင်းနေတော့ စောင်လွတ်ကာ အိပ်ရာထချိန် နှာချေ နှာစေးလာတော့ အဘက ဖန်ပုလင်းကြီးထဲက ဆေးမှုန့်အဖြူတွေကို အကြမ်းပန်းကန်လုံးထဲ ဆီးဖြူသီးလောက် ထည့်ပြီး ရေနွေးဖြူနှင့် သောက်ခိုင်းသည်။
“မမချစ် ငန်းဆေးသောက်လိုက်၊ ခဏနေချွေးလေးစို့ပြီး သက်သာသွားမှာ” တဲ့။
ကျွန်တော် သိမီရုံမက အမြဲလို မှီဝဲနေရသော ငန်းဆေးတော်ကြီးနှင့်ပဲ ဒေါ်ချစ်ချစ်(မမချစ်) ကို အရွယ်ရောက် ကြီးပြင်းသည်အထိ ရင်းနှီးကျွမ်းဝင် ကျေးဇူးရှင်ဖြစ်ခဲ့ပါ၏။
တကယ်တော့ မမချစ်ငန်းဆေးဆိုသည်မှာ ဆေးပုလင်းတွင် ကပ်ထားသော ဆေးကြော်ငြာ အညွှန်းအရ “စိုင်ပျိုမင်းသားကြီး၏ နည်းနာနိသျှအတိုင်း ဖော်စပ်ပြုလုပ်ထားသော ရွေးချိန်ှလျက်ဆားဖြူကလေး” တဲ့။
“၎င်းဆေးအလိုရှိပါလျှင် မင်းသားကြီး၏ မြေး ချစ်ချစ်ထံ၌ ရနိုင်ပါကြောင်း” တဲ့။

Related posts

Leave a Comment

VOM News

FREE
VIEW