TNLA တပ်ဖွဲ့က ပညာရေး ဝန်ထမ်းတွေကိုပါ ရှေ့တန်းပို့တာတွေ ရှိလာ

စက်တင်ဘာ ၂၊ ၂၀၂၅
Shy V (VOM)
TNLA တပ်ဖွဲ့က ပညာရေး ဝန်ထမ်းတွေကိုပါ ရှေ့တန်းပို့တာတွေ ရှိလာလို့ အခက်ကြုံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တအာင်း ဒေသမှာ ဆရာ၊ ဆရာမတွေ အရမ်းလိုအပ်‌ နေတဲ့ အချိန်မှာ အခုလိုအခြေအနေကို TNLA စစ်တပ်ကို သွားပြောတော့ ဥပဒေ အရ လုပ်တယ်လို့ပြောတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဥပဒေနားလည်ပေမယ့် ဒေသမှာ လိုအပ်နေတဲ့ ကျောင်း ဆရာ၊ ဆရာမတွေကို ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုကြတာ ဘယ်လိုမှ အရာ မထင်သလို ပြောလို့ မရခဲ့ဘူးလို့ သူက ပြောပါတယ်။
ပညာရေး ဝန်ထမ်းတွေအပါအဝင် တခြားဌာနက ဝန်ထမ်းတွေကလည်း စစ်မှုထမ်းဖို့ ခေါ်ယူရင် မသွားလို့ မရပဲ သွားရပြီး တချို့က စစ်သင်တန်းတွေ ပေးထားတာ မရှိပဲ ရှေ့တန်း ပို့ခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“တအာင်း ပညာရေးကောင်စီ (TLEC) က ဆရာ ယောက်ကိုလည်း စစ်သားစုဆောင်းသွားတယ်။ ထမင်းဟင်းချက် ထောက်ပို့ပဲ ဆိုပြီး ဘာ စစ်သင်တန်းမှ မပေးပဲ ရှေ့တန်း ပို့လိုက်တော့ ကျသွားတယ်။ သူပဲ မဟုတ်ဘူး။ တခြားလူတွေလည်း သင်တန်းမရပဲ ရှေ့တန်းပို့ခံရလို့ ကျသွားတာတွေရှိတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
စစ်သားစုဆောင်းခေါ်ယူတာမှာ ပါသွားလို့ ရှေ့တန်းပို့ ခံရတဲ ကျောင်းဆရာက နမ့်ဆန် ဘက် လုံတောက်ရွာခံ ဖြစ်ပြီး အရင် အစိုးရခေတ်ကတည်းက ကျောင်းလုပ်ခဲ့တဲ့ CDM ကျောင်းဆရာ ဖြစ်တာကြောင့်စာသင်ကြားရေးမှာ ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ပေမယ့် စစ်သား မလုပ်လိုတာကြောင့် ကျောင်းဆရာ လုပ်တယ် ဆိုပြီးတော့လည်း ပြောဆိုစွပ်စွဲ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
‌စစ်သားစုဆောင်းခံခဲ့ရတဲ့ တချို့ ဒေသခံ ပြည်သူ့စစ်တွေကို ၁၅ ရက်၊ တလသာ သင်တန်းပေးကာ ရှေ့တန်း ပို့တာတွေ ရှိနေပြီး ပညာရေး ဝန်ထမ်းတွေပါ စစ်မှုထမ်း ကင်းလွှတ်ခွင့် မရှိတာကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကို နှမြောရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd#TLEC

Related posts

Leave a Comment

VOM News

FREE
VIEW