စက်တင်ဘာ ၂ ၊ ၂၀၂၅
GG (VOM)
ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး ငါးလကျော်အကြာမှာ Sky Villa ကွန်ဒိုဆောက်လုပ်ခဲ့တဲ NTL ဆောက်လုပ်ရေးကုမ္ပဏီက ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျခဲ့ရမှုမှာ သေဆုံးခဲ့ရသူတွေကို ဂရုဏာကြေးအဖြစ် တယောက်ကို သိန်း ၁၀၀ ကျပ်နူန်းထောက်ပံ့ပေးသွားမယ်လို့ အသိပေး ကြေငြာလာပါတယ်။
သေဆုံးသူတွေကိုသာ ဂရုဏာကြေးအဖြစ်ပေးအပ်မယ့်အကြောင်း အသိပေးထားတာတွေ့ရပြီး တိုက်ခန်းဝယ်ယူထားသူတွေနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်က လျော်ကြေးပေးခြင်း စတဲ့တစုံတရာ ဆောင်ရွက်ပေးတာမျိုးမရှိသေးကြောင်း ၊ တိုင်းအာဏာပိုင်တွေ အနေနဲ့လည်း ငလျင်ပြိုကျမှုနဲ့ပတ်သက်ပြီး ကွန်ဒိုဆောက်လုပ်သူတွေကို အရေးယူတာမျိုးမတွေ့ရသေးဘူးလို့ မန္တလေးမြို့ခံတွေဝေဖန်မှုတွေရှိနေပါတယ်။
” သေဆုံးသူကိုပဲ သိန်း ၁၀၀ ပေးမယ်ကြေညာတာတွေ့ရတယ်။ပြောရရင် အဲဒီကွန်ဒိုမှာနေတာက တကယ့်သူဌေးတွေပဲနေကြတာ။သူတို့ပေးတဲ့ပိုက်ဆံကို ဘယ်လိုမက်မှာလဲ။သေတဲ့လူကသေကုန်ပြီ။သူတို့ကခုမှ လျော်ကြေးတောင်မဟုတ်ဘူး ဂရုဏာကြေးဆိုတော့ မခက်ဘူးလား။ ခုထိလည်း အလောင်းတွေက တွေ့ရတုန်းပဲ။အစိုးရဘက်ကလည်း ဒါနဲ့ပတ်သက်လို့ အရေးယူတာဘာညာ ခုထိမကြားဘူး။” လို့ မြို့ခံတယောက်ကပြောပါတယ်။
လက်ရှိမှာ Sky Villa ပြိုကျမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က အရေးယူခြင်းမရှိသေးပေမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ( စစစ) မှ သက်ဆိုင်ရာဌာနတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
“လောလောဆယ် အဲဒီကိစ္စက စသုံးလုံးကနေ စည်ပင်တွေရော အကုန် စစ်နေတယ်။ ဒါက လိုအပ်ချက်တွေ တော်တော်လေး များတယ်လို့ ပြောတယ်။”လို့ အမည်မဖော်လိုသူ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဂရုဏာကြေးပေးမယ့် NTL ကုမ္ပဏီကတော့ ဂရုဏာကြေးကို ယခု စက်တင်ဘာလ ၈ ရက်နေ့မှစတင်ပြီးပေးအပ်သွားမှာဖြစ်လို့ သေဆုံးကြောင်းအထောက်အထား၊ စာရွက်စာတမ်းနဲ့ ခိုင်လုံသော အချက်အလက်တွေနဲ့ အတူ Sky Villa ယာယီကွပ်ကဲရေးရုံးကို လာရောက်လျှောက် ထားနိုင်တယ်လို့ အသိပေးထားပါတယ်။
ကွန်ဒိုပြိုကျမှုအတွင်းသေဆုံးခဲ့ရတဲ့မိသားစုဝင်အချို့ကတော့ ယခုလို ဂရုဏာကြေးအဖြစ် သိန်း ၁၀၀ ပေးမယ့်အပေါ် လက်မခံကြောင်း ၊ ကျန်ရစ်သူမိသားစုဝင်တွေကို တောင်းပန်ဖို့လိုကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
ကွန်ဒိုပြိုကျမှုမှာ သေဆုံးခဲ့ရတဲ့ သုခဒိုင်းမွန်းစိန်တိုက် ရဲ့ ကျန်ရစ်သူ သမီး မနှင်းဆီးလင်းဝင်းက “သေ ဆုံးပြီး ငါးလ အကြာမှ နစ်နာကြေးဆိုလား ဂရုဏာကြေးဆိုလား တစ်ယောက် သိန်း ၁၀၀ တဲ့လား။ ကျန်ရစ်သူမိသားစုတွေ လိုချင်ခဲ့တာက ကွန်ဒို တာဝန်ရှိသူတွေ ဦးဆောင်ပြီး လူအင်အားများစွာနဲ့ ကယ်ထုတ်ပေးဖို့ / စိတ်ရင်းအမှန်နဲ့ ကျန်ရစ်သူ မိသားစုကိုတောင်းပန်ဖို့။ခုလို ငါးလ အကြာမှ နစ်နာကြေး လဲ မလိုချင်ဘူး။ဂရုဏာကြေးလဲမလိုချင်ဘူး။ယူလဲယူမှာ မဟုတ်ဘူး။ဆုံးပါးသွားတဲ့ ကျွန်မ အမေ၊ မမ ၊ကိုကြီးနဲ့ သမီးလေးအတွက် နစ်နာကြေး သိန်း၁၀၀ စီကို ကျွန်မတို့ မိသားစုမှလုံးဝယူမည် မဟုတ်ပါ။ အိမ်အကူတွေသုံးယောက် ကတော့ သူတို့မိသားစုသဘောဖြစ်တဲ့အတွက် ထုတ်ယူချင်ရင် ကျွန်မတို့ ကိုဆက်သွယ်ပေးပါ ။ဒာမှမဟုတ် ကိုယ်တိုင်လဲ သွားရောက်ထုတ်ယူနိုင်ပါတယ်။” ဆိုပြီး သူရဲ့လူမှုကွန်ယက်ကနေ ပြောဆိုထားပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် Sky villa ကွန်ဒိုပြိုကျမှုမှာ ယခု ငါးလကျော်ကြာတဲ့အထိ ရုပ်အလောင်းတွေ ဆယ်ယူရရှိနေပြီး လက်ရှိမှာ ကွန်ဒိုပြိုကျမှုကြောင့် သေဆုံးသူရဲ့ရုပ်အလောင်း ၁၈၀ ကျော်ထိ တွေ့ရှိထားပြီဖြစ်တယ်လို့သိရပါတယ်။
Sky Villa ကွန်ဒိုကို NTL ကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်ပြီး ကွန်ဒိုအခန်းတွေရောင်းချခဲ့စဥ်က ငလျင်ဒဏ်ခံဖောင်ဒေးရှင်းစနစ်တွေ ပါဝင်တဲ့ အဆောက်အဦဖြစ်ကြောင်း ကြေငြာရောင်းချခဲ့တာဖြစ်ပြီး အခန်းတခန်းတန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်းထောင်ချီရှိခဲ့တယ်လို့သိရပါတယ်။
Photo:CJ
