စက်တင်ဘာ ၁၁ – ၂၀၂၅
SN (VOM)
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းမပေါ်က နဝဒေးမီးပွိုင့်မှာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်းက စျေးကားနဲ့ Box ကား တိုက်မိမှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ (ရန်ကုန်) မှ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး အမျိုးသား တယောက် သေဆုံးကာ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ကိုးယောက်၊ စုစုပေါင်း ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒီမှာပါတဲ့ လူနာတွေပြောတာတော့ သူတို့ရဲ့ ဈေးကားက ဘရိတ်ပေါက်ပြီးတော့ မီးပွိုင့်မှာ Box ကားကို တိုက်မိပြီး မှောက်သွားတယ်ပေါ့။ သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေက ဈေးကားပေါ်က လူတွေပါ။ သေဆုံး တယောက်ကတော့ အရှေ့ အဖွဲ့က သယ်သွားတာဆိုတော့ ပွဲချင်းပြီး သေတာလား၊ ဘယ်လိုလဲ ဆိုတာကတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ ယာဉ်မောင်းလို့တော့ ပြောတယ်။ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း ပြင်းထန် လူနာက သုံးယောက်လောက်ပါပါတယ်” လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ (ရန်ကုန်) မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေကို ပရဟိတ အသင်းအဖွဲ့တွေက အရေးပေါ် လူနာတင်ယာဥ် ငါးစီးနဲ့ မြောက်ဥက္ကလာပ ဆေးရုံ၊ အရေးပေါ်ဌာနကို အချိန်မီ ပို့ဆောင် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် လက်ရှိ ယာဉ်တိုက်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီးတော့လည်း သူက “အဲဒီကွေ့က အရမ်း အန္တရာယ်များတယ်။ ကုန်းဆင်းလည်း ဖြစ်တယ်၊ ကွေ့ကြောလည်း ဖြစ်တဲ့အတွက် အရမ်း အန္တရာယ်များပါတယ်။ ဒါကြောင့် သတိထားပြီး မောင်းစေချင်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ အခင်းဖြစ်ပွားရာ နေရာကို မြန်မာ့ကြယ်ဖြူ လူမှုကူညီရေး အသင်းနဲ့အတူ လှိုင် လူမှုကူညီရေးအသင်း၊ ကောင်းမှုဆောင် လူမှုကူညီရေးအသင်းတို့ သွားရောက် ကူညီခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ အခုလို ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း သိမ်ကြီးဈေးရှေ့မှာ ကားငါးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ မီးနီကို အတင်းဖြတ်ကျော် မောင်းနှင်လာတဲ့ YBS 107 ဘတ်စ်ကားက တဖက်ယာဉ်ကြောကနေ မောင်းနှင်လာတဲ့ YBS ဘတ်စ်ကားတစီးနဲ့ တိုက်မိခဲ့ကာ တခြားယာဉ် ငါးစီးကိုပါ ထပ်မံဆင့်တိုက်ခဲ့တာလို့ သိရပြီး ယာဉ်မောင်းကတော့ ဖြစ်စဉ်နေရာကနေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဒါအပြင် ဇူလိုင်လ ၃၁ ရက်၊ ညပိုင်းကလည်း ရန်ကုန်မြို့ရှိ မြို့နယ်နှစ်မြို့နယ်မှာ တချိန်တည်း ယာဉ်တိုက်မှု နှစ်မှုဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ လေးယောက် ရှိခဲ့တယ်လို့ Yangon Rescue Organization က အသိပေးထားပါတယ်။
ဇူလိုင် ၃၁ ရက်၊ ည ၁၀ နာရီခွဲ ဝန်းကျင်က ဗိုလ်တထောင်မြို့နယ်၊ ၄၇ လမ်းနဲ့ ၄၈ လမ်းကြား၊ မဟာဗန္ဓုလ လမ်းမပေါ်မှာ အိမ်စီးကား နှစ်စီးနဲ့ အငှားယာဉ် တစီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ တချိန်တည်းမှာပဲ ပန်းပဲတန်းမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဆူးလေဘုရား လမ်းထောင့်မှာ ယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတဝန်း ယာဉ်တိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ယာဉ်တိုက်မှုပေါင်း ၁၆၉၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူဦးရေ ၈၉၂ ယောက် သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၂၄၇၈ ယောက် ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုတွေဟာ ဧရာဝတီတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ယာဉ်တိုက်မှုပေါင်း ၂၇၂ မှု၊ ဒဏ်ရာရရှိသူ ၄၅၂ ယောက်၊ သေဆုံးသူ ၁၂၃ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒုတိယ အများဆုံးကတော့ ရန်ကုန်တိုင်းဖြစ်ပြီး ယာဉ်တိုက်မှုပေါင်း ၃၈၆ မှု၊ ဒဏ်ရာရရှိသူ ၃၉၆ ယောက်၊ သေဆုံးသူ ၁၇၈ ယောက် ရှိခဲ့သလို အမြန်လမ်းမှာတော့ ယာဉ်တိုက်မှုပေါင်း ၉၄ မှု၊ ဒဏ်ရာရရှိသူ ၂၁၉ ယောက်၊ သေဆုံးသူ ၂၈ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အလားတူကာလနဲ့ နှိုင်းယှဉ်ပါက လျော့နည်း ကျဆင်းသွားတယ်လို့ သိရပြီး ပြီးခဲ့တဲ့နှစ် ပထမ ခြောက်လအတွင်းမှာတော့ ယာဉ်တိုက်မှုပေါင်း ၂၁၆၃ ကြိမ် ဖြစ်ပွားခဲ့တာမှာ ထိခိုက်ဒဏ်ရာ ရရှိသူပေါင်း ၃၁၃၂ ယောက် ရှိခဲ့ကာ သေဆုံးသူ စုစုပေါင်း ၁၁၄၈ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ (ရန်ကုန်)