ဆူးငှက်
၁၉၅၄ ခု စက်တင်ဘာ ၁၂ ရက်နေ့က ကျောင်းများမှာ ဗုဒ္ဓဘာသာ သင်ခန်းစာ ပြန်သင်ပေးရန်နှင့်၊ နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းပေးရန် ဆန္ဒပြုအစည်းအဝေးကြီးကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်မှာ နေ့လယ် ၁နာရီက ကျင်းပတော့ လူတစ်သောင်းကျော် တက်ရောက်သတဲ့။
၁၉၅၆ ခု၊ ဖေဖော်ဝါရီ ၅ ရက်နေ့က မန္တလေးခရိုင် ပမညတက ကြီးမှူးပြီး ပြည်တွင်းငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ကျင်းပသည်။ မန္တလေးတရားပွဲများ ရာဇဝင်တွင် အကြီးမားဆုံးဟု လူထုသတင်းစာက သတင်းပေးသည်။
ထိုနှစ် မတ်လ ၂၆ ရက်နေ့က ပါဠိတက္ကသိုလ်စာမေးပွဲ ရက်ရွှေ့သည်ကို မကျေနပ်သော ပါဠိတက္ကသိုလ် စာသင်သားများက အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် စုစည်းတောင်းဆိုကြသည်။
ထို့နောက်၊ နောက်ရက် မတ်လ ၂၆ ရက်မှာလည်း အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်း အနား ကျင်းပခဲ့သည်။
ဆက်တိုက်ဆိုသလိုပင် ထိုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မန္တလေး လေးပြင်လေးရပ်မှ ဆရာတော်ကြီးများကို ပင့်ဖိတ်ဆွမ်းကပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေ ပန်ကြားလွှာ ဆက်ကပသည်။ ဆရာတော်ကြီးများ သာဓုခေါ်ကြ၏။ နေ့ ပိုင်းတွင် အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်၌ ပြည်တွင်းငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကြီး ကျင်းပခဲ့သည်။
၁၉၅၇ မတ်လ (၁၃၊ ၁၄၊ ၁၅)၊ ၁၃၁၈ ခု တပေါင်းလဆန်း ၁၃၊ ၁၄၊ ၁၅ ရက်နေ့များကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းထိုင်ဆရာတော်များအဖွဲ့ချုပ်ကြီး၏ နှစ်ပတ်လည်အစည်းအဝေးကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီး၌ ကျင်းပရာ တစ်ပြည် လုံးမှ ကျောင်းထိုင်ဆရာတော် အပါး ၆၀၀ အပါအဝင် မန္တလေးသံဃာများ စုစုပေါင်း အပါး ၂၀၀၀ တက်ရောက်ခဲ့သည်။
ထိုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ကလည်း တောင်ပိုင်း ရှမ်းပြည်နယ် နမ့်ခမ်းဆေးရုံက နာတာလူးပွဲမှာ ကပြခဲ့တဲ့ ပြဇာတ်က ဘာသာရေး ပဋိပက္ခတွေ ဖြစ်စေနိုင်လို့ တားဆီးအရေးယူရန် တောင်းဆိုတဲ့ ရဟန်းငယ်များ၏ အစည်းအဝေးကိုလည်း အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ကျင်းပခဲ့သည်။
၁၉၅၉ ခု၊ ဇန်နဝါရီလ ၂ရက်နေ့တွင် တည်မြဲ ဖ.ဆ.ပ.လ အဖွဲ့ဌာနချုပ်၏ ခေါင်းဆောင် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးဇံထားဆင်နှင့် “ဗလမစ” မှ ဒေါ်စိန်ပုတို့ အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် လူထုစည်းဝေးပွဲ ကျင်းပသည် …တဲ့။
အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်နှင့် ပတ်သက်သမျှတွေ သိရမှတ်ရသည်များက လူထုသတင်းစာမှချည်းဖြစ်သည်။ ကျွန်တော့် … ဦးလေး၏ အိမ်ခန်းလေးထဲက လူထုသတင်းစာဟောင်းတွေကို လက်မလွှတ်နိုင်တော့ …။
သတင်းစာဟောင်းတွေ ဖတ်လို့ မှတ်လို့ မနိုင်မနင်း ဖြစ်ဆဲမှာပင် စက်ဆရာ အစ်ကိုဝမ်းကွဲတစ်ယောက်၏ စက်ချုပ်ခုံ နဘေး သူ့ အိပ်ရာလေးပေါ်မှ စာအုပ်တစ်အုပ်ကိုလည်း အမှတ်မထင် တွေ့ရှိပြန်၏။ စာအုပ်က အဖုံးပင် မပါတော့ …။ အဖုံးမပါရုံမက အစပိုင်း စာမျက်နှာတွေက ပြုတ်နေသေး …။
အမြင်က စိတ်ဝင်စားစရာ မကောင်းလှသော စာအုပ်ဟောင်းတစ်အုပ်ကို အိပ်ရာပေါ် လှဲမိရင်း အမှတ်မထင် ကောက်ကိုင်မိ တော့ ကြက်သီးဖြန်းဖြန်းထမျှ ကျေနပ်ဝမ်းသာသွားပြန်၏။
ဒီစာအုပ်ထဲမှာလည်း သိချင်တာတွေ …၊ သိစရာတွေ …၊ ဖတ်စရာတွေ …၊ မှတ်စရာတွေ အများကြီး။
-ဝ- -ဝ- -ဝ-
(၂)
“စိမ်းရွက်ညို ကြိုအကြား၊ ပြောက်တောက်ကျားတား ရောင်ခြည်ဝင်တယ်၊ မြေပြင်ငွေမင်လူးသည့်နှယ် …၊
လရောင်မှာ မကြောင်ဝံ့လို့၊ သစ်ပင်အောက်မှာ မှောင်ခိုကာရယ်၊ နှစ်ယောက်သား တွေ့ကြရာဝယ်၊
မောင်ရယ် … အကြည်စားသန်ရန် ဖြစ်ရလိမ့်မယ်။ ခါနှုတ်ဆက်တာလား မျက်နှာထား မယုံစဖွယ် …၊
အံတကြိတ်ကြိတ် ထိတ်များ ထိပ်ပါဘိတော့တယ် …”
စက်ဆရာက အင်္ကျီပုံညှပ်ရင်း သီချင်းဆိုသည်။ ကျွန်တော်က အပ်ချုပ်စက်ခုံ နဘေးရှိ အိပ်ရာပေါ်လှဲရင်း အဖုံးပြုတ်နေသည့် စာအုပ်ထူကြီးထဲက သီချင်းစာသားတွေကို လိုက်ဖတ်သည်။
အလို … ကျွန်တော်တို့ အကြမ်းဖျဉ်းသိထားသည့် သီချင်းစာသားတွေနှင့်မတူ…။ စာသားတွေက နုနုလှလှ …။ အဓိပ္ပာယ် ပြည့်ပြည့်၀၀နှင့် ချစ်စဖွယ်ကောင်းလှသည်။ တကယ်တော့ ထိုသီချင်းကို ကျွန်တော် ကျွမ်းဝင်ခဲ့တာ ကြာပြီ။ ရပ်ကွက်တီးဝိုင်းက အခါကြီး ရက်ကြီးနေ့တိုင်း တီးမှုတ်ကြတော့ ထိုသီချင်းက မပါမဖြစ်ပါသည်။ ပြီးတော့ မှတ်မှတ်ရရလည်း ရှိလှသည်။ ခြေဆင်းပိုဒ်အပြီး နောက်တစ် ပိုဒ်မဆက်မီ ဒိုးချောင်က ရုန်းတော့ ကျွန်တော်တို့ကလေးတစ်သိုက်က မိုက်ခွက်အနား အလုအယက် ပါးစပ်ထိုးပြီး “နှစ်ယောက်ထဲ ဆိုပါ လားဟေ့” ဟု အော်ကြရလို့ဖြစ်သည်။ သီချင်းကို ကြားရဖန်များ၍ အလွတ်ရသည်။ သို့သော် အခုစာအုပ်နှင့် တိုက်ကြည့်ပါမှ ကျွန်တော် ရသော စာသားတွေက လွဲနေမှန်း သိရသည်။ ထိုစာအုပ်ကြီးထဲမှာ ကျွန်တော်ရဖူးသော သီချင်းများ၏ စာသားတွေကို သိရ၏။ အစက တော့ သီချင်းစာသားတွေ အမှန်သိချင်လို့ စိတ်ဝင်တစား ဖတ်ဖြစ်တာပါပဲ…။ နောက် … ဖတ်ရင်း ဖတ်ရင်း အနုပညာရှင်ကြီးများ၏ အထ္ထုပ္ပတ္တိတွေ … ၊ ထိုအချိန်ကာလ ခေတ်နောက်ခံတွေ …၊ သမိုင်းပုံရိပ်တွေ …၊ သဘင်မှုဆိုင်ရာ သုခမအခင်းအကျင်းတွေ ပါသိလာရသဖြင့် လက်မှ မချချင်အောင် ဖြစ်လာရသည်။
(ဆက်ရန်)
ဆူးငှက်
