အပြင်းထန်ဆုံး စူပါတိုင်ဖွန်းမုန်တိုင်းကို ရင်ဆိုင်ဖို့ ဟောင်ကောင်သားတွေ ကြိုတင်ပြင်ဆင်

ဟောင်ကောင်၊ စက်တင်ဘာ-၂၃-၂၀၂၅
ရတီ(VOM)
ဟောင်ကောင်ကို ဝင်ရောက်တိုက်ခတ်မယ့် စူပါတိုင်ဖွန်း ရာဂါဆာကြောင့် ရာနှင့်ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပြီး စာသင်ကျောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်သိမ်းထားပါတယ်။
ယခုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တဲ့ ရာဂါဆာမတိုက်ခတ်မီ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဂွမ်‌ဒေါင်းပြည်နယ်မှ လူ သုံးသိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ရာဂါဆာဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်စွန်းရှိ ကျွန်းငယ်တွေကို တနင်္လာနေ့က ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။
ဟောင်ကောင်မိုးလေဝသဌာနကတော့ မုန်တိုင်းသတိပေးချက် အဆင့် ၁၀ အနက် အဆင့် ၈ အဖြစ် သတ်မှတ်ထားပါတယ်။ မကာအိုမှာလည်း မုန်းတိုင်းသတိပေးချက် အဆင့် ၈ သတ်မှတ်ဖို့ရှိနေပါတယ်။
ဟောင်ကောင်အစိုးရအနေနဲ့ မုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကာ ဟောင်ကောင်ပြည်သူတွေ ဘေးကင်းရေးအတွက် ဆောင်ရွက်နေတယ်လိုပ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက ပြောပါတယ်။
ဟောင်ကောင်ပြည်သူတွေကတော့ မုန်တိုင်းတိုက်ခတ်မှာကို ကြိုတင်ပြင်ဆင်မှုအဖြစ် စားနပ်ရိက္ခာတွေ သောက်သုံးရေနဲ့ ဆေးဝါးတွေ အလျင်စလိုဝယ်ယူနေပြီး လတ်ဆတ်တဲ့ နေ့စဉ်စားသောက်ကုန်တွေကတော့ ပြတ်လပ်နေပါတယ်။
ဟောင်ကောင်ဟာ နှစ်စဉ်နှစ်တိုင်း အင်းအားပြင်းမုန်တိုင်း တိုက်ခတ်မှုတွေနဲ့ ကြုံတွေရလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်ကလည်း စူပါတိုင်ဖွန်းမုန်တိုင်း ဆာအိုလာဟာ တနာရီလေတိုက်နှုန်း ၂၁၀ နဲ့တိုက်ခတ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း မန်ကွတ်ကြောင့် လူ ၂၀၀ ကျော်ဒဏ်ရာရခဲ့ပြီး သင်္ဘောတွေ နစ်မြုပ်၊ အခြေခံအဆောက်အအုံတွေ ပျက်စီးကာ စီးပွားရေး ပျက်စီးမှု ဒေါ်လာ ၅၉၂ သန်းထိ ရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ တိုင်ဖွန်း ဟာတိုကြောင့် ဟောင်ကောင်မှာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ပြီး လူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဟောင်ကောင်မှာ ၁၉၆၂ ခုနှစ်နောက်ပိုင်း အဆင့် ၁၀ မုန်းတိုင်း လေးကြိမ်ထက်မနည်း တိုက်ခတ်ခဲ့ပါတယ်။
Ref:BBC
Photo:AFP/BBC

Related posts

Leave a Comment

VOM News

FREE
VIEW