အောက်တိုဘာ ၃၀-၂၀၂၅
SKT(VOM)
ကသာမြို့နယ်အနီးမှာ အောက်တိုဘာ ၂၉ ရက်ည ၁၀နာရီကျော်အချိန်လောက်က လေကြောင်းတိုက်ခိုက်ခံရလို့ ကသာမြို့နယ်ရဲ့အောက်ဖက်မှာရှိတဲ့ ညောင်ခြေထောက်ရွာ ဘုန်းကြီးကျောင်းနဲ့အနီးရှိ နေအိမ်တွေ ပျက်စီးသွားကာ၊ ဒေသခံလူ(၄)ဦးထိခိုက် သေဆုံးတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။
“ညက အရင်ဆုံး အသံက ပစ်လိုက်သလို အသံအပြင်းဆုံးသုံးချက်ကြားရတယ်။ သုံးမိနစ်လေးမိနစ်လောက်နေတော့ လေယာဉ်ကပျံဝဲလာတဲ့အသံကြားရတယ်။ အတော်ကြာကြာမြို့အရှေ့အနောက်ဝဲနေတယ်။ နောက်တော့ ကသာမြို့အောက်ဖက်ဦးတည်သွားတယ်။ ဗုံးချလိုက်တဲ့အသံဂျိမ်းဂျိမ်းနဲ့ ခုနှစ်ချက်လောက်ကြားရတယ်။”လို့ ကသာမြို့ဒေသခံတဦးက ပြောပါတယ်။
ညအချိန် မထင်မှတ်ပဲရောက်ရှိလာတဲ့အတွက် ကသာအနီးအနားကကျေးရွာတွေမှာ စိုးရိမ်စိတ်တွေရှိတဲ့အတွက် ကသာမြို့ပေါ်ကို လာရောက်နေထိုင်ဖို့ ပြင်ဆင်ကြတယ်လို့သိရပါတယ်။
“ကသာမြို့ပေါ်တော့အခုကဘာမှမဖြစ်သေးဘူး။ရွာထဲမှာနေတာဆိုတော့ ညတုန်းကလို တိုက်ေလယာဥ်လာခဲ့မှာစိုးရိမ်လို့ပါ”လို့ ကသာမြို့အနီးကျေးရွာဒေသခံကဆိုပါတယ်။
ကသာမြို့အနီး ညအချိန်လေကြောင်းတိုက်ခိုက်ခဲ့သလို ဗန်းမောက်မြို့မှာလည်း မနက်ပိုင်း(၈)နာရီခွဲက ဗုံးအလုံးပေါင်း(၄၀)ကျော်ကျဲချခဲ့လို့ အဆောက်အဦတွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
