အိန္ဒိယနိုင်ငံ ဂိုအာရှိ နိုက်ကလပ်မီးလောင်မှု သေဆုံးသူ ၂၅ ယောက်ရှိလာ

ဒေလီ၊ ဒီဇင်ဘာ-၈-၂၀၂၅
ရတီ(VOM)
အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဒေသ ဂိုအာရှိ လူကြိုက်များတဲ့ နိုက်ကလပ်တခု မီးလောင်မှုကြောင့် သေဆုံးသူဦးရေဟာ ၂၅ ယောက်အထိ ရှိလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရဲတွေကတော Birch နိုက်ကလပ် မီးဖိုချောင်ရှိ ဓာတ်ငွေ့အိုးတလုံး ပေါက်ကွဲမှုကြောင့်လို့ ကနဦး ယူဆခဲ့ပေမယ့် ဂိုအာပြည်နယ်ဝန်ကြီးချုပ်ကတော့ နိုက်လပ်အတွင်း အသုံးပြုတဲ့ မီးရှူးမီးပန်းတွေကြောင့် မီးလောင်မှုဖြစ်တာလို့ ဆိုပါတယ်။
လူကြိုက်များတဲ့ ကမ်းခြေတစ်ခုအနီးမှာ တည်ရှိတဲ့ အဲဒီနိုက်ကလပ်မှာ ဘောလီးဝုဒ် DJ တယောက်ဖျော်ဖြေတာကို နားထောင်ဖို့ လာရောက်ကြသူတွေနဲ့ပြည့်နှက်နေပြီး မီးလောင်မှုကြောင့် ဒေလီက မိသားစုဝင်လေးယောက်နဲ့ ဝန်ထမ်း ၂၁ ယောက်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
နိုက်ကလပ်မန်နေဂျာ အပါအဝင် လူလေးယောက်ကို ဖမ်းဆီးထားပြီး ပိုင်ရှင်ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဂိုအာသည် အာရေဗျပင်လယ်ရှိ ပေါ်တူဂီကိုလိုနီဟောင်း ဒေသတခုဖြစ်ပြီး နိုက်ကလပ်တွေ၊ သဲသောင်ပြင်နဲ့ အပန်းဖြေစခန်းတွေကြောင့် နှစ်စဉ် ခရီးသွားသန်းပေါင်းများစွာကို ဆွဲဆောင်လျက်ရှိပါတယ်။
ဂိုအာပြည်နယ် ဝန်ကြီးချုပ် ပရာမော့ဒ် ဆာဝန့်က သတင်းထောက်တွေကို ပြောကြားရာမှာ လူသုံးယောက် မီးလောင်ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ကျန်အများစုကတော့ အသက်ရှူကြပ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်လူခြောက်ယောက်ကတော့ ဆေးရုံမှာ တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
သေဆုံးသွားတဲ့ အလုပ်သမား ၂၀ ဟာ အိန္ဒိယနိုင်ငံ ဂျာခန်၊ ဥတ္တရာခန်၊ မဟာရပ်ရှထရာ၊ အာသံ၊ ဥတ္တရာပရာဒေ့ရှ်၊ အနောက်ဘင်္ဂလားနဲ့ ကာနာတာကာပြည်နယ်တွေက ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အလုပ်သမားတယောက်ကတော့ နီပေါနိုင်ငံက ဖြစ်ပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ဖြစ်ရပ်နဲ့ပတ်သက်တဲ့ အပြည့်အစုံအစီရင်ခံစာကို တပတ်အတွင်း ထုတ်ပြန်ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုထားပြီး တာဝန်ရှိတဲ့သူကို အပြင်းထန်ဆုံး အရေးယူမှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW