မန္တလေး – မြစ်ကြီးနား ကုန်ကားတွေ တိုင်းဖြတ်ကျော်ခွင့် လျှောက်ထားမှု ခွင့်ပြုချက်ကျဖို့ ကြန့်ကြာလို့ အခက်ကြုံ

ဒီဇင်ဘာ ၉ ၊ ၂၀၂၅
Shy V (VOM)
မန္တလေး – မြစ်ကြီးနား ကုန်ကားတွေ တိုင်းဖြတ်ကျော်ခွင့် လျှောက်တာမှာ ခွင့်ပြုချက်ကျဖို့ ကြန့်ကြာလို့ အခက်ကြုံနေရကြောင်း လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“မနေ့က တိုင်း Pass ကျမယ် ဆိုပြီးတော့ မကျလာဘူး။ စောင့်နေတာ ၆ ရက်လောက်ရှိပြီ။ တရက် တရက် ကား တစီးကို စားစရိတ် ငါးသောင်း လောက်ကုန်တယ်” လို့ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ခါတိုင်း တိုင်းဖြတ်သန်းခွင့် စာရွက် စာတမ်း မလိုပေမယ့် ဒီတခေါက်က ပြည်တွင်းထွက်ကုန်ဖြစ်တဲ့ ဘိလပ်မြေကိုလည်း နယ်လုံ ထောက်ခံချက်နဲ့ တိုင်း/ပြည်နယ် ဖြတ်သန်းခွင့် တင်ခိုင်းတယ်လို့ သူက ပြောပါတယ်။
နယ်လုံ ထောက်ခံစာကို မြစ်ကြီးနား နယ်လုံ ဝန်ကြီးဆီက ယူရပြီး တိုင်း/ပြည်နယ် ဖြတ်သန်းခွင့်ကို နန့်စီးအောင်က တာဝန်ကျ အရာရှိတွေကနေတဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ တင်ရကာ ခွင့်ပြုချက်ရမှာ ကားတွေ သွားလို့ ရတာလို့ ဆိုပါတယ်။
“ရွှေဘိုဘက်တော့ ဘိလပ်မြေတင်ရင် ခါတိုင်း ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ဆိုင်ထောက်ခံစာတွေ ပါရင်ရတယ်” လို့ ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။
ထောက်ခံစာ တမျိုးပါလာရင်လည်း နောက်တမျိုး ထပ်တောင်းပြီး ရစ်တာမျိုး ရှိသလို တောင်းတဲ့ စာရွက်စာတမ်း မပါရင် ငွေတောင်းတယ်လို့ သူက ပြောပါတယ်။
ပြည်တွင်းကုန်စည်တွေ ဖြစ်သလို တရားဝင် အခွန်နဲ့ လာတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တာကြောင့် အခုလို ကြန့်ကြာတာဟာ ကုန်သည်လုပ်ငန်းရှင်တွေရော ယာဉ်မောင်းတွေပါ အခက်ကြုံစေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန္တလေး – မြစ်ကြီးနား လမ်းကြောင်းမ လမ်းမကြီး အတိုင်း သွားခို့ မရတဲ့ နေရာတွေကိုပါ ကွင်းလမ်း ကနေ သွားရတာကြောင့် ပိုမို ကြန့်ကြာလို့ အခက်ကြုံရကြောင်း ကုန်သည် လုပ်ငန်းရှင်တွေနဲ့ ယာဉ်မောင်း တွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW