မူဆယ်မြို့ပေါ် ဆန္ဒမဲ ပေးမှု အခြေအနေ
ဒီဇင်ဘာ ၂၈၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ဆန္ဒမဲ ပေးမှု အခြေအနေက မနက်ပိုင်း ၉ နာရီအထိ မဲရုံတရုံကို မဲပေးပြီးတဲ့ မဲဆန္ဒရှင် ၃၀၀ နဲ့ အထက် ရှိနေပြီဖြစ်ကြောင်း မဲရုံတာဝန်ရှိသူတွေ ဆီက သိရပါတယ်။
“ပထမဆုံး မဲပေးတာပါ။ မဲပေးတဲ့ အချိန် အခက်အခဲ မရှိပါဘူး။ မြန်ပါတယ်။ ဝင်လာတာနဲ့ မှတ်ပုံတင်နဲ့ နံပါတ်စဉ် ပြောရင် တုံကင် စာရွက်ပေးပြီး ဝင်သွားရုံပါပဲ” လို့ လူငယ် တယောက်က ပြောပါတယ်။
ဟူမွန်ရပ်ကွက် မဲရုံ ၁ မှာတော့ မနက် ၆ နာရီ မဲရုံ စဖွင့်တဲ့ အချိန်ကစ ၈ နာရီခွဲကျော်အထိ မဲ ပေးပြီးတဲ့ မဲဆန္ဒရှင် အယောက် ၆၀၀ ကျော် အထိရှိပြီလို့ မဲရုံက တာဝန်ရှိသူ တယောက်က VOM ကို ပြောပါတယ်။
“အရင်တုန်းက ပေးတာထက် အခု စက်နဲ့ ပေးတာက ပိုအဆင်ပြေတယ်။ မြန်လည်း မြန်တယ်။” လို့ မဲဆန္ဒရှင် အမျိုး သမီး တယောက်က ပြောပါတယ်။
တချို့ က မိမိရဲ့ နာမည် စာရင်း ရှာမတွေ့သေးတဲ့ သူတွေ၊ ရှာရခက်ခဲနေသူတွေအတွက် မှတ်ပုံတင် ယူလာပြီး ကွန်ပြူတာနဲ့ ရှာပေးတယ်လို့ သူက ပြောပါတယ်။
ဟူမွန်ရပ်ကွက် မဲရုံ ၂ မှာ တော့ မနက် ၆ နာရီ မဲရုံစဖွင့်ချိန် ကနေ မနက် ၉ နာရီ မထိုးခင်အထိ မဲပေးပြီး မဲဆန္ဒရှင် ၃၀၀ ကျော် ရှိနေပြီ ဖြစ်သလို မြောက်ရပ်ကွက် မဲရုံမှာလည်း မနက် ၉ နာရီအထိ မဲပေးပြီး မဲဆန္ဒရှင် ၃၀၀ ကျော် အထိရှိပြီ ဖြစ်ကြောင်း မဲရုံ တာဝန်ရှိသူတွေက VOM ကို ပြောပါတယ်။
