မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးတွေကို ဒီကနေ့ နေ့ချင်းပြီး ပြုလုပ်ပေးနေ
ဒီဇင်ဘာ ၂၈ – ၂၀၂၅
SS (VOM)
ရွေးကောက်ပွဲအတွက် မဲစာရင်းပါပြီး မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးတွေကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ၀က) က နေ့ချင်းပြီး ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးမှုတွေ ရှိခဲ့ပါက မိမိတို့ သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
“အဓိက မဲပေးဖို့ စာရင်းပါပြီး မှတ်ပုံတင် ပျက်နေတာ၊ ပျောက်ဆုံး ဖြစ်နေတာတွေကို ပိတ်ရက်ဖြစ်ပေမယ့် လ၀ကရုံးမှာ ဒီကနေ့ နေ့ချင်းပြီး လုပ်ပေးနေတယ်။ မဲစာရင်းမပါတဲ့ တခြား ပျက်စီး ပျောက်ဆုံးတွေကတော့ ပုံမှန်အတိုင်း ရုံးချိန်ပေါ့” လို့ သန်လျင် လ၀ကရုံး တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် မှတ်ပုံတင် မရှိတဲ့သူတွေ မှတ်ပုံတင်လုပ်ဖို့ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ နိုင်ငံရေးပါတီတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အကြောင်းကြားထားတယ်လို့ သိရပါတယ်။
မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၅၃ (က) နဲ့ (ခ) အရ ရွေးကောက်ပွဲ ကျင်းပတဲ့ရက်မှာ သက်ဆိုင်ရာ မဲရုံတွေဆီမှာ မဲပေးခွင့် ရရှိဖို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ ဧည့်နိုင်ငံသား (ဒါမှမဟုတ်) နိုင်ငံသား ပြုခွင့်ရလက်မှတ်တို့ ပါရှိရမှာဖြစ်ပါတယ်၊။
ဒါကြောင့် မဲစာရင်းမှာပါဝင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး၊ ပျောက်ဆုံးပြီး လက်ဝယ်မရှိသူတွေ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်တွေကို အမြန်ရရှိဖို့ ဆောင်ရွက်နိုင်အောင် မဲဆန္ဒရှင်ပြည်သူတွေကို နိုင်ငံရေးပါတီတွေက နှိုးဆော်ပေးဖို့ကိုလည်း UEC က အသိပေး တိုက်တွန်းထားပါတယ်။
Photo – CJ
