အ​နောက်နိုင်ငံ​တွေက ​မြန်မာ့ရွေးကောက်ပွဲကို မလိုလား​ပေမယ့် နိုင်ငံခြားမီဒီယာ​တွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ရောက်ရှိ​နေ၊ ကြိုတင်မဲရလဒ်​တွေ တချို့ထုတ်ပြန်

အ​နောက်နိုင်ငံ​တွေက ​မြန်မာ့ရွေးကောက်ပွဲကို မလိုလား​ပေမယ့် နိုင်ငံခြားမီဒီယာ​တွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ရောက်ရှိ​နေ၊ ကြိုတင်မဲရလဒ်​တွေ တချို့ထုတ်ပြန်
ဒီဇင်ဘာ ၂၇ – ၂၀၂၅
SS (VOM)
မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ တရုတ် အပါအဝင် နိုင်ငံ ခြောက်နိုင်ငံမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ မြန်မာနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ အစိုးရက ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။
အဲဒီ နိုင်ငံတွေကတော့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံ စသဖြင့် စိတ်ဝင်စားတဲ့နိုင်ငံကိုယ်စားပြုသူ​​​တွေဟာ ဒီဇင်ဘာ ၂၆ ရက်က ရောက်ရှိလာတာဖြစ်ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ဘီလာရုဇ်နိုင်ငံမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ရောက်ရှိပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ခုပထမပိုင်း ရွေးကောက်ပွဲမှာ သတင်းရယူနိုင်ဖို့ လျှောက်ထားတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်း ထောက် ၂၁၅ ယောက် ရှိတယ်လို့ UEC က ယ​နေ့​​ခေတ်သတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားထားပါတယ်
ထိုင်းနိုင်ငံကလည်း သူတို့ဆီကနေ ကိုယ်စားလှယ်တယောက် စေလွှတ်ဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ပွန်ကက်ကောင်းရဲ့ ပြောကြားမှုကို ဂျပန်သတင်းဌာန NHK ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ ဖော်ပြထားပြီး လာအို၊ ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း လာရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်က “တရုတ်ကတော့ စောင့်ကြည့်ရေးအဖွဲ့ကို ဦးဆောင်မယ်လို့ သတင်းထွက်နေတယ်။ ဟုတ်၊ မဟုတ်တော့ မသိရသေးဘူး။ စောင့်ကြည့်မယ့် နိုင်ငံစာရင်းမှာ ဖိလစ်ပိုင် ပါနေတာတော့ ထူးဆန်းတယ်။ သူက ဒီရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြောထားသလို တရုတ်နဲ့ မတည့်သူလည်းဖြစ်တယ်။ အဲဒီတော့ အလားအလာ ဘယ်လိုရှိနိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ မြို့နယ် ၃၃၀ရှိတဲ့အနက် ရွေးကောက်ပွဲကို ၂၆၅ မြို့နယ်မှာသာ ကျင်းပမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မြို့နယ် ၆၅ မြို့နယ်အထိ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ရွေးကောက်ပွဲ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပါဝင်တဲ့ မြို့နယ် ၂၀၀ ကျော်ထဲက ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉၃၁ ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့လည်း ကြေညာထားပါတယ်။
ဒါအပြင် မဲရုံမဖွင့်မီ ရောက်ရှိထားတဲ့ ကြိုတင်မဲတွေကိုလည်း အသိသက်သေတွေ၊ ပြည်သူတွေ၊ မဲရုံကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ ရေတွက်ပြီး မဲရုံမှာ ကပ်ထားကြေညာပေးမှာ ဖြစ်တယ်လို့ အသိ​ပေးထားပါတယ်။
ခုဆိုရင် ကြိုတင်မဲစာရင်း​တွေကို သက်ဆိုင်ရာမဲရုံ​​တွေမှာ ​​ကြေငြာထားပြီးဖြစ်တာမှာ VOM ကသိရသ​လောက် အများထင်ထားတဲ့အတိုင်း USDP
ပြည်ခိုင်ဖြိုးပါတီက အသာစီးရ​နေတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ မဲရုံမှာမဲပေးမှု ပြီးဆုံးတဲ့အခါ မဲရုံမှူးဟာ မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) စက်ရှိ ထိန်းချုပ်စက်ပါ (on/off) ခလုတ်ကို နှိပ်ပြီး မဲပေးမှုကို ပိတ်သိမ်းရမှာဖြစ်ပြီး ထိန်းချုပ်စက်ရှိ Print ခလုတ်နှိပ်ကာ မဲရလဒ် စာရင်း ဖော်ပြတဲ့ စက္ကူဖြတ်ပိုင်းကို မဲပေးချက် ဖော်ပြစက်ကနေ ထုတ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ စက္ကူဖြတ်ပိုင်းရဲ့ ကျောဘက်မှာ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တွေ၊ မဲရုံကိုယ်စားလှယ်တွေက မှန်ကန်ကြောင်းလက်မှတ် ရေးထိုး အတည်ပြုမှာဖြစ်ပြီး MEVM စက်မှာ ပါရှိတဲ့ မဲပုံးအတွင်းကနေ ဆန္ဒမဲ ဖြတ်ပိုင်းတွေကို ပြန်လည်ရေတွက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
UEC အနေနဲ့ ရွေးကောက်ပွဲ အပိုင်း (၂) ကို လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး အပိုင်း (၃) ကိုတော့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW