ကသာ ကနေ တိမ်းရှောင်လာသူတွေတချို့ လမ်းမှာပိတ်မိ ၊ စစ်ကိုင်း – ကချင် နယ်စပ်တကြော အသွားအလာ ပိုခက်ခဲလာဖို့ရှိ

ဒီဇင်ဘာလ ၃၁၊ ၂၀၂၅
Sh V (VOM)
ကသာ ကနေ တိမ်းရှောင်လာသူတွေတချို့ လမ်းမှာ ပိတ်မိနေပြီး စစ်ကိုင်း – ကချင် နယ်စပ်တကြော အသွားအလာ ပိုခက်ခဲလာဖို့ရှိနေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“မြို့ထဲမှာ ရှိနေသးတဲ့ သူတွေလည်း ရှိတယ်။ ထွက်လာတဲ့ လူတွေလည်း ဒီနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ထပ်ထွက်လာတာရှိတယ်။ ၈ မိုင်မှာ ပြန်ပိတ်တာ။ လမ်းမှာ ပြန်ပိတ်မိနေတာ” လို့ ကသာ ဒေသခံ မိန်းကလေး တယောက်က ပြောပါတယ်။
ကသာမြို့ထဲမှာတော့ တယ်လီနော ဖုန်းလိုင်းပဲ ရတာ ဖြစ်ပြီး MPT လိုင်း မရတာတော့ ကြာပြီဖြစ်ကာ လမ်းမှာ ပိတ်မိနေတဲ့မိသားစုဝင်တွေကို အဆက်အသွယ်တွေလည်း မရ ဖြစ်နေပြီး တခြား အခြေအနေ ဘာမှတော့ သေချာ မသိရသေးဘူးလို့ သူက ပြောပါတယ်။
“ပစ်ခတ်သံတော့ ငြိမ်နေပါတယ်။ တစ်မြို့လုံး အထုပ်အပိုးတွေနဲ့ မလွှဲသာလို့ ရှောင်တိမ်းဖို့ လိုလာရင် အဆင်သင့် ပြင်ဆင်ထားတဲ့ အနေအထားပါ” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။
ဒီနေ့ မနက်ပိုင်း ပစ်ခတ်သံတွေ ငြိမ်နေပေမယ့် ထွက်လမ်းတွေ ပိတ် နေတာကြောင့် အခြေအနေ မကောင်းဘူးလို့ သူက ပြောပါတယ်။
ကသာမြို့ထဲကလွဲ ရင် ပတ်ဝန်းကျင်ရွာတွေက PDF နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ကြီးစိုနယ်မြေ ဖြစ်နေတဲ့ အခြေအနေ ဖြစ်နေပြီး လက်ရှိမှာတော့ တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက်ရှိနေပေမယ့် တပ်စခန်း သိမ်းပိုက်ခံရတယ် ဆိုတဲ့ သတင်းနဲ့ သုံ့ပန်း အဖြစ်ဖမ်းခံရတယ် ဆိုတာက သတင်းအမှား ဖြစ်ကြောင်း အစိုးရတပ်ဖွဲ့နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
“ကသာ ဘက်မှာတော့ နှစ်ဖက် အခြေအနေ တင်းမာနေတယ်။ ကချင် နဲ့ စစ်ကိုင်း နယ်စပ် တကြောက လမ်းတွေလည်း ပိတ်ထားတယ်” PDF နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
တိုက်ပွဲတွေက အရပ်ရှစ်မျက်နှာ လို့ ဖြစ်ပွားနေတော့ ဖြတ်သွားဖြတ်လာ ဖို့ တဂိတ် ကျော်နိုင်ရင်တောင် နောက် ထပ်ဂိတ်တွေ ကျော်နိုင်ဖို့ မလွယ်တာကြောင့် ဒီရက်ပိုင်းအတွင်း အသွားအလာ ပို ခက်ခဲလာနိုင်တယ်လို့ သူက ပြောပါတယ်။
ကသာအပါအဝင် မန္တလေး မြစ်ကြီးနား လမ်းကြောင်း ပေါ်က နေရာအတော်များများမှာ လမ်းပိတ်တာတွေ၊ တိုက်ပွဲဖြစ်နေတာတွေ ရှိနေတာကြောင့် ကုန်တင်ကားတွေက လုံးဝ သွားလို့ မရသေးတဲ့ အခြေအနေဖြစ်နေပြီး ကားတွေပါ ရပ်နားထားရကြောင်း ကုန်သည် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
အခု ဒီဇင်ဘာလ အတွင်း မန္တလေး – မြစ်ကြီးနား လမ်းမပေါ်ရှိ ခင်ဦးလမ်းဆုံ ဘက် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ခရီးသွားတွေနဲ့ ကားသမားတွေ ခိုက်မှု ရှိခဲ့တာဖြစ်ပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW