ဒီဇင်ဘာ ၃၁ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ စီတောင်းကျေးရွာက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ကျေးရွာ စည်းရုံးရေးမှူး နဲ့ သူ့ရဲ့ မိသားစုဝင် နှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တခုက သတ်ဖြတ် သွားတယ်လို့ သိရပါတယ် ။
အသတ်ခံရ သူတွေက USDP ပါတီရဲ့ စည်းရုံးရေးမှူး ဖြစ်သူ ဦးဝင်းသိန်း ၊သမီးဖြစ်သူ ဒေါ်ဇာနည်သိန်း နဲ့ ယောကျ်ား ဖြစ်သူ ဦးကျော်ထက်အောင် ဆိုသူ တို့ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ၊ ညပိုင်း နေအိမ်မှာ မိသားစုလိုက် အတူရှိနေစဥ် လက်နက်ကိုင် အဖွဲ့က ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သတ်ဖြတ် သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ည ၁၀ နာရီ လောက်ကြီး ဝင်သတ်သွားတာ ။ ဒဏ်ရာတွေက သေနတ်ဒဏ်ရာတွေ ရော ဓားဒဏ်ရာတွေရောပဲ လို့သိရတယ်။ဆိုင်ကယ် နှစ်စီး လာပစ်တာလို့ သိရတယ်။ ဖုန်းတွေလည်း ယူသွားတယ်တဲ့ ။ ဘယ်အဖွဲ့ဆိုတာ တော့ ခုထိမသိရသေးဘူး ။ ” လို့ USDP ပါတီနဲ့ နီးစပ်သူ ဒေသခံက ပြောပါ တယ်။
အဆိုပါ USDP ပါတီဝင် မိသားစုလိုက် အသတ်ခံရမှု နဲ့ ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့ဘက်က သတင်းထုတ်ပြန် ခြင်းမရှိသေးပါဘူး ။
ဇွန် ၉ ရက်ကလည်း မန္တလေးတိုင်း ၊ ညောင်ဦး မြို့နယ်၊ ဒဟတ်ကန် ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်တဲ့ ဦးဝင်းနိုင် နဲ့ ဦးချမ်းသာ ဆိုသူတို့နှစ်ယောက် အသတ်ခံခဲ့ ရပါတယ်။
မြန်မာ တနိုင်ငံလုံးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် မှ ၂၀၂၅ ခုနှစ် ဒီဇငိဘာ ၂၆ ရက်အထိ အကြမ်းဖက် တိုက်ခိုက် မှုကြောင့် ကလေးသူငယ် နဲ့ သံဃာ ၊ အရပ်သား ၊ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ အစိုးရဝန်ထမ်း ၉၉၀၈ ယောက် အသတ်ခံခဲ့ရပြီး ၁၃၀၁၁ ယောက် ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ အစိုးရက ဒီဇင်ဘာ ၃၀ ရက်နေ့က သတင်း ထုတ်ပြန် မှုအရသိရပါတယ်။
ဒါအပြင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အဆောက်အုံ နဲ့ ပစ္စည်းများစုစုပေါင်း ၇ ၅၉၈ ခုပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။
Photo: CJ
