ဒီဇင်ဘာ ၃၁ – ၂၀၂၅
SS (VOM)
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်၊ မနက်ပိုင်းက အမျိုးသမီးတယောက် ဆွဲကြိုးလုယက်ခံရပြီး မျက်နှာကို ဓားနဲ့အလှီးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ သန်လျင်၊ အောင်မင်္ဂလာရပ်ကွက်မှာ ဒီကနေ့ မနက် ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး အိမ်ရှေ့မှာ တံမြက်စည်း လှဲနေတဲ့ချိန် ဆွဲကြိုး လုယက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဆွဲကြိုး အလုခံရတဲ့အချိန် အဲဒီအမျိုးသမီးက အော်လိုက်တော့ ဓားနဲ့လှီးသွားတာ။ ဒဏ်ရာက သုံးချက်ရှိတယ်။ မျက်နှာမှာ နှုတ်ခမ်းကြီးကွဲနေတာ တခုရှိတယ်၊ မေးစေ့မှာ တခုရှိတယ်၊ ခေါင်းမှာ တခုရှိတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သန်လျင်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို ဒေသအခြေစိုက် လူမှုကူညီရေးအသင်းက သန်လျင်ဆေးရုံကို ကနဦး ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာတွေ ပြင်းထန်ပြီး သွေးထွက် လွန်နေတာကြောင့် သန်လျင်ဆေးရုံကတဆင့် ရန်ကုန် ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
နိုင်ငံတဝန်းမှာ အခုလို လုယက်ခံရမှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်မှာ အမျိုးသမီးနှစ်ယောက် ဆွဲကြိုးလုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီ မြစ်ကြီးနားမြို့မှာပဲ ဇွန်လ ၂၉ ရက်နေ့လည်း ဂျပန်တံတားလမ်းမှာ အမျိုးသမီးတယောက် ဆွဲကြိုးလုယက်ခံရတဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇွန်လ ၂၆ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာစျေးအရှေ့မှာ သစ်သီးဝယ်နေတဲ့ ကလေးငယ်ရဲ့ ဆွဲကြိုးကို အမျိုးသမီး သုံးယောက်က လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
