ဝါရှင်တန်၊ ဇန်နဝါရီ-၁၅-၂၀၂၆
မျိုးဆက်(VOM)
အမေရိကန်အစိုးရဟာ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ရွှေ့ပြောင်းအခြေချဗီဇာလျှောက်ထားမှုကိူ အကန့်အသတ်မရှိ ရပ်ဆိုင်းထားပြီး အမေရိကန်ကို ဝင်ရောက်နိုင်မယ့် လမ်းကြောင်းတွေကို ပိုမိုကန့်သတ်လိုက်ပါတယ်။
လူမှုဖူလုံရေးနဲ့ အများပြည်သူအကျိုးခံစားခွင့်တွေကို အသုံးပြုပြီး အမေရိကန်ပြည်သူတွေရဲ့ ဥစ္စာဓနတွေကို စနစ်အလွဲသုံးစားပြုမှုတွေကို အစိုးရအနေနဲ့ အဆုံးသတ်လိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
သမ္မတ ဒေါ်နယ်ထရန့်ဟာ ရာထူးပြန်လည်ရရှိပြီးနောက်ပိုင်း အမေရိကန်ကို တရားမဝင်နဲ့ တရားဝင်ဖြတ်ကျော်ဝင်ရောက်မှု နှစ်မျိုးလုံးကို ကန့်သတ်ဖို့ ကြိုးပမ်းခဲ့ပြီး လက်ရှိကန့်သတ်မှုဟာ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အသက်ဝင်မှာဖြစ်ပြီး မြန်မာ၊ ရုရှား၊ အီရန် ၊ ဆိုမာလီယာအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံပါဝင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်ပြည်ထောင်စုအတွင်း အရည်အချင်းမပြည့်မီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကန့်သတ်ဖို့ အခွင့်အာဏာကို အသုံးပြုသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ဦးဆောင်တဲ့ ဌာနဟာ လူမှုဖူလုံရေးနဲ့ အများပြည်သူအကျိုးခံစားခွင့်တွေကို ရယူအသုံးချမယ့် နိုင်ငံခြားသားတွေ ဝင်ရောက်မှုကို ကာကွယ်ဖို့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်အကဲဖြတ်နေချိန်မှာ ဗီဇာလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားမယ်လို့ ပြောပါတယ်။
အေပီ သတင်းဌာနရဲ့ အဆိုအရ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ ၇၅ နိုင်ငံက ရွှေ့ပြောင်းအခြေချ ဗီဇာလျှောက်ထားမှုတွေကို ရပ်ဆိုင်းဖို့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို ညွှန်ကြားထားပြီး ဒီရပ်ဆိုင်းမှုဟာ ရွှေ့ပြောင်းနေထိုင်သူမဟုတ်တဲ့ ယာယီခရီးသွားဗီဇာနဲ့ စီးပွားရေးဗီဇာတို့အတွက် အကျုံးမဝင်ဘူးဆိုပါတယ်။
မကြာသေးမီလများအတွင်း နိုင်ငံခြားရေးဝန်ကြီဌာနဟာ ရုရှား၊ အီရန်၊ အာဖဂန်နစ္စတန်နဲ့ အာဖရိကရှိ နိုင်ငံအတော်များများ အပါအဝင် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်တယ်လို့ ယူဆထားတဲ့ နိုင်ငံတွေမှ ရွှေ့ပြောင်းနေထိုင်မှုအပေါ် ကန့်သတ်ချက်တွေကို တိုးမြှင့်ခဲ့ပါတယ်။
နိုဝင်ဘာလအတွင်းက ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ယောက်ကို ပစ်ခတ်မှုကြောင့် အာဖဂန်နစ္စတန်မှ ရွှေ့ပြောင်းနေထိုင်သူတယောက်ကို တရားစွဲဆိုပြီးနောက် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားတွေ ဝင်ရောက်မှုကို ပိတ်ပင်ခဲ့သည်။
Ref:BBC
Photo:Getty Images
