တိုကျို ၊ ဇန်နဝါရီ-၁၇-၂၀၂၆
ရတီ (VOM)
မြန်မာနိုင်ငံမှာ အဓိကအတိုက်အခံအင်အားစုများကို ချန်လှပ်ထားပြီး လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်ကြီးစိုးသည့် အုပ်ချုပ်ရေးစနစ်သာ ဆက်လက်ဖြစ်ပွားဖွယ်ရှိနေတာကြောင့် နောက်ထပ်ကွဲပြားမှုတွေနဲ့ ရင်ဆိုင်ရနိုင်ခြေကို အလေးအနက် စိုးရိမ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မီနိုရူကီဟာရာက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေလွတ်မြောက်ရေးနဲ့ အခြားကိစ္စရပ်တွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ဆွေးနွေးမှုကို မြှင့်တင်ဖို့ မြန်မာအာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုတွေဟာ မလုံလောက်သေးကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပပုံအရ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းအတွက် ပိုမိုခက်ခဲနိုင်ကြောင်း သူက ထောက်ပြပါတယ်။
၂၀၂၁ ခုနှစ်မှာ နိုင်ငံအရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှစပြီး အပိုင်းသုံးပိုင်းခွဲ ကျင်းပနေပြီး အဓိကအတိုက်ခံပါတီ မပါဝင်တဲ့အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု ရရှိနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရွေးကောက်ပွဲဟာ စစ်တပ်က သူ့ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေဖို့နဲ့ အာဏာကို ခိုင်မာစေရန် ကြိုးပမ်းမှုတခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ မြို့နယ် ၁၇ မြို့နယ်မှာ မဲရုံ ၁၃၀၀ ဖွင့်လှစ် ကျင်းပသွားမှာဖြစ်ကာ ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)နဲ့ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Ref:The Mainichi
Photo: Mainichi
