လူငယ်ငြိမ်းချမ်ရေး ဖိုရမ်အပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်မူဝါဒ ကြေငြာစာတမ်းထွက်ပေါ်

နေပြည်တော် ဇန်နဝါရီ ၁၆- ၂၀၂၆
KKL(VOM)
နေပြည်တော်မှာ ဇန်နဝါရီ ၁၃ကနေ ၁၅ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အပြီးသတ်နေ့မှာ လူငယ်တွေရဲ့ ဆွေးနွေး အကြံပြုချက်တွေထဲက ငြိမ်းချမ်းရေးနဲ့အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတရပ်ကို ရေးဆွဲတင်ပြနိုင်ခဲ့ကြပါတယ်။
အခုလို စာတမ်းတစ်ရပ် ပေါ်ထွက်တင်ပြနိုင်အောင် နိုင်ငံတော်အကြီးအကဲတွေ၊ အဆက်ဆက်က ငြိမ်းချမ်းမှုဖော်ဆောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြသူတွေ၊ ဝန်ကြီးဌာတွေက ကိုယ်စား လှယ်တွေ၊ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ၊ တိုင်းဒေသကြီး ပြည်နယ်တွေကိုယ်စားပြုတဲ့ အလွှာပေါင်းစုံက လူငယ်ကိုယ်စားလှယ်တွေ လူထုအခြေပြု အဖွဲ့အစည်းတွေက စေတနာ့ ဝန်ထမ်းလူငယ်တွေ ပရဟိတအသင်းအဖွဲ့တွေ NGO လူငယ်ကွန်ရက်အဖွဲ့လူငယ်တွေ တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးက လူငယ်ကိုယ်စားလှယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲက(NCA-S EAOs) ကလူငယ်ကိုယ်စားလှယ်တွေ၊ JMC က လူငယ်ကိုယ်စားလှယ်တွေ နယ်စပ်ဒေသတွေကတိုင်းရင်းသားလူငယ်တွေဟာ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
” လူငယ်တွေ စုံစုံလင်လင်ပါဖို့အတွက် အခြေခံယူဆချက်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု နေပြည်တော်ကောင်စီ အဖွဲ့နဲ့ဆို ၁၅ ဖွဲ့ ပါဝင်ပြီး NSPNC အနေနဲ့ EAO ၇ ဖွဲ့က လူငယ်ကိုယ် စားလှယ် ၁၄ ယောက်၊ နယ်စပ်ဒေသမှာရှိတဲ့ လူငယ်တွေကိုလည်း အဓိက ဖိတ်ကြားပြီးတော့ ဒီအခမ်းအနားကို ကျင်းပ တာ ဖြစ်ပါတယ်၊ အများကြီးမျှော်လင့်ပါတယ်၊ လူငယ်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှာ မဖြစ်မနေကို လိုအပ်တယ်၊ ဒီလူငယ်တွေဟာ တချိန်မှာ အသက်ကြီးလာမယ်၊ သူတို့တွေဟာ နိုင်ငံတည်ဆောက်ရေးအတွက် ကဏ္ဍအသီးသီးမှာ ပါဝင်ကြမယ်၊ ကျနော်တို့မှာ လက်ရှိ အဓိကလိုအပ်နေတာ ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေး အဲ့တော့ ငြိမ်းချမ်းရေးမှာ ဒီလူငယ်တွေ မဖြစ်မနေကို ပါဝင်ဖို့လိုတယ်၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေရုံတင်မကဘဲ လူငယ်တွေရဲ့ အားကို ရယူပြီး ငြိမ်းချမ်းရေးကဏ္ဍမှာ ပိုပြီးတော့ တိုးချဲလုပ်ဆောင်သွားဖို့ ဒီဖိုရမ်ကနေပြီးတော့မှ အကောင်ထည်ဖော် ဆောင်ရွက်သွားဖို့ စီမံနေပါတယ်” လို့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကို ဦးဆောင်ကျင်းပတဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပြောပါတယ်။
လူငယ်တွေရဲ့ အဓိက ဆွေးနွေးခဲ့တာတွေကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်နိုင်ဖို့နဲ့ ရှေ့ဆက်ပြီး နိုင်ငံတော်တည်ဆောက်ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ လူငယ်တွေပါဝင်နိုင်ရေး။ လူမှုရေး၊ ပညာရေး၊ ယဥ်ကျေးမှုလုပ်ငန်းတွေ မြှင့်တင်ပြီး လူမျိုးစုတွေအားလုံး အတူယှဥ်တွဲ နေထိုင်နိုင်ဖို့အတွက် ယဥ်ကျေးမှူဖလှယ်ခြင်း လူငယ်တွေရဲ့ ကျန်းမာရေးအပါအဝင် အား ကစား ကဏ္ဍတွေနဲ့အတူ လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြုပြင်နိုင်ဖို့နဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ။ စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်း စွန့်ဦးတီထွင်မှုတွေလုပ်ဆောင်ကြဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ နည်းပညာ နဲ့ပေါင်းစပ်လုပ်ကိုင်နိုင်မယ့် အစီအစဥ်တွေ။ သတင်း အချက် အလက် နည်းပညာရဲ့ သက်ရောက်မှုတွေနဲ့အတူ ညဏ်ရည်အတုဖြစ်တဲ့ AI နည်းပညာထူထောင်နိုင်ဖို့ ဆိုက်ဘာလုံခြုံမှု နဲအတူ လူမှုကွန်ယက်ကနေ သတင်းအမှားတွေကို လူငယ်တွေအပါအဝင် ပြည်သူကိုပြန်လည်ချပြနိုင်မယ့် အစီအစဥ်တွေကို တက်ရောက်လာတဲ့ လူငယ်တွေကဆွေးနွေးအဖြေရှာ ဖော်ထုတ်ခဲ့ကြတာပါ။
အဲ့ဒီဖော်ထုတ်တွေ့ရှိမှုတွေ စုစည်းပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဦးဆောင်ကော်မတီကို တင်ပြခဲ့ကြပါတယ်။
ကော်မတီက လူငယ်တွေရဲ့ ဉာဏ်ရည်နဲ့ အတွေးအခေါ် နည်းပညာ ကျွမ်းကျင်မှုတွေကို လက်ရှိဦးဆောင်ကော်မတီမှာ ပါဝင်နေကြပြီး NCA အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှပါဝင်ဆောင်ရွက်နေကြတဲ့ လူကြီးတွေက သူတို့ရဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်လက်တွဲခေါ်ယူပြီး တဆင့်ပြီးတစ်ဆင့် ပုခုံးပြောင်းတာဝန်ပေးအပ်မယ်ဆိုတဲ့အထိ ရည်ရွယ်ထားတဲ့အပြင် လူငယ်တွေအပေါ် ထိုက်သင့်တဲ့ယုံကြည်မှုတွေကို ဖော်ပြခဲ့ကြပါတယ်။
ဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ်က လူငယ်ကိုယ်စား လှယ်တဦးက ” ကျမ အနေနဲ့ ဒီဖိုရမ်ကိုတက်ရောက်ပြီး မတူညီတဲ့ တိုင်းရင်းသားဒေသကလာတဲ့ ညီအကို မောင်နှမတွေ နဲ့အတူ နိုင်ငံတော် အကြီးအကဲတွေ၊ ပညာရှင်တွေ၊ အသိပညာ ရှင်၊ အတတ်ပညာရှင်တွေ ဆီကနေ ကျမတိုနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ အသိပညာများစွာကို သင်ယူလေ့လာခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပီတိဖြစ်တယ်၊ ဆက်လက်ပြီးတော့လည်း ကျမပြည်နယ်ကို ပြန်ရောက်တဲ့အခါ freelance အနေနဲ့ ကိုယ်တက်နိုင်တဲ့ ဘက်ကနေ ပညာ ရေးကဏ္ဍ စီးပွားရေး၊ လူမှုရေးကဏ္ဍမှာ စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်သွားမှာ ဖြစ်ပါတယ် ” လို့ VOM ကိုပြောပါတယ်။
နိုင်ငံတော်အကြီးအကဲတွေနဲ့ ဖိုရမ်တက်ရောက်လာကြတဲ့ လူငယ်တွေရဲ့ အပြန်အလှန် ယုံကြည်မှုအရ လူငယ်တွေက သူတို့ဒေသပြန်ရောက်တဲ့အခါ ဒီဖိုရမ်မှာ အတူတကွ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ရရှိခဲ့တာတွေကို ပြန်လည်ဆင့်ပွား လုပ်ဆောင်ကြမယ်လို့ စိတ်အားထက်သန် နေကြပေမယ့် ဘတ်ဂျက်လိုအပ်လာမယ့်အချိန်မှာ သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးတွေနဲ့ နိုင်ငံတော်ဖက်က ဆောင်ရွက်ပေးဖို့ တင်ပြခဲ့တာလည်းတွေ့ရပါတယ်။
အဲ့ဒီ တင်ပြချက်နဲ့ ပတ်သက်လို့ ဖိုရမ်အပြီး ကျင်းပပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေရဲ့ထောက်ပြမေးမြန်းခဲ့တာကို လူမှုရေးဝန်ကြီး တစ်ဦးက ဆောင်ရွက်ပေးမယ့်ကတိစကားနဲ့အတူ သူကိုယ်တိုင် ဆောင်ရွက်ပေးလို့မရနိုင်တဲ့ ကိစ္စရပ်တွေကိုတော့ နိုင်ငံတော်အဆင့်အထိ တင်ပြလုပ်ဆောင်ပေးမယ်လို့ သတင်းမီဒီယာတွေကို ဖြေရှင်းပြောဆိုခဲ့ပါတယ်။
တဆက်တည်းမှာပဲ လူငယ်ကိုယ်စားလှယ် တစ်ယောက်ကလည်း အခုဖိုရမ်က ရရှိချက်တွေကို မိမိဒေသပြန်ရောက်ရင် တွေ့ဆုံခဲ့တဲ့လူငယ်ကွန်ယက်တွေနဲ့ စတင်အကောင်အထည်ဖော်ပြီး သုံးလတစ်ကြိမ်ပြုလုပ်မယ့် ဖိုရမ်မှာတင်ပြခြင်းနဲ့အတူ အခု နှစ်အကုန်လောက်ဖြစ်တဲ့ဖိုရမ်ရဲ့ သုံးလေးကြိမ်မြောက်လောက်မှာ ထိုက်သင့်တဲ့ အောင်မြင်မှုရရှိနိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိဦးဆောင်နေတဲ့ ကော်မတီအကြီးအကဲတွေရဲ့ အတွေ့အ ကြုံနဲ့ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ တိုင်းဒေသကြီး ပြည်နယ်တွေက ကျောင်းသား ကျောင်းသူတွေရဲ့ ဆွေးနွေး အကြံပြုမှုတွေကို တက်ရောက် အမှာစကားပြောကြားခဲ့တဲ့ နိုင်ငံတော်ရဲ့ ယာယီသမ္မတကတော့ လူငယ်တွေရဲ့ဆွေးနွေးခဲ့ကြတဲ့စကားသံတွေအပေါ်ကြေနပ်အားရမှုရှိတယ်လို့သိရပြီး နောက်ထပ်ဖိုရမ်တွေကို ဆက်လက်လုပ်ဆောင်ဖို့ မှတ်ချက်ပြုခဲ့တယ် ဆိုတဲ့အကြောင်းသိရပါတယ်။
ဒီဖိုရမ်ဟာ မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ကျင်းပတာ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ ဇန်နဝါရီ ၁၃ ရက်နေ့ ကစပြီး ဇန်နဝါရီ ၁၅ ရက်နေအထိ ၃ ရက်တိတိ ဆွေးနွေးပွဲတွေကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဒီ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဟာ (က) ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သောလူငယ်များ၏ဆောင်ရွက်ချက်များ အရေးကြီးသည်ကို ပေါ်လွင်စေရန်။( ခ ) အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်။ ( ဂ ) ငြိမ်းချမ်းသော အသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ ကျသောအခန်းကဏ္ဍကို ဖော်ထုတ်ရန်။(ဃ) တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့်တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များ ပိုမိုခိုင်မာလာစေရန်။( င ) ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ် စီမံချက်တစ်ရပ်ရေးဆွဲနိုင်ရေး အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏အကြံပြုချက်များ ပေါ်ထွက်လာစေရန်။ ( စ ) လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်း၍အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ် (YouthPolicy Paper) အား ရေးဆွဲတင်ပြနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ ဖိုရမ် အပြီးသတ်နေ့မှာတော့ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ ဝန်ကြီးဌာနကသူတွေ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကတာဝန်ရှိသူတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နယ်ပယ်အသီးသီးက ပညာရှင်တွေ တိုင်းဒေသကြီးပြည်နယ်တွေက လူငယ်တွေကို ညစာစားပွဲနဲ့တည်ခင်းဧည့်ခံခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW