အီရန်နဲ့ တင်းမာနေချိန် ကာတာရှိ လေတပ်အခြေစိုက်စခန်းမှ အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့ဝင်တွေ တစိတ်တပိုင်း ရွှေ့ပြောင်း

ဝါရှင်တန်၊ ဇန်နဝါရီ-၁၅-၂၀၂၆
ရတီ(VOM)
အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို နှိမ်နင်းမှုနဲ့ပတ်သက်ပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ အရေးယူရန် စဉ်းစားနေချိန်မှာ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ကာတာနိုင်ငံရှိ အယ်လ်-ယူဒိုက်လေတပ်အခြေစိုက်စခန်းရှိ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချနေသည်။
အမေရိကန်ရဲ့ တစိတ်တပိုင်း ဆုတ်ခွာမှုဟာ ကြိုတင်ကာကွယ်မှုအစီအမံ တခုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အစီအမံတွေဟာ လက်ရှိဒေသတွင်းတင်းမာမှုများကို တုံ့ပြန်တဲ့ အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ကာတာအစိုးရဲ့ ကြေညာချက်မှာ ပြောပါတယ်။
စစ်ဘက်ဝန်ထမ်းတွေကို ဖယ်ရှားတာနဲ့ ပတ်သက်ပြီး ကာတာအစိုးရက “အရေးပါတဲ့ အခြေခံအဆောက်အအုံတွေနဲ့ စစ်ဘက်အဆောက်အအုံတွေ ကာကွယ်စောင့်ရှောက်ရေးနဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေအပါအဝင် နိုင်ငံသားတွေနဲ့ ဒေသခံတွေ လုံခြုံရေး၊ ဘေးကင်းရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို ထိပ်တန်းဦးစားပေးအဖြစ် အကောင်အထည်ဖော်သွားပါမယ် ” လို့ ပြောပါတယ်။
လုပ်ငန်းလည်ပတ်မှုလုံခြုံရေးကြောင့် ဗြိတိန်မှ တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
အယ်လ်-ယူဒိုက်ဟာ အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး အမေရိကန်စစ်အခြေစိုက် စခန်းဖြစ်ပြီး တပ်ဖွဲ့ဝင်အပါအဝင် ဝန်ထမ်း တသောင်းခန့်နဲ့ ဗြိတိန်တပ်ဖွဲ့ဝင် ၁၀၀ ခန့် အခြေစိုက်ထားပါတယ်။ လက်ရှိမှာတော့ တပ်ဖွဲ့ဝင် ဘယ်လောက် ရုပ်သိမ်းတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အီရန်အစိုးရဆန္ဒ ပြသူတွေကို သတ်ဖြတ်ပါက အမေရိကန်ဟာ အီရန်အပေါ် အလွန်ပြင်းထန်တဲ့ အရေးယူမှု ပြုလုပ်မယ်လို့ ဒေါ်နယ်ထရန့်က သတိပေးခဲ့ပြီး အမေရိကန် တိုက်ခိုက်ခံရပါက လက်စားချေမယ်လို့ အီရန်ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
အီရန်ရှိ သံရုံးတွေကိုလည်း ပိတ်ထားပြီး အဝေးမှ လည်ပတ်နေပါတယ်။ ဒိုဟာရှိ အမေရိကန်သံရုံးကတော့ သူ့ရဲ့ ဝန်ထမ်းတွေကို သတိထားမှုတိုးမြှင့်ဖိုနဲ့ အယ်လ်-ယူဒိုက်လေတပ်စခန်းကို မရှိမဖြစ်မဟုတ်တဲ့ ခရီးသွားလာမှုတွေကို ကန့်သတ်ဖို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ အီရန်ဟာ ကြာသပတေးနေ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၅ မိနစ်ကစပြီး လေယာဉ်ခရီးစဉ်အားလုံးနီးပါးအတွက် လေပိုင်နက်ကို ပိတ်လိုက်ကြောင်း သိရပါတယ်။
ပိတ်ဆို့မှုကို ကနဦးမှာ နှစ်နာရီကြာမယ်လို့ စီစဉ်ထားပေမယ့် နောက်ပိုင်းမှာတော့ ဒေသစံတော်ချိန် ည ၈ နာရီအထိ တိုးမြှင့်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ Air India နဲ့ ဂျာမနီ Lufthansa အပါအဝင် လေကြောင်းလိုင်းအများအပြားကတော့ အီရန်နိုင်ငံတဝန်းရှိ လေယာဉ်ခရီးစဉ်တွေကို လမ်းကြောင်းပြောင်းလဲမယ်လို့ ကြေညာခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ အီရန်အာဏာပိုင်တွေ မကြာသေးမီက အကြမ်းဖက်နှိမ်နင်းမှုမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူ ၂၄၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
Ref:BBC
Photo: TSGT Scott Reed, USAF

Related posts

Leave a Comment

VOM News

FREE
VIEW