ကျပ်သိန်းရာဂဏန်း စံချိန်သစ်နဲ့ မြန်မာ့ရွှေဈေး

ဇန်နဝါရီ ၂၁ – ၂၀၂၆
SS (VOM)
စံချိန်သစ်တွေ ထပ်ဆင့်တင်နေဆဲ ကမ္ဘာ့ရွှေဈေးနဲ့အတူ ဒီကနေ့ မြန်မာ့ရွှေဈေးဟာလည်း ကျပ် သိန်း ၁၀၀ ကျော်ကို ရောက်ရှိလို့လာနေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ မကြုံစဖူး ဈေးနှုန်းတွေနဲ့ တက်ရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ နာရီပိုင်းအတွင်းမှာတင် ဈေးနှုန်းအပြောင်းအလဲတွေ မြန်ဆန်နေတာပါ။ ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်မှာတော့ စံချိန်တင် အမြင့်ဆုံးဈေး ၄၈၀၀ ကျော်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ရွှေဈေးနှုန်း လေ့လာ စောင့်ကြည့်သူတွေကတော့ ကမ္ဘာ့ရွှေဈေးဟာ ကမ္ဘာ့နိုင်ငံရေး ပဋိပက္ခအခြေအနေတွေကြား ဆက်လက် မြင့်တက်နိုင်ခြေ ရှိနေသေးတယ်လို့ သုံးသပ်ကြပါတယ်။ လက်ရှိအနေအထားဟာ ကမ္ဘာ့ရွှေ တအောင်စ ဒေါ်လာ ၅၀၀၀ ဘက်ကို ခြေလှမ်းပြင်နေတာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့စကစလို့ တအောင်စ ဒေါ်လာ ၃၀၀၀ ကျော်ကို ပြောင်းလဲ ရောက်ရှိလာတာဖြစ်ပါတယ်။ အတက်အကျ အပြောင်းအလဲ များစွာ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာတော့ တအောင်စ ‌ဒေါ်လာ ၄၀၀၀ ကျော်ကို ထပ်ဆင့်ပြောင်းလဲ မြင့်တက်လာခဲ့ပါတယ်။
အခုရက်ပိုင်းထဲမှာတော့ ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်းကျွန်းနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ သတိပေး ပြောဆိုမှုတွေက ကမ္ဘာ့ရွှေဈေးကို တရှိန်ထိုး မြင့်တက်လာစေဖို့ တွန်းအားတွေ ဖြစ်ခဲ့ပြန်ပါတယ်။
ဂရင်းလန်းကျွန်းအပေါ် ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှား ရှင်းထုတ်ပစ်ဖို့ အချိန်တန်ပြီလို့ ထရမ့်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသား ပြောဆိုခဲ့တာပါ။ ဒီကျွန်းနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ သဘောထားမတူညီတဲ့ နိုင်ငံတွေကို သွင်းကုန်ခွန်တွေ တိုးမြှင့် ကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ထရမ့်ရဲ့ အဲဒီလို အသိပေး ပြောဆိုမှုအပြီးမှာတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ ရွှေကို အရင်ကထက်ပိုပြီး ဝယ်ယူ စုဆောင်းမှုတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီနေ့ ညနေပိုင်းမှာပဲ ကမ္ဘာ့ရွှေစျေးဟာ တအောင်စ ၄၆၈၉ ဒေါ်လာကို ထပ်မံ စံချိန်ချိုး ရောက်ရှိသွားပြန်တာပါ။ ဒီကနေ့မှာတော့ တအောင်စ ၄၈၆၄ ဒေါ်လာကို ရောက်ရှိနေပါတယ်။
ကမ္ဘာ့ရွှေဈေးကြောင့် ကျွဲကူးရေပါ ဆိုသလို မြန်မာ့ ရွှေဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အခေါက်ရွှေ တကျပ်သားဈေး ၁၀၂ သိန်းကျော်အထိ ရောက်ရှိနေပြီး အမြင့်ဆုံး စံချိန်သစ် ၁၀ သန်းမှတ်တိုင်ကို ကျော်ဖြတ်သွားပါပြီ။
ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) မှ တာဝန်ရှိသူတယောက်က “ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေး လိုက်တက်လို့ တက်တာပဲ ရှိပါတယ်။ ကျန်တာကတော့ အရောင်းအဝယ်တော့ မဖြစ်ပါဘူး။ အေးအေးဆေးဆေးပါပဲ။ ဆိုင်တွေ တော်တော်များများကလည်း ကမ္ဘာ့ဈေး မငြိမ်တဲ့အတွက် အရောင်းအဝယ်တွေ ရပ်ထားကြပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံကနေစလို့ တူရကီအထိ နိုင်ငံတိုင်းရဲ့ ဗဟိုဘဏ်တွေဟာ အခုလို မရေရာတဲ့အခြေအနေတွေမှာ သူတို့ရဲ့ အရန်ငွေပမာဏကို ကာကွယ်ဖို့ ရွှေတွေကို အများအပြား ဝယ်ယူနေကြတတာ ဖြစ်ပါတယ်။ ဒါအပြင် ရင်းနှီး မြှုပ်နှံသူတွေဟာလည်း ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်တဲ့ကာလတွေ၊ စစ်ပွဲတွေ၊ ကုန်သွယ်ရေး ပြဿနာတွေလိုမျိုး အခြေအနေတွေမှာ စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတခု အနေနဲ့ ရွှေကို ဝယ်ယူလာကြတယ်လို့ သိရပါတယ်။
“အခုရွှေဈေးကလည်း အမေရိကန်သမ္မတက တခုပြောလိုက်၊ ဈေးက တက်သွားလိုက် ဖြစ်နေတာ။ အခုသူက အခွန်တွေဘာတွေ ကောက်မယ်ပြောလိုက်တော့ ဂယက်ရိုက်သွားတာပေါ့။ အရောင်းအဝယ်တွေက အခွန်တွေ တိုးလိုက်ရင် ရှုံးမယ်ဆိုတော့ အကုန်လုံး ရွှေပဲစုပြီး ဝယ်ကြတော့တာကိုး။ နိုင်ငံတကာ ဘဏ်အားလုံးကလည်း ရွှေပြန်ကိုင်တဲ့သဘော ရှိတယ်။ ကမ္ဘာ့‌ဈေးကျရင်တော့ ပြည်တွင်းဈေးလည်း ပြန်ကျသွားမှာပါ” လို့ YGEA ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းကစလို့ အတက်အကျ ကြမ်းခဲ့ပြီး ဈေးကွက် တည်ငြိမ်မှုမရှိ ဖြစ်ခဲ့တာပါ။ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့၊ ကမ္ဘာ့ရွှေဈေး တအောင်စ ဒေါ်လာ ၄၅၀၉ ဝန်းကျင် ရောက်ရှိစဉ်အချိန်ကလည်း ပြည်တွင်းရွှေဈေးဟာ ၉၅ သိန်းဝန်းကျင် ဈေးတန်းကို ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် ရွှေဈေးနှုန်းတွေ ဆက်တိုက်ဆိုသလို မြင့်တက်ခဲ့တာမှာ ဇန်နဝါရီ ၁၃ ရက်နေ့ ကမ္ဘာ့ရွှေဈေး တအောင်စ ဒေါ်လာ ၄၅၉၈ ဝန်းကျင်ကို ရောက်ရှိချိန် ပြည်တွင်းရွှေဈေး ကျပ် ၉၇ သိန်းဝန်းကျင်ကို ထပ်မံ စံချိန်ချိုး မြင့်တက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေး တအောင်စ ဒေါ်လာ ၄၆၃၄ ဝန်းကျင်ကို ရောက်ရှိခဲ့တဲ့အတွက် ပြည်တွင်းရွှေဈေး တကျပ်သား ကိုးဆယ့်ကိုးသိန်း နှစ်သောင်း ဝန်းကျင်ကို ထပ်မံ စံချိန်ချိုး မြင့်တက်ခဲ့ပါတယ်။
လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “ရွှေဈေးက အရမ်းကို အတက်ကြမ်းနေတယ်။ ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးပေါ်မှာ မှီခိုနေတာဖြစ်ပေမယ့် အခုတက်နေတဲ့ အဓိက အကြောင်းရင်းက ကမ္ဘာ့ဈေး တက်လို့ပါ။ လက်ရှိမှာ မြန်မာတင်မကဘူး။ တကမ္ဘာလုံးမှာ ရွှေစျေး တက်နေတာ။ ဆိုတော့ ဈေးကွက် ထိန်းမယ်ဆိုရင်တောင် ထိန်းလို့မလွယ်လောက်ဘူး” လို့ သုံးသပ် ပြောဆိုပါတယ်။
ဈေးကွက် မှတ်တမ်းတွေအရ ပြည်တွင်းရွှေဈေးဟာ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့က ကျပ် ကိုးဆယ့်တသိန်း နှစ်သောင်းဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ရက်ပေါင်း ၂၀ ကျော်ကာလအတွင်း ကျပ် ၁၀ သိန်းကျော် မြင့်တက်လာခဲ့တာပါ။ ရန်ကုန်တိုင်း ရွှေဈေးအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးနဲ့ နှိုင်းယှဉ်ရင်တော့ ကျပ် သိန်း ၄၀ ကျော် ကွာဟနေတာကို တွေ့ရပါတယ်။
“ရွှေဈေးက ဆက်တက်နိုင်ခြေ ရှိလားဆိုတော့ ကမ္ဘာ့နိုင်ငံရေး လတ်တလော အခြေအနေတွေအရ တက်နိုင်တယ်လို့ပဲ ဖြေရမှာပဲ။ အချိန်တိုအတွင်းမှာရော၊ ရေရှည်မှာပါ ရွှေဈေး ဆက်ပြီး တက်နိုင်ခြေရှိပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုတွေ၊ ဒေါ်လာအစား ရွှေကို ပိုင်ဆိုင်ဖို့ လိုလားမှုတွေ စတဲ့ အချက်တွေကြောင့် ရွှေဟာ ရေရှည်အတွက် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ရှိနေဦးမှာပါ” လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
ရွှေဈေးမြင့်တက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ငွေကြေးဖောင်းပွမှုကလည်း တခု အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ ငွေကြေးဖောင်းပွမှု များလာတဲ့အခါမှာ ငွေကြေးတန်ဖိုးက ကျဆင်းလာတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကို ကာကွယ်ဖို့အတွက် ရွှေလိုမျိုး ပိုင်ဆိုင်မှုတွေကို ဝယ်ယူလာကြတယ်လို့ ဆိုပါတယ်။
ဒါအပြင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုကလည်း ရွှေဈေးနှုန်းကို မြင့်တက်လာစေတယ်လို့ သူက ပြောပါတယ်။ ရွှေကို အမေရိကန်ဒေါ်လာနဲ့ ဈေးသတ်မှတ်တာဖြစ်လို့ ဒေါ်လာတန်ဖိုး ကျဆင်းလာတဲ့အခါ တခြားနိုင်ငံတွေက ဝယ်ယူသူတွေအတွက် ရွှေကို ဈေးသက်သာစွာ ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့် ဝယ်လိုအားပိုများလာပြီး ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“နောက်တချက်က ဗဟိုဘဏ်တွေက အတိုးနှုန်း လျှော့ချနိုင်ခြေရှိတာမျိုး ဆိုရင်လည်း ရွှေဈေး မြင့်တက်နိုင်ပါတယ်။ အမေရိကန် ဗဟိုဘဏ် (Federal Reserve) က အတိုးနှုန်းကို လျှော့ချနိုင်တယ်လို့ မျှော်လင့်ရတဲ့အခါ ရွှေကို ရင်းနှီးမြှုပ်နှံဖို့ ပိုဆွဲဆောင်မှု ရှိလာပါတယ်။ အတိုးနှုန်း မြင့်တက်နေတဲ့အခါမှာတော့ လူတွေက ရွှေကို ရွေးချယ်မယ့်အစား အတိုးနှုန်းရတဲ့ ဘဏ်အကောင့်တွေ၊ ငွေချေးစာချုပ်တွေလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေကို ပိုစိတ်ဝင်စားကြတယ်” လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူက သုံးသပ် ပြောဆိုပါတယ်။
ပြည်တွင်းရွှေဈေး မြင့်တက်မှုကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေစပြီး နှစ်အလိုက် ပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၂၁ ခုနှစ်အတွင်းမှာ ကျပ် ဆယ့်ခုနစ်သိန်း ရှစ်သောင်းဝန်းကျင်၊ ၂၀၂၂ ခုနှစ်မှာ ကျပ် နှစ်ဆယ့်ရှစ်သိန်းဝန်းကျင်၊ ၂၀၂၃ ခုနှစ်မှာ ကျပ် သုံးဆယ့်ခုနစ်သိန်း တသောင်းငါးထောင်ဝန်းကျင်၊ ၂၀၂၄ ခုနှစ်မှာ ကျပ် ခြောက်ဆယ့်တသိန်းဝန်းကျင်၊ ၂၀၂၅ ခုနှစ်မှာ ကျပ်သိန်း ကိုးဆယ် နှစ်သောင်းဝန်းကျင် အတက်ရှိခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်မှာ တနှစ်ကို သိန်း ၃၀ ဈေးတက်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အခု ၂၀၂၆ ခုနှစ်အတွင်းမှာ ဘယ်လောက် ပမာဏအထိ မြန်မာ့ရွှေဈေးနှုန်း မြင့်တက်လာနိုင်ခြေ ရှိနိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုတွေ၊ ဒေါ်လာအစား ရွှေကို ပိုင်ဆိုင်ဖို့ လိုလားမှုတွေကြောင့် ရွှေဟာ ရေရှည်အတွက် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် ဆက်လက် ရှိနေဦးမှာပါ။ ။
Photo – Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW